သူတို့ခေါ်တော့ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၁၄)
“ဝေး..ဟေး..ရွှေဝါဖူး..ရေသဘင်မဏ္ဍတ်ကြီးကကြိုဆိုပါတယ်…ပွမ်..ပွမ်..ရှေ့ကကားလမ်းတွေ မပိတ်ဆို့ပါနဲ့”
“မီးသတ်ပိုက်နဲ့ ပက်တာလောက်တော့..ရီတာပေါ့..ရီတာပေါ့.”
“မြနန္ဒာ..နေညိုညို ရေခတ်သမ်းတော့ ရွှေမန်းတောင်ရိပ်..တူတူခိုမယ်..ပျိုဖြူတွေရယ်.”
“ ပက်ကြဟေ့..ပက်ကြဟေ့ ..ဟိုကောင်မလေး မလွတ်စေနဲ့” ၀ါးတောကြီးတခုလုံး ကျနော်တို့အသံတွေဟိန်းနေတယ်။ချောင်းရေတွေ ကိုလက်ဝါးနဲ့ခတ်ပက်သူတွေ၊ ခြေကန် ပက်သူတွေနဲ့ ရေစက်ရေမွှားတွေက ၀ါးကွပ်ပြစ်တွေကိုရွှဲရွှဲစိုလို့..။ “ပွမ်ပွမ်ပွမ်..သင်္ကြန်ကားကြီးလာနေပြီ..သင်္ကြန်အလှပြကားကြီး လာနေပြီ”အောင်ဆန်းလင်းနဲ့ ၀င်းကိုတို့ ချောင်းအလယ်က ကျောက်တုံးမဲကြီးပေါ်ထိုင်ပြီး သင်္ကြန်ကားပုံစံမောင်းနေတယ်၊ပါးစပ်ကလည်း သင်္ကြန် သီချင်းတွေဆိုလို့..။ အားလုံးက သင်္ကြန်ထဲရောက်ကုန်တယ်၊ တခဏအတွင်းအကုန်လုံး ရူးသွပ်ကုန်တယ်၊ စိတ်ကိုလွှတ်ထားကြတယ်၊ ပြီးတော့ လူသူကင်းမဲ့တဲ့ တောထဲက သင်္ကြန်။မိမိဖာသာ စိတ်ထင်ရာအော်ဟစ်ပြီး သင်္ကြန်အိပ်မက်ကို ကိုယ်စီမက်နေကြတယ်။ ကျနော်တို့ရဲ့တောကြီးမျက်မဲ ၀ါးပင်တွေယှက်နွယ် နေတဲ့တောထဲက သင်္ကြန်ကို အခုထိလွမ်းနေတုံး။ အဲဒီနေ့ကသင်္ကြန်အတက်နေ့။ တချို့ကပျော် တချို့က လွမ်း၊ တချို့ကငို နဲ့။ အဲဒီတုန်းက သင်္ကြန်ကိုလွမ်းပြီးစိတ်မထိမ်းနိုင်တော့တဲ့ ကျနော်တို့ထဲက ကိုညွန့်ကြိုင်၊ လူမင်းရှိန်၊ စစ်ကိုင်း ကိုမြင့်အေးနဲ့ မောင်မောင်မြင့်၊ ၀ဏတို့ကတော့ အားလုံးကိုနှုတ်ဆက်ပြီး ‘ဟိုဘက်ကမ်းကမဏ္ဍတ်ကို သွားလိုက်အုံးမယ်ဟေ့လို့လက်ကလေးပြပြီး ပြည်တော်ပြန်ဝင်သွားတာမှတ်မိသေးတယ်။ ကျနော်တို့လည်း ရင်ဘတ်ထဲက သင်္ကြန်ကိုအလွမ်းတွေနဲ့ သရုပ်ဖော်ပြီးတော့ ချောင်းရေကို ကန့်ပြီး ငါးဖမ်းကြတယ်။ အဲဒီနေ့က ငါးခုံးမလေးတွေ ကျောက်ငါးသေးသေးတွေ အပြင် ကျောက်တုန်းအောက်က ငါးခူနဲ့ငါးရံ့၃-၄ကောင်တောင်ဖမ်းမိကြသေးတယ်။ အဲဒီနေ့ ငါးပြုတ်၊ဂဏန်းလုံးနဲ့၊ ယာခင်းထဲက ရွေဖရုံသီးချင်းငြုတ်စပ်စပ်နဲ့ သင်္ကြန်ထမင်းဝိုင်းလေး အခုထိလွမ်းကောင်းတုံး.။
ကျနော်တို့ဘုံရမ် ရွာ ကိုရောက်ပြီး နောက်၂ရက် အကြာ မိုးရေးကိုလွှတ်လိုက်တဲ့ ဦးအာလောက၊ ပူစီ(မုံရွာ)နဲ့အတူ ထိန်လင်း(ပန်းချီ) နဲ့ ဆရာမန်း( ဒေါက်တာမန်းမြင့်ဆိုင်)တို့ ရောက်လာတယ်။ သူတို့နဲ့အတူကုလားပဲ၊ ငါးပိ ရိက္ခာတွေပါလာတယ်။ ဆရာမန်းကို မြင်တော့ ကျနော်တို့ ပျော်သွားတယ်။ ကိုယ့်ခေါင်းဆောင်ကိုအခုမှမြင်ဘူးတာ။ ဆရာမန်းရဲ့ မျက်နှာမှာ အထင်ရှားဆုံးက မျက်လုံးနဲ့ မျက်ခုံးပဲ။ ဟင်္သာတကသပိတ်ခေါင်းဆောင်၊ ပြည်ချစ်တော်လှန်ရေးကာလ မြွေဟောက်တပ်ရင်းရဲ့ တပ်မှုးရဲ့ မျက်လုံးကနည်းနည်းပြူးပြီးစူးရဲတယ်၊ မျက်ခုံးကထူပြီးအဖျားတွေက အပေါ်ကိုကော့နေတယ်။ ဇာတ်ထဲက ဘီလူးမျက်ခုံး၊ ဘီလူးမျက်လုံးမျိုး။ကြမ်းတမ်းမဲ့ ရက်စက်မဲ့ပုံပဲ။ ဒါပေမဲ့ သူရဲ့ ကြမ်းတမ်းခက်ထန်တဲ့ အမူအရာနဲ့ ဒေါသထွက်တဲ့ဟန်ကိုကျနော်တော့ တခါမှမတွေ့လိုက်ဖူး။ မတွေ့ဘူးဖူး။ သူလေသံအေးအေးနဲ့ပြောတာ၊ သဘောကျပြီး ကျယ်ကျယ်လောင်လောင်ရီမောတာတွေပဲတွေ့ဖူးတယ်။ ဆရာမန်းက ကျနော့ကို မောင်ညို လို့ခေါ်တယ်။ “ မင်းက မျက်မှန်ပုလင်းဖင်ကြီးနဲ့ဆိုတော့သေနပ်ကိုင်ပြီး စစ်တိုက် နိုင်မဲ့ ကောင်မဟုတ်ပါဖူး၊ ရေဒီယိုအော်ပရေတာပဲလုပ် ဒါမှမဟုတ်ရင်ဝါဒဖြန့်ချိရေးပဲလုပ်” လို့ ပြောဖူးတယ်။ ကျနော်ကလည်း အဟုတ်ကြီးထင်ပြီး အတော်ကျေနပ်ခဲ့တယ်။မနှစ်က ဆရာမန်း အမေရိကားမှာ ကျောက်ကပ်၂လုံးစလုံး မကောင်းလို့ ကျောက်ကပ်အလှုခံတဲ့ သတင်းတော့ကြားမိတယ်။သူ့ကို ကျိုးစားဆက်သွယ်သေးတယ်၊ မရဖူး။
ဆရာမန်းက ဘုံရမ်ရွာက ကျနော်တို့ တည်းခိုရာ သူကြီးအိမ်မှာပဲအခြေအနေကိုရှင်းပြတယ်။ စခန်းကတော့ ပျက်တဲ့သဘောဖြစ်နေပြီ၊ လူတွေလည်း ဟိုတဖွဲ့ဒီတဖွဲ့ကောက်သင်းကောက်စုနေရတဲ့အကြောင်း၊ တချို့ဗမာပြည်ထဲပြန်ဝင်ကုန်ပြီ၊ စစ်တပ်ကလည်း သတင်းရလို့စောင့်ဖမ်းနေတယ်၊ စခန်းမှာ ဒေါက်တာအောင်ကျော်ဦးတို့နဲ့ တခြားရဲဘော် ၄-၅ဆယ်ပဲ ကျနေတယ်။ပြည်တွင်းက ရဲဘော်တချို့လည်း ရောက်နေပြီ၊ (အဲဒီအချိန် ကျောက်ဆည်က ကိုသံဒုတ်(မဲဆောက်)နဲ့ ကိုသံခဲ(ဥက္ကဌ-ABSDF) တို့မိုးရေးကို ရောက်နေတယ်) အထဲက ဒီဘက်လာချင်တဲ့ ကျောင်းသားတွေရှိနေပေမဲ့လောလောဆယ် မလာဖို့ အကြောင်းကြားထားတယ်လို့ ရှင်းပြတယ်။ အခုခေတ်လို ဆက်သွယ်ရေးကမကောင်း၊တယ်လီဖုံးတောင် ဆက်ရခက်တော့ တနေရာနဲ့ တနေရာ လူကြုံဆက်သားလွှတ်ပြီး ဆက်သွယ်ရတာမို့ သိတ်လည်းအန္တရယ်များပါတယ်။နောက်ဆုံး ဆရာမန်းပြောတာကတော့ ဒီမှာဆက်ပြီးတော်လှန်ရေးလုပ်မယ်၊ နေမယ်ဆို သူဆက်ပြီးဦးဆောင်မယ်၊ မနေချင်လို့ ဗမာပြည်ပြန်ချင်တယ်ဆိုလည်း ပြန်လို့ရတယ် ဆိုတာပါပဲ။ အဲဒါအမြန်ဆုံး ဆုံးဖြတ်ပြီးရင် မိုးရေးကိုလာခဲ့ဖို့ အဲဒီကနေ ပြန်နိုင်အောင် သူစီစဉ်ပေးမဲ့အကြောင်းပြောပါတယ်။ နောက်နေ့ ဆရာမန်းပြန်သွားတယ်။ သူ့လက်စွတ်လေးရောင်းပြီး ၀ယ်လာတဲ့ ကုလားပဲ၊ငပိနဲ့ လိုအပ်တဲ့ဆေးဝါးတွေတော့ ကျနော်တို့အတွက်ထားခဲ့ပါတယ်။
ကျနော်တို့ရွာရောက်ပြီး နောက်တရက်မှာ ဒုက္ခသည်စခန်းကဒုတိယသုတ်အနေနဲ့ တောထဲပို့ခံရတဲ့ လူ၇၀ကျော် အုပ်စုထဲကကိုကျော်သန်းတို့အုပ်စု ၁၀ယောက်လောက်ကျနော်တို့ရွာ ရောက်လာကြတယ်။ သူတို့ကိုလည်း နယ်စပ်တနေရာ( ကျနော်တို့နဲ့မတူတဲ့နေရာ)ကိုပို့လိုက်တာပဲ။ သူတို့ထဲက ကိုသူရိန်(ဗကသ) တို့ကတော့ ဗမာပြည်ပြန်ဝင်သွားကြတယ်။ တသုတ်ပြီးတသုတ်အထဲပြန်ဝင်သွားတာ သူတို့၁၀ယောက်ပဲ ကျန်တော့တယ်။ ကျနော်တို့ ဖြတ်လာတုံး နီနီသိန်း ချန်နေခဲ့တဲ့ရွာလေးမှာကိုကျော်သန်းတို့အဖွဲ့နဲ့ နီနီသိန်းတွေ့ပြီး ဒီရွာမှာ ကျနော်တို့ ရှိတဲ့ အကြောင်း သိရတာလို့ပြောပြတယ်။ သူတို့ပြောပြတဲ့ အတွေ့အကြုံတခုက စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ ကျနော်တို့ဆီအလာဝါးတောတခုက ချောင်းလေးမှာခဏနားနေတုံး စစ်ဂျာကင်ဝတ်လူ၃ယောက်ကို တွေ့တဲ့ အကြောင်း၊ အဲဒီ၃ယောက်ထဲကတယောက်က လာမိတ်ဆက်တော့ ကိုယ့်ထဲက လူငယ်လေးတွေက တောခိုဖို့ထွက်လာတဲ့ ရန်ကုန်က ကျောင်းသားတွေဖြစ်တဲ့အကြောင်း၊စစ်အစိုးရကို လက်နက်နဲ့ ပြန်တိုက်ဖို့ အိန္ဒိယကိုလာအကူအညီတောင်းတာဖြစ်တယ်လို့ အာဘောင်အာရင်းသန်သန်နဲ့ပြောတော့တာပေါ့။လူစိမ်း၃ယောက်ထဲက ဖြူဖြူနွဲ့နွဲ့နဲ့ အသက်၄၀ အရွယ်တယောက်က ထလာပြီး သူတို့က ၀ါးကုန်သည်တွေဖြစ်တဲ့အကြောင်းရှင်းပြပြီးသူတို့ကို ၉၀ကျပ်တန် ၂ရွက် ပေးသွားတယ်လို့သိရတယ်။ နောက်မှ ပြန်သိရတာအဲဒီလူတွေက တမူးနဲ့ကလေး-ကလေးဝတ၀ိုက် နာမည်ကြီးဓားပြမောင်ရွှေ တို့ဆိုတာပဲ။ ဓားပြက ငွေလှုသွားတယ်ဆိုတော့အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေအပေါ် ပြည်သူက ဘယ်လောက်ထိမေတ္တာထားပြီး ကူညီစောင့်ရှောက်သလဲ၊အုပ်ချုပ်သူတွေကို ဘယ်လောက် မုန်းတီးရွံရှာသလဲဆိုတာ သက်သေပြနေတာပေါ့။ ဓားပြဆိုလို့ကျနော်တို့အဖွဲ့ထဲက ဂိုင်စီ(အောင်သန့်မင်း-ကနေဒါ) တို့ အတွေ့အကြုံလေးကလည်း အဲဒီခေတ်ကာလအခြေအနေတခုမို့ဒီနေရာမှာပြောပြချင်သေးတယ်။ ဂိုင်စီတို့က ၈၈အာဏာသိမ်းပြီး ၃ပတ်လောက်အကြာ လမ်းကြောင်းရှာရင်းကလေးဝဖက်ကားနဲ့တက်အလာကြုံရတဲ့အဖြစ်အပျက်ပါ။ တနေရာ ရောက်တော့ သူတို့ကားကို ဓားလွတ်တွေကိုင်ထားတဲ့ လူတစု လမ်းကဖြတ်တားတယ်။ဓားပြခေါင်းဆောင်က တူမီးသေနတ်နဲ့ ကားပေါ်မှာ ဆန် ပါလားလို့ ရေးကြီးသုတ်ဖြာနဲ့မေးသတဲ့။ကားပေါ်မှာပါတဲ့လူတွေက သူတို့ပါလာတဲ့ ပိုက်ဆံတွေ လက်စွတ်၊ လက်ကောက်တွေကို ပေးဖို့ ချွတ်နေပြီ။ကားသမားက ဆန်တအိပ်ပါလာတယ်ဆိုတာနဲ့ အဲဒီဆန်အိပ်ကို ဆွဲထုတ်ပြီး ထမ်းသွားကြတယ်။ ဘာပိုက်ဆံ၊လက်ဝတ်လက်စားမှမယူသွားဖူး။ ဓားပြတွေက ဘိနပ်တောင်မပါဖူး။ တကယ်တော့ ဓားပြအစစ်တွေမှုတ်ဖူး၊အနီးအနားရွာက လယ်သမားတွေ၊ စားစရာဆန်ပြတ်လို့ ဆန်အိပ်ဓားပြတိုက်တာဖြစ်တယ်။ ဂိုင်စီပြောပြတာခုထိစိတ်ထဲမကောင်းတာရှိသေးတယ်။“ဓားပြတွေက ကျနော်လက်ပတ်နာရီလေးချွတ်ပေးတာလည်း မယူသွားဖူး၊ ပြောသွားသေးတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ၊ကျနော်တို့က ဆန်ပဲလိုတာပါ၊ ရွာမှာ ခလေးတွေနဲ့ မိန်းမတွေ အခုထိဘာမှ မစားရသေးဖူး၊ သာဓုပါဗျာ..တဲ့”ကျနော် အဲဒီအဖြစ်အပျက်လေးအပေါ် သိတ်ခံစားရလွန်းလို့ ရေဒီယိုဇာတ်လမ်းလေးတောင် ရေးဖြစ်ခဲ့သေးတယ်။
ဘုံရမ်ရွာမှာ ၃ရက်လောက်ကြာတော့ ကျနော်တို့ကို ဒီမှာဆက်နေဖို့မကောင်းတဲ့အကြောင်း၊မဏိပူရ စစ်တပ်ကလည်း နောက်က လိုက်ရှာနေတဲ့ အကြောင်းရွာသူကြီးက ပြောတယ်။ သူကြီးက ရွာနဲ့အလှမ်းဝေးပြီး အန္တရယ်ကင်းတဲ့ လျှိုကြီးတခုမှာ ယာယီသွားခိုနေဖို့၊ အဲဒီမှာ တောင်ယာခင်းတွေလည်းရှိတာမို့ အဆင်ပြေကြောင်း၊ အမျိုးသမီး၂ယောက်ကိုတော့(မအိ၊ မစန်းပွီး) ရွာမှာပဲနေခဲ့စေလိုတဲ့အကြောင်း ပြောပါတယ်။ ကျနော် သူငယ်ချင်း ဂျိုကာ နဲ့ ရဲဘော်တချို့လည်း ပြည်တော်ပြန်ဝင်သွားတယ်။အခုချိန်ထိ သူတို့နဲ့ အဆက်ပြတ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က မန္တလေးက ကျနော့သူငယ်ချင်းဂျိုကာရဲ့ ကာတွန်းလက်ရာလေးတွေ မဂဇင်း၊ ဂျာနယ် တချို့မှာ တွေ့ရတော့ အတော်ပီတိဖြစ်မိတယ်။တော်လှန်သူဆိုတာ ဘယ်နေရာရောက်ရောက် ပြည်သူတွေ အကျိုးရှိစေဖို့၊ ပြည်သူတွေကိုမျက်နှာမူတဲ့ကိုယ်တတ်နိုင်တဲ့ အလုပ် (သေးသည်ဖြစ်စေ အကျိုးသက်ရောက်မှု နည်းသည်ဖြစ်စေ) ဘာပဲဖြစ်ဖြစ်ဆက်လုပ်နေရမယ်မဟုတ်လား။ “ ငါတို့ နိုင်သလောက် လုပ်ပြီးပြီ၊ တော်ပြီ၊ နောက်လူတွေ ဆက်လုပ်လိမ့်မယ်”ဆိုပြီး ထိုင်နေလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ တော်လှန်သူတိုင်းကိုအဲလိုမနေစေချင်ဖူး။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ပြီးဆုံးတဲ့အထိ၊ မရောက်သေးလည်း ရောက်တဲ့အထိ ဇွဲနဲ့ မလျှော့တမ်းဝီရိယနဲ့ သွားဖို့လိုတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းလည်းပြောဖူးတယ်။
တောင်တွေတတောင်ပြီးတတောင်၊ရှိုတွေတမြှောင်ပြီးတမြှောင် ကျနော်တို့ ကျော်ဖြတ်ပြီးသွားကြတယ်။ စိတ်ထဲတော့ ကြေကွဲစိတ်တွေနဲ့။ထိုင်းနယ်စပ်သွားရတာမှ လက်နက်လေး ကိုင်ရအုံးမယ်၊ အခုတော့ လက်နက် မကိုင်ရယုံမက လူလည်းခွေးနေရာမရ ဟိုပြေးဒီပြေး နဲ့ဆိုတော့ ဘာကိုဒေါသထွက်ရမှန်းလည်းမသိ။ တကယ်တော့ အဲဒီကာလတွေကမဏိပူရမှာ ခွဲထွက်ရေးလက်နက်ကိုင် သူပုန်အဖွဲ့တွေ အများကြီးရှိနေတယ်။ ဇိုမီးသူပုန်၊နာဂသူပုန်၊ ကူကီးသူပုန်၊ကသည်းသူပုန် တွေခြေချင်းလိမ်နေတာ။ မဏိပူရ အာဏာပိုင်တွေက အစောပိုင်းမှာကျနော်တို့တတွေ စခန်းကိုလာတဲ့ သတင်းထောက်တယောက်စ နှစ်ယောက်စနဲ့ တွေ့တိုင်း “ကျနော်တို့လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ အပြင်ထွက်လာတာဖြစ်တယ်၊ လက်နက်အားကိုးတဲ့ အစိုးရ ကြောက်တဲ့အရာဟာ လက်နက်ပဲဖြစ်တယ်” ဆိုတဲ့အယူအဆ ကို ထုတ်ပြောလေ့ရှိတယ်။ ဒါကို မဏိပူရအာဏာပိုင်တွေကစိုးရိမ်တယ်။ လက်နက်ကိုင်ချင်နေသူတွေ သူတို့ဆီက သူပုန်အဖွဲ့တွေနဲ့ ပူးပေါင်းသွားမှာစိုးရိမ်တယ်။ ရှုတ်ကုန်မှာကို မလိုလားဟန်တူတယ်။ တကယ်တော့ မဏိပူရက အင်အားကြီးတဲ့ ခွဲထွက်ရေးလက်နက်ကိုင်တွေဆိုတာကလည်းကချင်ပြည်နယ်သွားပြီး KIA ထံက သင်တန်းသွားတက်ကြရတာဖြစ်တယ်။ နောက်ပိုင်း ကျနော်နဲ့ မဏိပူရထောင်ထဲမှာတွေ့ခဲ့တဲ့ ကသဲမြေအောက်သူပုန်တွေဟာ မြန်မာစကားကို ပြောတတ်လို့ စပ်စုကြည့်တော့ အားလုံးလိုလိုကKIA သင်တန်းဆင်းတွေ။ ကျနော်တို့တတွေကို နယ်စပ်က မြန်မာပြည်ထဲ မောင်းတာ မပြန်ပဲ မဏိပူနယ်မြေထဲရှိနေတာဟာမဏိပူရအာဏာပိုင်တွေအတွက် စိုးရိမ်စရာဖြစ်တယ်။ ဒီတော့ မဏိပူရရိုင်ဖယ်တပ်က ကျနော်တို့ကိုပြန်ပြီးခြေရာခံတယ်။ ကျနော်တို့ဘယ်ရောက်နေသလဲဆိုပြီး လိုက်ရှာတယ်။ သူတို့ရှာတဲ့ သတင်းကိုရွာသူကြီးကကြားလို့ ကျနော်တို့ကို တောထဲသွားခိုခိုင်းတာဖြစ်တယ်။ ကျနော်တို့အားလုံးဧပြီလပထမပတ်(သင်္ကြန်မတိုင်ခင် တပတ်ကျော်မှာ) တောထဲပြောင်းနေကြတယ်။
ဘုံရမ်ရွာ လမ်းပြတယောက် အကူအညီနဲ့ပဲ ကျနော်တို့ခိုလှုံရမဲ့ လျှိုတခုကိုရောက်တယ်။ နေရာလေးကကောင်းတယ်။တောင်ယာတောလေးနဲ့လည်းနီးတယ်။ ချောင်းလေးတခုလည်းဖြတ်စီးနေတယ်။ ထူထဲတဲ့ ၀ါးတောကြီးပဲ။နည်းနည်းတော့စိမ့်တယ်။အေးတယ်။ စခန်းချမဲ့ လျှိုထဲကျနော်တို့ရောက်တော့ မိုးမချုပ်သေးပေမဲ့တောင်တွေနဲ့ကွယ်လို့ နေရောင်မရတော့ဖူး။ ထမင်းအိုးမရှိဖူး၊ ၀ါးဆစ်ပိတ်ခုထဲ ဆန်နဲ့ ရေရောထည့်ပြီး ကောက်ညှင်းကျီတောက်လိုမျိုး မီးမြှိုက်တယ်။ ကျနော့်ဝါးကတော့ မီးတူးထမင်းတပိုင်း၊မနပ်တာတပိုင်း၊ဆန်တပိုင်းပဲရတယ်။ ကိုယ့်ဝါးကျီတောက်နဲ့ကိုယ်ပေါ့၊ ကျနော် မီးကျွမ်းထမင်းတွေစားတာမြင်တော့ကလေးမြို့က ရဲဘော်တွေ သူတို့ထမင်းမျှကျွေးတယ်။ ညကျတော် အဲဒီဝါးတောထဲမှာပဲအိပ်ဖို့ပြင်တယ်။မြေကို ယက်ပြီးကျင်းနည်းနည်းတူးတော့ အောက်က မြေကနွေးတေးတေးလေး။ လုံခြည်အဟောင်းတထည်ကိုခင်းပြီးပါလာတဲ့ စောင်ပါးလေးခြုံပြီးအိပ်လိုက်တယ်။ ပင်ပမ်းတော့ အိပ်လို့လည်းကောင်း။ တောထဲကကျေးငှက်တွေရဲ့ အသံနဲ့အတူ နိုးလာတယ်။ မနက် ၅ခွဲလောက်မှာ အားလုံးထပြီး ချောင်းမှာ မျက်နှာသစ်တယ်။“ ကိုညို ခင်ဗျားမျက်နှာတွေ ရောင်နေတယ်၊ ဘာဖြစ်တာလဲ” လို့ ကလေးက ကိုထွန်းကြည်က မေးတယ်၊ကျနော် ရေငြိမ်နေတဲ့ ချောင်းရေစပ်ဘက် ကိုယ့်ရုပ်သွင် ကိုယ်ပြန်ကြည့်ပြီး အံ့သြသွားတယ်။ကျနော့မျက်နှာတွေ ခတ်အမ်းအမ်းဖြစ်နေတယ်၊ ဖောယောင်နေတယ်။ “ မြေကိုင်တာနေမှာပေါ့၊ အောက်က၀ါးကပ်ခင်းမအိပ်ဖူးလား” လို့ တောတွင်း အတွေ့အကြုံရှိတဲ့ ကလေးနယ်က ကိုစိန်အေး ပြောမှကျနော် သဘောပေါက်သွားတယ်။ မြေကြီးမှာ တညလုံး အခင်းမပါပဲအိပ်ရင် အခုလိုဖြစ်တတ်တာကိုသတိထားမိတယ်။ နောက်တနေ့တော့ ကျနော်တို့ ချောင်းတဖက် ၀ါးတောခတ် စိတ်စိတ်ရှိပြီး တောင်ကုန်းတွေနဲ့လေကွယ်တဲ့ နေရာကို အားလုံးကိုရွှေ့တယ်။ ကျနော်တို့ အားလုံးလည်း အင်အား ၃၀ ကျော်ပဲရှိတော့တာ။
တရက်ညမိုးချုပ်ခါနီးရွာထဲကို ရိက္ခာဆန် သွားသယ်တဲ့ ကိုအဲကြီးနဲ့ ကိုထွန်းကြည် တို့ ဆန်အိပ်သယ်ပြီး ရေးကြီးသုတ်ဖြာနဲ့ အားလုံးလူစုကြဟေ့၊ မြန်မြန်၊ မြန်မြန် လို့ဆော်သြတယ်။ ကျနော်တို့လည်း ဘာများအရေးသလဲဆိုပြီးစိတ်တထင့်ထင့်နဲ့ပေါ့။ ကိုအဲကြီး က ကျနော်တို့ ဒီကနေ့ သတိနဲ့ နေကြဖို့၊ မနေ့ညက ရွာထဲကိုကသဲစစ်သားတွေ ရောက်လာပြီး မစန်းပွီးနဲ့ မအိတို့ ၂ယောက်လုံးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတဲ့အကြောင်း ရွာသူကြီးက သတိနဲ့ နေထိုင်ဖို့ ရွာထဲပြန်မလာကြဖို့ သတိပေးတယ်လို့ ပြန်ရှင်းပြတယ်။ကျနော်တို့နေတဲ့ ၀ါးတောစခန်းဟာ ရွာနဲ့ အတော်ဝေးတဲ့ ရှိုကြီးထဲမှာမို့ စိတ်မပူရပေမဲ့အဲဒီညက စိတ်တထင့်ထင့်နဲ့ အိပ်ရေးပျက်ခဲ့တယ်။
သိတ်မကြာဖူးမိုးရေးက ဆရာမန်းကလည်း အားလုံးမိုးရေးမြို့ပေါ်လာခဲ့ဖို့ ခေါ်လိုက်တယ်။ ကျနော်တို့လည်းတလနီးပါး ခိုလှုံခဲ့တဲ့ ၀ါးတောကြီးကို လွမ်းလွမ်းဆွတ်ဆွတ် နှုတ်ဆက်ပြီး မိုးရေးမြို့ကိုပြန်ချီတက်လာကြတယ်။ ကိုယ့်ကိုယ်ကို သတိထားမိတာတခုက စိတ်ခံစားမှုက ထုံတုံတုံ ဖြစ်နေတယ်။ စက်ရုပ်တခုလိုပဲ ဘာမှလည်း လေးလေးနက်နက်မစဉ်းစားချင်တော့ဖူး။ မိုးရေးကို သွားနိုင်ဖို့ ကျနော်တို့ ဒုက္ခသည်စခန်းမှာ တောင်းဆိုသပိတ်မှောက်ခဲ့တယ်။ နယ်စပ်ကို ပို့ပြီးမောင်းနှင်ခံရတယ်၊ တောထဲမှာပြေးလွှားနေထိုင်ရတယ်။အမျိုးမတူ၊ ဘာသာမတူ၊ စကားလည်းမတူတဲ့ တိုင်းတပါးက တောင်ပေါ်တိုင်းရင်းတွေက ကျနော်တို့ကိုမိသားစုလို ကူညီစောင့်ရှောက်ခဲ့တယ်။ မေတ္တာတွေပြခဲ့တယ်။ ကျနော်တို့သိတ်ကိုလုံခြုံခဲ့တယ်၊လွတ်လပ်ခဲ့တယ်။ အခုကျနော်တို့ ကိုယ့်ဇာတိနိုင်ငံနဲ့ ပိုပြီးနီးတဲ့အရပ်ဒေသကို သွားရတော့မယ်။စိတ်ထဲ လေးလံနေတယ်။ မတက်ကြွဖူး၊ မပျော်ရွှင်ဖူး။
ဘယ်လောက်များ သဘာဝမကျလိုက်သလဲဆို ကိုယ့်နိုင်ငံနဲ့ဝေးလံပြီး တောကြီးမျက်မည်းထဲ နေရတာက လွတ်လပ်တယ်၊ အန္တရယ်ကင်းတယ်၊ ပျော်ရွှင်တယ်လို့ခံစားနေရပြီးကိုယ့် မွေးရပ်နိုင်ငံနဲ့ အနီးဆုံးကို ပြန်သွားမှာကိုတော့ သားရဲတွင်းထဲ ခုန်ဆင်းရတော့မလိုကြောက်ရွံ့နေရတယ်။ မပျော်ဖူး၊ ပူပန် စိုးရိမ်စိတ် ရှိနေတယ်။ တခါတခါ လောကကြီးဟာ ဟားတိုက်ရီမောလိုက်ဖို့ကောင်းလောက်အောင်အလွဲလွဲအချော်အချော်တွေနဲ့ပါလား…။
ကိုညို။
၀၂ဧပြီ၂၀၁၃
No comments:
Post a Comment