Tuesday, April 1, 2014

မိကျောင်းကန်သပိတ်စခန်းကို မတ် ၃၀၊ ၃၁ နှစ်ရက်ဆက်တိုက် အရုဏ်တက်ချိန် အင်အားသုံးဖယ်ရှားမှုကြောင့် နှစ်ဖက်ရုန်းရင်းဆန်ခတ် ဖြစ်ပွား


*******************************************************
မြေအသိမ်းခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေး၌ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ပြည်သူများက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေမှုကို မတ် ၃၁ ရက် နံနက် ၃ နာရီခွဲတွင် သက်ဆိုင်ရာက အင်အား ၁၀၀၀ ခန့်ဖြင့် နှစ်ရက်ဆက် အင်အားသုံး ဖယ်ရှားခဲ့ခြင်းကြောင့် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။

သပိတ်စခန်းကို ဖယ်ရှားရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအပါအ၀င် ရဲတပ်ဖွဲ့ဝင်များက လေးဖက်လေးတန်ပိတ်ဆို့လျက် အရပ်ဝတ် အမျိုးသား၊ အမျိုးသမီး လူအင်အား ၃၀၀ ကျော်က သပိတ်စခန်း၏ အမိုးအကာများနှင့် ၀ါးလုံးများကို ၀င်ရောက်ဖယ်ရှားမှုများပြုလုပ်၍ မြို့တော်ခန်းမဘက်သို့ ယူဆောင်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဖယ်ရှားဖျက်ဆီးနေစဉ် ဆန္ဒပြသူများက "အကြမ်းဖက်မှုအလိုမရှိ"၊ "နိုင်ငံတော်သမ္မတကြီး ကယ်တော်မူပါ"၊ "လွှတ်တော်ဥက္ကဋ္ဌကြီး ကယ်တော်မူပါ"၊ "သက်ကြီးရွယ်အို ဘိုးဘွားများနှင့် အမျိုးသမီးများကို အကြမ်းမဖက်ပါနဲ့" ဟု တောင်းဆို ကြွေးကြော်ခဲ့ကြပြီး အင်အားသုံးဖယ်ရှားသူများနှင့် အပြန်အလှန် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
"ဒီလိုညပိုင်းအချိန်မတော်မှ အင်အားသုံးပြီး ဖယ်ရှားတယ်။ နိုင်ငံတော်သမ္မတကြီးရော၊ ပြည်သူ့အသံကို ဗဟိုပြုတဲ့လွှတ်တော်ကရော သပိတ်စခန်းဖွင့်ဆန္ဒပြတဲ့သူတွေကို မျက်နှာလွှဲခဲပစ် လျစ်လျူရှုထားပါတယ်။ ဒီမိုကရေစီခေတ်မှာ ဆန္ဒပြတောင်းဆိုသူတွေကို အင်အားသုံးဖြေရှင်းတာက အရမ်းကိုအကျည်းတန်ပါတယ်။ ဒီမိုကရေစီစနစ်မဟုတ်ဘဲ အာဏာရှင်စနစ်ဆိုတာကို အစိုးရအနေနဲ့ သက်သေပြလိုက်တာပါ။ သပိတ်စခန်းကို ထပ်ဖွင့်ပြီး ဆန္ဒပြတောင်းဆိုမှာပါ" ဟု သပိတ်စခန်းမှ ဆန္ဒပြသူတစ်ဦးဖြစ်သူ ဦးစိန်သန်းက မတ် ၃၁ ရက်က ဆိုသည်။
သက်ဆိုင်ရာက အင်အားသုံးဖယ်ရှားမှုကြောင့် သပိတ်စခန်းအတွင်းရှိ ဆန္ဒပြသူ အမျိုးသမီးတစ်ဦး ခြေထောက်နှင့် နောက်ကျောဘက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သက်ကြီးရွယ်အိုဘိုးဘွားများမှာ စိတ်မငြိမ်သက်မှုများ ခံစားနေရကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မတ် ၃၀ ရက် ညနေပိုင်းတွင် သပိတ်စခန်း ဖယ်ရှားပေးရန် အသိပေးအကြောင်းကြားစာပေးပို့ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ အမိုးအကာပြုလုပ်နေထိုင်ခြင်း၊ ၀ါးတိုင်များထောင်ခြင်းတို့ကြောင့် စည်ပင်သာယာဥပဒေနှင့်အညီ ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ဆိုသည်။
(မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ ပြည်သူများက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုသည့်နေရာအား မတ် ၃၁ ရက် နံနက် ၃ နာရီခွဲက အင်အားသုံး ဖယ်ရှားမှုများ ပြုလုပ်နေကြစဉ်)
Credit : EMG

 

No comments: