
မဆလခေတ် အခမ်းအနားမှူး
အခမ်းအနားတွေအကြောင်းပြောတော့အသိတယောက်ပြောပြခဲ့တဲ့ အခမ်းအနားတခုကို သတိရတယ်။ မဆလပါတီ ခေတ်က ပါတီတင်းပြည့်ဆိုရင်တခြားပါတီဝင်တွေထက် လူတယောက်က ၀ါကြီးနေတာ။ မြို့နယ် မဆလ ပါတီမှာလည်း သူက အဆင့်ကြီးကြီးရနေလေရဲ့။ရန်ကုန်တိုင်းထဲက မြို့နယ်တခုမှာ အဲဒီလို ပါတီတင်းပြည့် တယောက်က တခြားပါတီဝင်တွေထက်ဝါကြီးနေတော့ အခမ်းအနားမှူးအနေနဲ့ တင်မြှောက်ခံရတယ်။ သူကလည်း အရင်က ဘာမှလုပ်ဖူးတာမဟုတ်။အခမ်းအနားမှူးလုပ်ဖို့ကလည်း မဖြစ်မနေလုပ်ရမယ်လို့ တာဝန်အပေးခံရတော့ တခြားလူတွေကိုအကြံဥာဏ်တောင်းရတော့တယ်။ပါတီထဲက မိတ်ဆွေတွေထဲက တယောက်က “ခင်ဗျားဗျာ.. ဘာခက်တာမှတ်လို့။ စင်ပေါ်ရောက်ရင် အောက်ကထိုင်နေတဲ့ကောင်တွေက ခင်ဗျားပြောတာကိုဘဲ နားထောင်ရမှာ။ အဲဒီတော့… နံပါတ်တစ် အချက်အနေနဲ့ စင်ပေါ်ရောက်ရောက်ချင်း အောက်ကကောင်တွေက ဘာမှမဟုတ်ဘူးဆိုတာကို စဉ်းစားလိုက် ပြီးမှ ခင်ဗျားပြောစရာ၊ လုပ်စရာရှိတာ ဆက်လုပ်သွား… ရပြီ” လို့ အကြံပေးလိုက်တယ်။
အဲဒါနဲ့ အခမ်းအနားလုပ်မယ့်နေ့ကိုရောက်လာပါလေရော။သူကလည်း သူ့မိတ်ဆွေပါတီဝင်တွေအကြံပေး တဲ့အတိုင်း ပြင်ဆင်လေ့ကျင့်ပြီး စင်ပေါ်ရောက်လာတယ်။မိုက်ကရိုဖုန်းရှေ့ကိုရောက်လာပြီး အောက်ကို လှမ်းကြည့်လိုက်တော့ ရှေ့ဆုံးတန်းမှာ အပွင့်တွေအခက်တွေဗျောက်သောက်နဲ့ထိုင်နေကြတဲ့ စစ်တပ် အရာရှိတွေ၊ ခေါင်းပေါင်းတွေဆောင်းထားတဲ့ ဂုဏ်သရေရှိတွေကိုဘွားကနဲမြင်ရတယ်။ စိတ်ထဲမှာ နဲနဲ တော့ တွန့်သွားတယ်။ သူကလည်း ဘယ်ရမလဲ။ သူငယ်ချင်းတွေသင်ထားတာကိုသတိရပြီး။ “အောက်က လာနားထောင်နေတဲ့ကောင်တွေက ဘာကောင်တွေမှမဟုတ်ဘူး” လို့ တိုးတိုးအသံထွက်ပြီးကိုယ့်ကိုယ် ကိုယ် ရဲဆေးတင်လိုက်တာပေါ့။ ဒါပေမယ့် အဲဒီအသံကြီးက မိုက်ကရိုဖုန်းထဲဝင်သွားတော့ဆောင်း ဘောက်တွေကနေ အကျယ်ကြီးပြန်ထွက်လာတယ်။ အောက်ကဆရာတွေလည်း တယောက်ကို တယောက် ပြူးတူးပြဲတဲကြည့်ပြီး အပေါ်ကငနဲက ဘာလဲပေါ့။ အခမ်းအနားမှူးကတော့ သတိမထားမိ လိုက်ဘူး။ ကိုယ့်ကိုယ်ကိုယ်အတော်လေးဟုတ်လှပြီ ထင်သွားတယ်။
နောက် သူက အခမ်းအနားခုံပေါ်ကစာရွက်ကိုငုံ့ကြည့်ပြီး အခမ်းအနားအစီအစဉ်တွေကို ဆက်ကြေငြာ တယ်။ “ပထမအစီအစဉ်အရ အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်းအစီအစဉ်ဖြစ်တဲ့အတွက်…အခမ်း အနားကိုစတင်ဖွင့်လှစ်ကြောင်း… ကြေငြာအပ်တယ်ခင်ဗျား”… “ဖြောင်းဖြောင်းဖြောင်းဖြောင်း…”လူတွေ ဘယ်လောက်များသလဲလို့ လက်ခုတ်သံစဲအောင် မနဲစောင့်ရသေးတယ်။ သူ… ကြေနပ်သွားတယ်။
“ကျနော်တို့ ယနေ့ကြွရောက်လာကြတဲ့နိုင်ငံတော်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိ ကြီးများ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှတင်းပြည့်ပါတီဝင်များနှင့် ပါတီဝင်ရဲဘော်များ၊ ဖိတ်ကြားထားသည့် အဖွဲ့ အစည်းအသီးသီးမှဝမ်းထမ်းများနှင့် ဧည့်သည်တော်များခင်ဗျား….. အခမ်းအနားအစီအစဉ်များကို အောက်ပါအတိုင်းကျင်းပသွားမှာဖြစ်တဲ့အကြောင်း၊ ကြေငြာအပ်ပါတယ်ခင်ဗျား…” အခမ်းအနား အစီ အစဉ်တွေကိုဖတ်ကြားသွားပြီးတော့သူက“ကျနော်တို့ ယနေ့အခမ်းအနားရဲ့ ပထမဆုံး အစီအစဉ်အရ… နိုင်ငံတော်အလံကိုအလေးပြုချင်းအစီအစဉ်နှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုချင်းအစီအစဉ်ကို တပေါင်းတည်းကျင်းပသွားမှာဖြစ်တဲ့အတွက်ကြွရောက်လာကြတဲ့ ပရိတ်သတ် များအားလုံး ခေတ္တမတ်တပ်ထပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား….”ပရိတ်သတ် တွေက မတ်တပ်ထရပ်ကြတယ်တဲ့။ သူက လေ့ကျင့်ထားတဲ့အတိုင်း မိုက်ကရိုဖုန်းကိုဖြုတ်ပရိတ်သတ်ကို ကျောပေး ပြီး “သတိ…” ဆိုတဲ့အသံကြီးထွက်လာတော့ ပရိတ်သတ်လည်း အမြန် သတိဆွဲကြရတာပေါ့။အဲဒီနောက် ၀ဲယာအနှံ့ တပ်ဆင်ထားတဲ့ ဆောင်းဘောက်တွေထဲက သူ့ရဲ့ အောင်မြင်တဲ့အသံကြီးထွက်လာတယ်။
“ကျဆုံးလေပြီးသောပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အလံအား… အလေး…. ပြု” တဲ့။
အောက်ကလူတွေလည်းဒုက္ခပါဘဲ ဘယ်မအေပေးကို စင်ပေါ်တင်ပေးလိုက်ပါလိမ့် ဆိုပြီး ဘေးဘီကို ဘာလုပ်ရမှန်းမသိတော့လို့လိုက်ကြည့်ကြတော့ခေါင်းငုံ့ပြီး အလေးပြုတဲ့သူကပြု၊ ယူနီဖောင်းနဲ့ နဖူးပေါ် လက်တင်ပြီးအလေးပြုလုပ်နေတဲ့လူတွေကလည်းအလေးပြု လုပ်နေပြီဆိုကြတော့ သူတို့လဲ ၀တ်လာတဲ့ အ၀တ်အစားအပေါ်မူတည်ပြီး နဖူးပေါ်လက်တင်တဲ့သူတင်၊ကုန်းတဲ့လူကုန်း လိုက်လုပ်ကြရတော့တယ်။
သုံးလေးမိနစ်ကြာသွားပြီ…။လူတွေက အဲဒီအတိုင်းဆက်နေရတယ်။ ဖြစ်ပုံက အခမ်းအနားမှူးက အဲဒါလုပ် ပြီး ဘာဆက်ပြောရမယ်ဆိုတာကိုမေ့နေလို့။အလေးပြုတန်းလန်းဖြစ်နေတဲ့လူတွေကလည်း မသိမသာ တယောက်နဲ့တယောက် ကြည့်ပြီး ဘာဖြစ်နေတာလဲပေါ့။အမိန့်က ထပ်ထွက်မလာသေးတော့ ငုံ့နေတဲ့လူ တွေကလည်း ပြန်မတ်လို့မရ၊ နဖူးပေါ်လက်တင်အလေးပြုနေတဲ့အရာရှိတွေလည်း လက်ပြန်ချလို့မရ ဖြစ် နေတာပေါ့။ အခမ်းအနားမှူးက ဘာဆက်ပြောရမယ်မမှတ်မိတဲ့အတူတူတခုခုနဲ့ ရောချမှရမယ်လို့ သဘော ပေါက်လိုက်တယ်။ အမှန်က “နေမြဲ” ဆိုရင် လူတွေက မူလအတိုင်းပြန်မတ်လို့၊ နဖူးပေါ်ကလက်တွေ ပြန်ချ လို့ရပြီလေ။ သူ့မှာက ငယ်ငယ်ကတည်းက ဘင်ခရာသင်တန်းတို့၊လမ်းစဉ်လူငယ်သင်တန်းတို့ တက်ခဲ့တာ လည်းမဟုတ်တော့ အခြေခံစစ်ရေးပြအတွေ့အကြုံရှိတာမဟုတ်ဘူး။လက်ပူတိုက်သင်လာပြီး စဉ်ပေါ် ရောက်မှ မမှတ်မိတော့တာ။ အဲဒီတော့ မိုက်ကရိုဖုန်းထဲကနေ အခမ်းအနားမှူးက“တော်လောက်ပြီ…” တဲ့။ ခုန ကုန်းနေကြတဲ့လူတချို့ ခပ်တည်တည်နဲ့ ပြန်မတ်သွားတယ်။ ယူနီဖောင်းသမားတွေတချို့လည်းနဖူးပေါ်ကလက်ချလိုက်ကြတယ်။ အဲ… ကျန်နေတဲ့လူတွေလည်း တယောက်နဲ့တယောက် မျက်ရိပ်ပြပြီး သူတို့လိုလိုက်လုပ်ကြရတယ်တဲ့။
သူလုပ်တာမှန်သားဘဲ။နိုင်ငံတော်အလံအလေးပြုတာနဲ့ ကျဆုံးလေပြီးသောအာနည်များကိုအလေးပြုချင်း အစီအစဉ်ကို တပေါင်းတည်းကျင်းပသွားမယ်ဆိုတဲ့အတိုင်းတပေါင်းတည်း လုပ်သွားတာပဲလေ။ ဒါပေမယ့် လည်း အဲဒီအခမ်းအနားလည်းပြီးရော သူ… ပြုတ်သွားရှာတယ်တဲ့။စိတ်မကောင်းစရာ….
ကို့ယို့ကားယားများ
အဖေက ကျနော်ငယ်ငယ်ကသူ့သူငယ်ချင်းအတွက် မိန်းမ၀ိုင်းခိုးပေးရတဲ့အကြောင်းပြောပြဖူးတယ်။ ဖြစ်ပုံ က သူတို့သူငယ်ချင်းကမိန်းမခိုးမယ်လို့တိုင်ပင်တော့ အားလုံး ၀ိုင်းပြီးစီမံချက်ဆွဲကြတယ်။ ဂျစ်ကားရှာမယ့်လူက ရှာပြီး ကားနဲ့မောင်းလာ၊ အမျိုးသမီးက အထုတ်အပိုးနဲ့ အိမ်ကတိတ်တိတ်ထွက်…၊ ကားပေါ်အမြန်တင်… ပြီးရင် မိန်းမခိုးမယ့်လူက အိမ်ရှေ့မှာဆင်းစောင့်၊ ပဲခူးဘက်ကို မောင်းပြေးပေါ့လေ။အားလုံး အစီအစဉ်အတိုင်း ခိုးရမယ့် အမျိုးသမီးအိမ်ရှေ့ကို သွားကြတယ်။ သတို့သားကတော့တခါတည်းခေါ်ခဲ့လို့ မဖြစ်ဘူး။ နောက်မှသွားခေါ်မယ်ပေါ့။
အမျိုးသမီးကလည်းကားသံကြားတာနဲ့ စောင်ပါးလေးခေါင်းမြီးခြုံပြီးထွက်လာတယ်။ သူငယ်ချင်းတအုပ် အထုတ်အပိုးကူသယ်တဲ့သူကသယ်။ သတို့သမီးကို ကားပေါ်အမြန်ရောက်အောင် လမ်းပြတဲ့သူက ပြနဲ့ အဆင်ချောနေလေရဲ့။ အဖေတို့သူငယ်ချင်းတသိုက်သတို့သားအိမ်ရှေ့ရောက်တော့ ဟိုမိန်းမခိုးမယ့် လူကို မတွေ့ရဘူး။ အမျိုးသမီးကိုလည်း ကားပေါ်မှာခဏစောင့်။ကျနော်တို့ သွားခေါ်ခဲ့မယ်ဆိုပြီးသာ ထားခဲ့ရ တယ်။ လူတွေက မကြည်ဘူး။ မိန်းမခိုးမယ့်ကောင်ဘယ်ပျောက်နေလဲပေါ့လေ။
သတို့သားအိမ်ရှေ့ကနေအပေါ်က သတို့သားအိပ်တဲ့အိပ်ခမ်းတံခါးကိုမော့ကြည့်တော့ တံခါးကပိတ်ထား တယ်။ အဲဒါနဲ့ အသံတိုးတိုးနဲ့ခေါ်ကြည့်တယ်။အပေါ်က ဘာမှတုန့်ပြန်မလာဘူး။ အဲဒါနဲ့ ခဲလုံးသေးသေး တွေကိုကောက်ပြီး ပြူတင်းပေါက်တံခါးကိုပေါက်ကြတယ်။ စိတ်မရှည်တဲ့တယောက်က ခပ်ကြီးကြီးခဲလုံး တလုံးနဲ့ တံခါးကိုပေါက်လိုက်မှတံခါးပွင့်လာတယ်။ လားလား… အပေါ်မှာ အိမ်ချင်မူးတူးနဲ့ မိန်းမခိုးမယ့် သူတို့သူငယ်ချင်းကိုပြူတင်းတံခါးဝကနေ တွေ့လိုက်တယ်။ သတို့သားလောင်းက “ဘာလဲ”…. တဲ့။ အောက်က အကုန်လုံး ဒေါကန်ကန်နဲ့သူ့ကိုဆင်းလာအောင် လက်ဟန်ခြေဟန်ပြပြီး အောက်ရောက် တော့မှ ၀ိုင်းဆဲကြတယ်တဲ့။ အဲဒီတော့မှသူက “ဟာ…. ဆောရီးကွာ… ငါမေ့သွားလို့” လို့ဆိုပြီး ထလိုက်လာတယ်တဲ့။ အဖေ က အဲဒီအဖြစ်ကိုခဏခဏ ပြန်ပြောပြပြီး ဒီကောင်သာ လိုက်မလာရင် ငါတို့တအုပ်လုံး အဲဒီခိုးလာတဲ့ မိန်းမတယောက်နဲ့ မနက်ဘယ်လို ဆက်စခန်းသွားရမယ်မသိဘူးတဲ့။သူ့ရဲ့ အဲဒီသူငယ်ချင်းတို့ မိသားစုအိမ် ကို ကျနော်တို့ရောက်တဲ့အခါတိုင်း “သားကြီး အဲဒီမှာကြည့်ထားမင့် ဦးဦးယူထားတာ အဖေတို့ခိုးလာပေးခဲ့ တဲ့ မိန်းမ” တဲ့…။
လူ့ဘ၀ထဲမှာ ဒီလိုကိုယ့်ရို့ကားယားတွေဖြစ်တတ်တယ်။ဒါတွင်… ဘာကဦးမလဲ… ကျနော်တို့ အဖွဲ့ပေါင်းစုံ အင်္ဂလိပ်စာ သင်တန်းကို ကေအင်န်ယူ တပ်မဟာ(၇) ပေါ့ပါးထဒေသမှာလုပ်တော့ အဲဒီ အင်္ဂလိပ်စာ သင်တန်းကို နိုင်ငံတကာအင်္ဂလိပ်စာကျောင်းကအင်္ဂလိပ်ဆရာတွေငှားပြီး သင်ပေးတယ်။ ကျနော်တို့ အတွက် တကယ့်ကို နိုင်ငံခြားသားတွေနဲ့တိုက်ရိုက် အင်္ဂလိပ်စာလေ့ကျင့်သင်ယူနှိုင်တဲ့အစီအစဉ်ပါဘဲ။ အဲ ဒီသင်တန်းတက်နေတုန်း တခါအင်္ဂလိပ်လူမျိုးသင်တန်းဆရာက မင်းတို့ အာဖရိကလိုလိုဘာလိုလို ဆွာဟီးလီးစကားတွေ (မြန်မာ၊ကရင် နဲ့ အခြားတိုင်းရင်းသားစကား) ကို သင်တန်းမှာ ပြောတာတွေ့ရင် တခွန်းကို ၁ ဘတ် ဒဏ်တပ်မယ်တဲ့…။သင်တန်းက ဒီမိုကရေစီရေးလှုပ်ရှားနေကြတဲ့အဖွဲ့တွေတွင်မဟုတ် ဘူး တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံကတိုင်းရင်းသား ညီအကိုမောင်နှမတွေပါ ပါတယ်လေ။ အဲဒါနဲ့ ကျောင်းသားတွေအကုန်လုံး လမ်းမှာတယောက်နဲ့တယောက်တွေ့ရင် ကိုယ့်ဘာသာစကားအစား… အင်္ဂလိပ်လို “Hi! How are you?” ဘာညာ ပြောတတ်သလောက်ကြံဖန်ပြောကြရတယ်။
အဲဒီရက်ထဲ… တရက်ညနေပိုင်း ကျောင်းအားချိန်မှာ အသက်ကြီးကြီး ကရင်ကျောင်းအုပ် ဆရာကြီးဖြစ်တဲ့ ဆရာကြီးတာမလာက သောင်ရင်းချောင်းစပ်မှာ အ၀တ်လျှော်နေတဲ့အချိန် ကျနော်တို့အဖွဲ့က ရဲဘော် သူငယ်ချင်းနိုင်ဝင်းက ရေဆင်းကူးရင်း ကြွက်တက်ပြီး ရေနစ်တယ်။ ရေထဲမှာ မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့နိုင်ဝင်းက ကမ်းစပ်က ဆရာကြီးကို သူရေပေါ်ပေါ်လာတဲ့အချိန် ၂ ခါ သုံးခါလောက် လှမ်းအကူအညီတောင်းတယ်။ “Help!!! Help!!!” ကယ်ကြပါလို့ အင်္ဂလိပ်လိုပြောတာလေ။ ဒါပေမယ့် ဟိုဆရာကြီးကသူ့ကို ဟိုလူ လာနောက်နေတယ်ထင်တယ်။ နောက်တော့ စုံးစုံးမြုတ်သွားတော့မှ ဟ… ဒါ ငါ့ကိုနောက်နေ တာတော့မဟုတ်လောက်ဘူး။ တကယ်ရေနစ်နေတာထင်တယ်ဆိုပြီး။ ကျန်တဲ့လူတွေကို အကူအညီတောင်းမှ လှေနဲ့ သွားဆယ်ကြရတယ်။ သူလည်း ကံကောင်းလို့ဘဲ။
နိုင်ဝင်းအပေါ်ရောက်လို့သတိရတော့ အားလုံးက၀ိုင်းမေးတော့မှ သူရေနစ်နေတုန်း ဆရာက အင်္ဂလိပ်လိုဘဲ ပြောကြရမယ်ဆိုတာကိုသတိရလို့ အင်္ဂလိပ်လို ကမ်းစပ်က ဆရာကြီးကို အကူအညီတောင်းတာတဲ့။ သေ ဘေးကြုံနေရတာတောင်…ဆရာကိုလေးစားတာလား။ ပိုက်ဆံ ၁ ဘတ်ပေးရမှာစိုးတာလား။ အင်္ဂလိပ်စာ လေ့ကျင့်နေတာလား မသိတဲ့ဒီသူငယ်ချင်းကို ကျန်တဲ့လူတွေအကုန်လုံး ၀ိုင်းဆဲကြတဲ့အပြင် ဆရာကြီး တာမလာကိုပါ ခင်ဗျားကသူရေနစ်နေတာမသိဘူးလားလို့ ၀ိုင်းအပြစ်တင်ကြတာပေါ့။ ဆရာကြီးကတော့ “မသိဘူးလေ.. သူနောက်နေတာမှတ်လို့တဲ့”။
သံရုံးနောက်ဆက်တွဲနဲ့ABSDF
ဘန်ကောက်က မြန်မာသံရုံးအစီးနင်းခံရပြီးနောက်ပိုင်းကတည်းကထိုင်းနိုင်ငံဖက်မှာ ယာယီအခြေပြုနေရ တဲ့ ABSDF ဗဟိုဌာနချုပ်ရဲ့ မြို့ပေါ်အ၀င်အထွက်တွေကိုထိုင်းအာဏာပိုင်တွေက တင်းကြပ်ကန့်သတ်တာ တွေလုပ်လာတော့တယ်။ ဒုက္ခသည်စခန်းတခုကနေ အပြင်ကိုထွက်မှဗဟိုရုံးခွဲရှိတဲ့ နယ်စပ်မြို့ကို ရောက်မှာ။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့လည်း သွားခွင့်ပိတ် ထားလိုက်တော့ လိုအပ်တဲ့ကိစ္စတွေလုပ်ဖို့ အတော်အခက်အခဲရှိလာသလို ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါ ထိခိုက်လာတယ်။ မဖြစ်မနေ မြို့ပေါ်ကိုသွားရမယ်ဆိုရင် ထိုင်းနယ်စပ်တပ်က မိုင်းထောင်ထားတယ်၊ တောထဲမှာ ဘယ်သူ့ကိုတွေ့တွေ့ ပစ်မယ်လို့ ချိန်းခြောက်ထားတဲ့အထဲက ၅ နာရီ၊ ၆ နာရီလမ်း လျှောက်သွားရတဲ့ တောလမ်းကနေပဲ ၀င်ရ ထွက်ရတယ်။
ပိုဆိုးတာက အဲဒီအချိန်နယ်စပ်ရုံးကို ထိုင်းရဲနဲ့ အာဏာပိုင်တချို့ဝင်ဖမ်းပြီး တာဝန်ခံလုပ်နေတဲ့ ဗဟိုကော် မတီဝင်တစ်ယောက်ကိုပါးရိုက်သွားတာ။ ဌာနချုပ်က လူတွေအားလုံး ဒီကိစ္စကို မကြေနပ်သလို၊ စိတ်လည်း မကောင်းကြဘူး။ဒါပေမယ့်လဲ အခြေအနေနဲ့ ရိုက်ခတ်မှုကို သဘောပေါက်နေကြတော့ ကိုယ့်လူကိုယ်ထိမ်း ပြီး မဖြစ်သင့်တာမဖြစ်အောင် လုပ်ကြရတယ်။ အဲဒီအချိန်က BZK အောင်သန်းကြီး ဘုမသိဘမသိ ဗဟိုက ထည့်ပေးလိုက်တဲ့ခြောက်လုံးပြူးတလက်ကို သူ့ဟားဗားဆိုဒ်ထဲမှာထည့်ယူလာပြီး ခြံထဲရောက်လို့ ရဲတွေ ဖမ်းနေတာတွေ့တော့ပြန်လှည့်ပြေးလို့လည်း မမီတဲ့အနေအထားဖြစ်နေတော့ ဒုက္ခဖြစ်နေတယ်။ နောက် တော့ သေနတ်ကို အာဏာပိုင်တွေမမြင်အောင်ထုတ်ပြီး ခြုံတခုထဲ မသိမသာပစ်ထည့်လိုက်ပြီးခပ်တည် တည်နဲ့ ဆက်ဝင်သွားတယ်။ ရောပြီး ငုတ်တုတ်ထိုင်အဖမ်းခံရတယ်ဆိုပေမယ့် သေနတ်လွတ်သွားတော့လက်နက်မှုတခု ထပ်တိုးမသွားတော့ဘူးပေါ့။ နောက်မှ သေနတ်ကို ပြန်ရှာပြီး ကောက်ရတယ်တဲ့။
ABSDF ဗဟိုက အဲဒီအချိန်ကဇလားဒုက္ခသည်စခန်းမှာ အခြေချရတာ။ အဲဒီ ဒုက္ခသည်စခန်းကို တခေါက် ယူအန်က တာဝန်ရှိသူတွေလာတော့ဥက္ကဌကိုမြင့်သူက ရဲဘော်မိသားစုဝင်တွေကို ဒုက္ခသည် စာရင်းသွင်း ရေးနဲ့ ရိက္ခာကိစ္စ ဆွေးနွေးဖို့လွှတ်တယ်။ကျနော်လည်း ကျနော့ ဗရီးဂျက်ကက်နဲ့ ပုဆိုးတိုတိုဝတ်ပြီး သူတို့ ရောက်နေတဲ့ ကုန်းပေါ်ကိုတက်သွားတယ်။ အပေါ်ကိုရောက်တော့ ထိုင်းနယ်ခြားစောင့်စစ်တပ်က လုံခြုံ ရေးယူပေးထားတာတွေ့ရတယ်။အပေါ်မှာ စခန်းထဲက ကျနော်တို့နဲ့ ခင်တဲ့ စခန်းကော်မတီ အမိုးကြီးက ကျနော့ကိုတွေ့တာနဲ့ယူအန်န်က တာဝန်ရှိတဲ့ ထိုင်းအမျိုးသမီးတယောက်နဲ့ မိတ်ဆက်ပေးတယ်။ သူက ထိုင်းလိုမိတ်ဆက်ပေးတဲ့အချိန်ဘယ်ကနေဘယ်လို “၀ဏ္ဏ နာ့ဆူစာဖမာ့” (မြန်မာကျောင်းသားလူကြီး) ဖြစ်သွားတယ်မသိဘူး ဟိုအမျိုးသမီးကအေးအေးဆေးဆေး ဆက်ပြီးစကားပြောဖို့ ထနှုတ်ဆက်တဲ့အခါ ဘေးက ထိုင်းစစ်သားတွေက ရုတ်ရုတ်သဲသဲသေနတ်ဆွဲတဲ့လူဆွဲ၊ နေရာယူတဲ့လူယူ ဖြစ်ကုန်တယ်။ ကျနော်က သူတို့ကို မလွတ်တမ်းအရိပ်အခြေကြည့်ရပေမယ့်အခြေအနေကို အေးအေးဆေးဆေးဖြတ်မှ ဖြစ်မှာဆိုတော့ အဲဒီအမျိုးသမီးကိုပြုံးပြပြီး ကျနော့လက်ထဲကစာရင်းစာရွက်ကို သူ့လက်ထဲကို လှမ်းပေး ရင်း အင်္ဂလိပ်ဘာသာစကားနဲ့ ဒုက္ခသည်စာရင်းလာပို့ပေးတဲ့အကြောင်းစပြောလိုက်တယ်။သူကလည်း ကျနော့ကို တရင်းတနှီးပြန်ပြီး စကားပြောပါတယ်။ ကျနော်ကလည်း စခန်းမှာရှိနေတုန်းကျနော်တို့ဖွင့်ထား တဲ့ အထက်တန်းကျောင်းလေးမှာ အင်္ဂလိပ်စာသင်ပေးဖြစ်တယ်ဘာညာနဲ့ သူမေးတာတွေကိုပြန်ပြောပြရ တယ်။ စခန်း မှာ စာရင်းတင်ထားတဲ့ မိသားစုတွေရဲ့ ရိက္ခာအခက်အခဲကိုလည်း ဆွေးနွေးရတာပေါ့။
ကျနော်အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနှိုင်တာရယ်၊ သူတို့စောင့်ရှောက်လာတဲ့ အမျိုးသမီးနဲ့ အေးအေးဆေးဆေးပုံစံနဲ့စကားပြောဆွေးနွေးနေတာကိုတွေ့မှ ဟိုယူနီဖောင်းနဲ့ ဆရာတွေ ပုံမှန်ပြန်ဖြစ် သွားတယ်။ သူအတတ်နှိုင်ဆုံးကြိုးစားပေးပါ့မယ်လို့ ပြောတော့ သူ့ကို နှုတ်ဆက်ပြီး ကုန်းပေါ်က ပြန်ဆင်း ခဲ့တယ်။ အဲဒီတုန်းကဟိုလူတွေ သောက်ရမ်းထပစ်ရင် ဘာဖြစ်မလဲလို့ တခါတလေ စဉ်းစားမိတယ်။
အဲဒီအချိန်က ဖိအားတွေအရမ်းများနေတဲ့ကြားကစခန်းမှာ စီမံခန့်ခွဲရေးကိစ္စတွေကို နားလည်မှုတွေနဲ့ ၀ိုင်း လုပ်ကြရတာဆိုတော့ တော်တော်ရှုပ်ထွေးတဲ့အချိန်လို့ပြောရမယ်။ ဒီကြားထဲ စခန်းနဲ့အနီးဆုံး နယ်စပ်မြို့ ရုံးခွဲတွေကိုပါ ရွှေ့ရပြောင်းရနဲ့အလုပ်များတဲ့အပြင် အကုန်အကျတွေလည်း မနဲဘူး။ အဲဒီလို ထိုင်းက ကန့်သတ်ထိမ်းချုပ် ထားတာလေးငါးခြောက်လမက ကြာတယ်။ နောက်ပိုင်း ဒီလိုဖိအားပေးလာတာတွေ ဟာ ဗဟိုဖက်သာမက တခြားထိုင်းနယ်စပ်ကတပ်ဖွဲ့တွေအခြေပြုတဲ့နေရာတွေအထိ ရှိတယ်လို့လည်း သိရ တယ်။
ရပ်ချဘူရီဆေးရုံနဲ့ဂေါ့အာမီ
၂၀၀၀ ခုနှစ်နှောင်းပိုင်းလောက်မှာဗဟိုကော်မတီအစည်းအဝေးတခုက ကျနော့ကို ဘန်ကောက်မှာရှိတဲ့ ABSDF နိုင်ငံခြားရေးရုံး တာဝန်ခံအနေနဲ့ပြန်သွားဖို့ တာဝန်ကျလာပြန်တော့ ကျနော်လည်း ဘန်ကောက်ကို ပြန်တက်ခဲ့တယ်။
၂၀၀၀ ခုနှစ်အစပိုင်းလောက်မှာဘန်ကောက်မြန်မာသံရုံးကိုဝင်စီးခဲ့ကြတဲ့ စွမ်းအားမြှင့်ကျောင်းသားအဖွဲ့နဲ့ ထူးခြားတဲ့ကရင် God Army အဖွဲ့တို့ ရပ်ချဘူရီဆေးရုံကို ၀င်စီးခဲ့ကြပြန်တယ်။ အဲဒီ God Army ကိုဦးဆောင်နေကြတာက ဂျော်နီထူးနဲ့ လူသာထူးဆိုတဲ့ ကရင်ကလေးနှစ်ယောက်။ အဲဒီကလေးတွေကို ဘုရားသခင်ကအကာအကွယ်ပေးထားတဲ့အတွက် သူတို့နောက်ကိုလိုက်ရင် အထိအခိုက်မရှိဘူးလို့ ဒေသခံကရင်လူမျိုးတွေနဲ့စုဖွဲ့ထားတဲ့အဲဒီအဖွဲ့ဝင်တွေက ယုံကြည်ကြတယ်။ စွမ်းအားမြှင့်မြန်မာကျောင်း သားစစ်သည်တော်များအဖွဲ့ကသံရုံးစီးပြီးအထွက်မှာ ထိုင်းအစိုးရကို God Army ရှိတဲ့ နယ်မြေကို လိုက်ပို့ ပေးဖို့တောင်းဆိုခဲ့တယ်ဆိုတဲ့အတွက် God Army ဆိုတာကို လူတွေက စိတ်ဝင်စားလာကြတယ်။ ဒီစီးနင်မှုမှာ လူ ၁၀ ယောက်ပါတယ်။
အမှန်က သံရုံးပြဿနာနောက်ပိုင်း အဲဒီဒေသကို နအဖက အပြင်းအထန် လူ၊ လက်နက် အင်အားသုံး ပြီးထိုးစစ်ဆင်ခဲ့တော့ဒဏ်ရာရရဲဘော်တွေအတွက် ကြံရာမရဖြစ်ပြီး အဲဒီထိုင်းဆေးရုံကို ၀င်စီးပြီး ဆရာဝန်နဲ့ ဆေးဝါးကုသမှုအကူအညီတောင်းရင်း အကြပ်ကိုင်စီးနင်းသလိုဖြစ်ရတယ်လို့လည်း ပြောကြတယ်။ အစက ထိုင်းအစိုးရအနေနဲ့သံရုံးစီးခဲ့တုန်းကလို ညှိနှိုင်းနေသလိုလို ပြောနေသေးတယ်။ ဒါက သူ့နိုင်ငံရဲ့အချုပ် အချာအာဏာကိုထိခိုက်လာတဲ့ လုပ်ရပ်တခုလိုလည်း မြန်မာ့ဒီမိုကရေစီရေးကိုထောက်ခံ အားပေးနေကြ တဲ့ ထိုင်းကျောင်းသားသမဂ္ဂတွေနဲ့ထိုင်းပြည်သူတွေကြားမှာ အငြင်းပွားစရာတခုဖြစ်သွားတယ်။ ကျနော်သိ တဲ့ ထိုင်းကျောင်းသားသမဂ္ဂတခုကကျောင်းသား၊ ကျောင်းသူတွေက သူတို့အနေနဲ့ စီနင်းမှုမှာပါတဲ့ စွမ်းအားမြှင့်ကျောင်းသားအဖွဲ့ထဲကပရီဒါလို့ သူတို့ခေါ်ကြတဲ့ ဆံပင်ရှည်ရှည်နဲ့ ကိုဗေဒါကိုလည်း စိုးရိမ်နေ ကြတယ်။
သတင်းမှာကGod Army ရဲ့စီးနင်းမှုလို့ပဲ ထွက်ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ တီဗွီသတင်းမှာ စီးနင်းတဲ့သူတွေအားလုံးကို ထိုင်းအထူးတပ်က အသေဖမ်းဆီးနှိုင်ခဲ့တယ်ဆိုပြီး အ၀တ်ဖြူအိပ်နဲ့ထုတ်ထားတဲ့အလောင်းတွေကို ဖွင့်ပြတယ်။ အားလုံး နဖူးမှာ သေနတ်မှန်ပြီး ကျဆုံးခဲ့ကြတယ်ပေါ့။ သတင်းတွေအတော် ဖြစ်ခဲ့တယ်။ ၀ိဝါက ကွဲစရာတွေကလည်း အများကြီး။ ဆေးရုံကိုဝင်စီးပြီး ဓားစာခံတွေအဖြစ်အဖမ်းခံခဲ့ရတဲ့ ထိုင်းတွေထဲက တချို့က သူတို့ ထိုင်းအထူးတပ်ဝင်လာတဲ့အချိန် လက်နက်ချခဲ့တယ်။ထိုင်းအထူးတပ်က ဆယ်ယောက်စလုံးကို ဖမ်းခေါ်သွားပြီးမှ အခမ်းတခုထဲမှာ ပစ်သတ်ခဲ့တယ်လို့လည်းသတင်းထွက်တယ်။ ဓားစာခံတွေအပေါ်မှာလည်း သူတို့အခြေအနေကိုရှင်းပြပြီး အခမ်းတခုထဲမှာစုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်တဲ့။
သေနတ်ကိုင်ပြီးစစ်သားလုပ်ဖူးတဲ့ကျနော့အနေနဲ့လည်း ဘယ်လောက်ပဲ စနိုက်ပါပစ်တာကျွမ်းကျင်တယ် ပြောပြောတိုက်ပွဲမှာ တဖက်က စစ်သား ၁၀ ယောက်ကို နဖူးကိုချည့် ချိန်ပစ်အနိုင်ယူဖို့ ဘယ်လောက်ခက်တယ်။ ယုတ္တိလည်း သိပ်မရှိတဲ့အတွက် သူတို့အဖမ်းခံရပြီးမှ အသတ်ခံရတာဖြစ်နှိုင်တယ်လို့ တွေးမိတယ်။ ပြန်လွတ်လာတဲ့ ဓားစာခံတွေ သတင်းဌာနတွေကို ပြောခဲ့တဲ့အနေအထားမှာလည်းပြန်ပြီးခံပစ် တယ်ဆိုတဲ့ အနေအထားမရှိတဲ့ ပုံစံဖြစ်နေတယ်။
ကျနော်စဉ်းစားမိတာကသူတို့က မြန်မာသံရုံးကိစ္စမှာ ပျော့ပျော့ပျောင်းပျောင်းဆက်ဆံခဲ့တဲ့ ထိုင်းအစိုးရကိုအခုတကြိမ်မှာလည်း အရင်အတိုင်းဖြစ်မယ်လို့ တွေးဆခဲ့မိပုံရတယ်။ ထိုင်းကလည်း သူတို့ရဲ့မြေပေါ်မှာအချုပ်အချာကိုထိခိုက်လာတဲ့ မြန်မာသူပုန်တွေကို မင်းတို့ ဒီလိုလုပ်လို့မရဘူးလို့ ခပ်ကြမ်းကြမ်းလုပ်ပြလိုက်တယ်လို့ပဲ ကျနော်ထင်တယ်။ ဒီရဲဘော်တွေထဲမှာ ကျနော်နဲ့ လူချင်းမဆုံခဲ့တဲ့သူတွေ များတယ်။ဘာဘဲ ဖြစ် ဖြစ် ကျနော်သူတို့အတွက် အတော်စိတ်မကောင်းဖြစ်မိတယ်။
အဲဒီနောက်ဆက်တွဲအနေနဲ့လည်းဘန်ကောက်မြို့ပေါ်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ စောင့်ရှောက်မှုအောက်မှာရှိတဲ့ဒုက္ခသည်စာရင်းဝင် မြို့ပေါ်နဲ့ မြို့တွေနဲ့နီးတဲ့ ဒုက္ခသည် စခန်းတွေက ဒုက္ခသည်စာရင်းဝင်တွေအားလုံးအပေါ်မှာလည်းထိုင်းအာဏာပိုင်တွေက ဖိအားပေးလာတာတွေရှိတယ်။
xxxxxxxxx
ဆက်ရေးပါမည်.....
No comments:
Post a Comment