အိန္ဒိယမှဘင်္ဂလားသို့
အန္ဒိယမှာ ၈၈ လုပ်ဖော်ကိုင်ဖက်ဟောင်းတချို့နဲ့ တွေ့ခဲ့ရတယ်။ ဒေါက်တာမြင့်ဆိုင်ရဲ့နောက်ကို ပါသွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ၀င်းထွဋ် လို့ခေါ်တဲ့ အမ်းကူက အဖွဲ့တစ်ခုက လူမှားပစ်လို့ တောထဲမှာပဲကျခဲ့ တယ်လို့ သိရတယ်။ အမ်းကူက သူ့အမျိုးသမီးနဲ့ သမီးလေးတယောက် ကျန်ခဲ့တယ်။ မြို့နယ် ကျောင်းသားသမဂ္ဂမှာ လုပ်ဖော်ကိုင်ဖက်နောက်တယောက်ဖြစ်တဲ့ ကိုသန်းနိုင်က မိုရေးစခန်းမှာ စခန်းမှူး ဖြစ်နေတယ်ဆိုလား ကြားခဲ့ရသေးတယ်။ ကျနော်က အချိန်လည်းမရ ငွေလည်း ထပ်ပြီး အကုန်အကျ များနေမှာစိုးပြီး ကိုသန်းနိုင်ကိုလည်း သွားမတွေ့ဖြစ်ခဲ့ဘူး။ နောက်ပိုင်း ကိုသန်းနိုင်ကြီးလည်း တောတွင်း ကြမ်းတမ်းတဲ့ ဖြတ်သန်းမှုတွေကြား ကျန်းမာရေးအနေအထားဆိုးရွားပြီး ကျဆုံးခဲ့တယ်လို့သိရတယ်။
ကျနော်အိန္ဒိယကပြန်ထွက်မယ့်နေ့ ညီငယ်ဇော်ဇော်က အန္ဒိယထုတ် ဖင်ကြီးကြီး ဘာဘူဆိုင်ကယ်နဲ့ ရထားဘူတာရုံကို လိုက်ပို့ပေးပြီးပြန်သွားတယ်။ ရထားက တနာရီကို တစီးလိုမျိုး ၃ စီးလောက် မီသေး တယ်။ ကျနော်က ရထားလက်မှတ်ဝယ်ပြီး ပါလာတဲ့ လက်ဆွဲအိတ်နဲ့ တွန်းလို့ရတဲ့ အ၀တ်အစားထည့်တဲ့ အိတ်အကြီးတလုံးကို စင်္ကြန်ပေါ်ချပြီး ရထားစောင့်နေတုန်း ဘူတာရဲနှစ်ယောက်ရောက်လာတယ်။ သူတို့က သူတို့ရဲ့ မီးရထားရဲရုံးကအရာရှိက ကျနော့ကိုတွေ့ချင်တယ်လို့ပြောပြီး ကျနော့ကိုလိုက်ခဲ့ဖို့ ခေါ်ကြတယ်။ ကျနော်က ဘယ်နေရာရောက်ရောက် ၀တ်ထားတဲ့ယူနီဖောင်းနဲ့ ၀တ္တရားကိုတော့ အသိအမှတ်ပြုတယ်။ ဒါကြောင့် ကျနော် သူတို့နောက်ကနေ လိုက်သွားလိုက်တယ်။ ဘူတာရဲစခန်းရုံးက ပုခုံးပေါ်မှာ နှစ်ပွင့်ရှိတဲ့ ရဲအရာရှိက ကျနော့ကို စစ်ဆေးချင်တယ်လို့ အင်္ဂလိပ်လိုပြောတယ်။ ကျနော်လည်းအလိုက်သင့် ဘာစစ်ချင် လဲ ရပါတယ်လို့ဆိုတော့ ကျနော့ရဲ့ အိတ်တွေကို စပြီးစစ်တယ်။ အန္ဒိယမှာ ကျနော်တို့နဲ့ ရုပ်ချင်းဆင်တဲ့ ချင်းသူပုန်လို၊ နာဂသူပုန်လို သူပုန်အဖွဲ့အစည်းတွေရှိတယ်ဆိုတော့ သူတို့လည်း ဂရုစိုက်ရမှာပေါ့။ အ၀တ်အစားအသုံးအဆောင်လောက်နဲ့ ဂျပန်လုပ် ရေဒီယို တလုံးပဲပါတဲ့အိတ်ကို ကျနော့ကို ပြန်ပေးတယ်။ သူတို့အဲဒါတွေကို စိတ်ဝင်စားပုံလည်း မပေါ်ပါဘူး။ တကယ်တော့ အဲဒီရေဒီယိုက စစ်တပ်တွေရဲ့ ရေဒီယိုထောက်လှမ်းရေးသုံးအထိ သုံးလို့ရတယ်။ ဂျပန်က မိတ်ဆွေတွေ လှမ်းပြီးပို့ထားတာ။ ကျနော့ရဲ့ ပတ်စ်ပို့ကို တောင်းတယ်။ ကျနော်ပေးလိုက်တော့ ခင်ဗျားက ဘာလုပ်လဲတဲ့။ ကျနော်က ကျောင်းဆရာပါ၊ ကျောင်းအားရက် ခရီးထွက်နေတာလို့ ပြန်ဖြေလိုက် တယ်။ သူက ပတ်စ်ပို့ကို ဖင်ပြန်ခေါင်းပြန်ကြည့်ရင်း “ခင်ဗျား ဒီနိုင်ငံကို လာတော့ ငွေဘယ်လောက်ပြခဲ့လဲ Show money လို့” ကျနော့ကိုမေးတယ်။ ကျနော်က “အဲဒါ ဘယ်လောက်ပြရတယ်ဆိုတာ ခင်ဗျား ပတ်စ်ပို့ထဲမှာတွေ့လား” လို့ပြန်မေးတော့ သူက “ဟင့်အင်း… မတွေ့ဘူး”တဲ့။ ကျနော်က “ဒါဆိုရင်လဲ ကျနော် ပြစရာမလိုလို့ပေါ့ဗျာ” လို့ ပြန်ဖြေတော့ သူက အဲဒါကို ကြေနပ်ပုံမပေါ်ဘူး။ ကျနော့ကို အမျိုးမျိုး လှည့်ပတ်မေးပြီးအချိန်ဆွဲနေတယ်။ ကျနော်စောင့်နေတဲ့ ရထား တစီးနှစ်စီးလွတ်သွားပြီ။ ဒီအတိုင်းဆိုရင် နောက်တစီးပဲ ကျန်တော့တယ်။ နို့မို့ အဲဒီမှာ အိပ်ရမယ့်အခြေ အနေပဲ။ သူက ကျနော့ကို show money ကိစ္စကိုဘဲ ထပ်တလဲလဲ မေးတယ်။ ကျနော်လည်း ကျနော့ဗီဇာကိုပါ ပြပြီး ခြောက်လအကြိမ်ကြိမ်ဝင်ထွက်နှိုင်တဲ့ ဗီဇာရထားတာကိုပါ ရှင်းပြပြီး အမျိုးမျိုးလှည့် ပတ်ဖြေသေးတယ်။ မရဘူး။ ဆိုတော့… ကျနော်လည်း စိတ်မရှည်တော့ဘူး။ အချိန်ကလည်း ညနေစောင်း တော့မယ်။ ကျနော်လည်း နောက်ဆုံး show money ဒေါ်လာ ၃၀၀ ပြရတယ်ကွာလို့ ပြောလိုက်တယ်။ သူက ကျနော့ရဲ့ ပိုက်ဆံအိတ်ကိုကြည့်ပါရစေတဲ့။ ကျနော် နဲနဲအံ့သြသွားတယ်။ ဒါပေမယ့် သူ့ကို ပိုက်ဆံ အိတ် ပြလိုက်တော့ သူက ကျနော့ရဲ့ အမေရိကန်ဒေါ်လာတွေကို ထုတ်ပြီးကြည့်တယ်။ အဲဒီမှာ ဒေါ်လာ ၃ ရာနဲ့ ၄၀ ရှိနေတယ်။ သူက ခပ်တည်တည်နဲ့ သူ့ရဲ့ အိတ်ကပ်ထဲကို ဒေါ်လာ ၄၀ ထိုးထည့်ပြီး ကျနော့ရဲ့ ပိုက်ဆံအိတ်နဲ့ ပတ်စ်ပို့ကို ပြန်ပေးပြီး မျက်နှာကြောတင်းတင်းနဲ့ “ခင်ဗျားသွားလို့ရပြီ”လို့ ပြောတယ်။
ကျနော့ရဲ့ ဒီခရီးစဉ်ရဲ့ အဓိကက ဘင်္ဂလားဒေ့ရှ်ရုံးခွဲ အတွက် အသုံးစားရိတ်အထောက်အပံ့ကို အန္ဒိယအခြေ စိုက် အနောက်ဖက် ABSDF ရုံးတာဝန်ခံတွေဆီက သွားထုတ်ခဲ့တာ။ ဗုဒ္ဓဂယာကိုတောင် ပိုက်ဆံကုန်မှာစိုး လို့ မသွားခဲ့ဘူး။ ဒီရဲ ဒုက္ခပေးမှ ပဲ့တော့မယ့်အနေအထားဖြစ်နေတော့ ကျနော်လည်း ခပ်တည်တည်နဲ့ သူ့ မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး “ခင်ဗျားက ကျုပ်ပိုက်ဆံကို သိမ်းတာလား”လို့ မေးလိုက်တယ်။ သူကလည်း သူပိုင်ပြီဆိုတော့ “ဟုတ်တယ်လေ။ ခင်ဗျားက ၃၀၀ ပြရတယ်ပြောတာ။ အခုခင်ဗျားမှာရှိတာ ၄၀ ပိုနေတယ်။ တရားမ၀င်ဘူး။ သိမ်းတယ်..” တဲ့။ ကျနော်က ဒါဆိုရင် တယ်လီဖုန်း ဘယ်မှာရှိလဲ၊ တယ်လီ ဖုန်းဆက်ချင်တယ် လို့သူ့ကိုမေးတော့။ သူနဲ့ ကျနော့ကိုလာခေါ်တဲ့ရဲနှစ်ယောက်က ရှေ့က၀ိုင်းပြီး ကာဆည်း ကာဆည်းလုပ်ကြတယ်။ ကျနော်က တယ်ဆီဖုန်းဆက်မယ်လို့ပဲ တောင်းဆိုနေတော့ သူက “မင်းက ငါ့အထက်ကို တယ်လီဖုန်းဆက်ရအောင်… ဘာကောင်မို့လဲ”တဲ့။ ကဲ ငြိပြီ။ ကျနော်သိတယ်။ ကျနော်က ပတ်စ်ပို့အတုကိုကိုင်ထားတာဆိုပေမယ့် အန္ဒိယလို ဒီမိုကရေစီကြီးကျယ်တဲ့နိုင်ငံမှာ ဒီမတရားမှုကို ကျနော် ရင်ဆိုင်မှရတော့မယ်ဆိုတာ။ ရုံးစားရိတ်ပဲ့တာမပဲ့တာက အဓိကမကျတော့ဘူး။ အဲဒီတော့ ကျနော်လည်း “အိုကေ…။ နယူးဒေလီမှာ မိတ်ဆွေတယောက်ရှိတယ်။ သူက အန္ဒိယမှာ ဘာအခက်အခဲရှိရှိ ဖုန်းဆက် ဆိုလို့ ငါအကူအညီတောင်းကြည့်မလို့ပါ။ ငါဘာကောင်လဲဆိုတာကိုလည်း မင်းသိရတာပေါ့” လို့ ခပ်ရစ်ရစ် နဲ့ ကျနော်ပြန်ပြောလိုက်တယ်။ မင်းသူငယ်ချင်းက ဘာလဲဆိုတော့ ကျနော်က ခပ်အေးအေးနဲ့ “သူက အန္ဒိယ နိုင်ငံသားတယောက်ပါကွာ”လို့ သူ့ကိုပြန်ဖြေလိုက်တယ်။ အချိန်ကလည်း အတော်လင့်နေပြီ ကျနော်လည်း ပွဲဖြတ်မှရတော့မယ်လို့စဉ်းစားမိတော့ ကျနော်က သူ ခုနက ကျနော့ဆီက ယူကြည့်တဲ့ ပိုက်ဆံအိတ်ထဲက ကျနော့ရဲ့ အန္ဒိယရောက်မိတ်ဆွေသစ်ရဲ့ လိပ်စာကဒ်ကိုထုတ် ဖုန်းနံပါတ်ကို ကျနော့လက်ပေါ်မှာ ဘော့ပင်နဲ့ရေးမှတ်၊ ပြီးတော့ သူ့စားပွဲပေါ် ဖြတ်ကနဲပစ်တင်လိုက်ပြီး “ဒါဆိုရင်လဲ။ မင်းဘဲ ဖုန်းဆက်ပေးတော့ကွာ။ အဲဒါသူ့လိပ်စာကဒ်ပဲ” လို့ပြောလိုက်တယ်။ လိပ်စာကဒ်က တဖက်မှာ အင်္ဂလိပ်လိုရေးထားပြီး တဖက်က အန္ဒိယဘာသာနဲ့ ရေးထားတာ။ သူက လိပ်စာကဒ်ကိုကောက်ပြီး ယူကြည့်ပြီး ဆတ်ကနဲဖြစ်သွားတယ်။ လိပ်စာကဒ်ပေါ်က နာမည်နဲ့ရာထူးက ဂျော့ဖာနန်ဒတ်စ် (ကာကွယ်ရေးဝန်ကြီး-အန္ဒိယ) တဲ့။ ၀ုန်းကနဲ မတ်တပ်ရပ် သတိဆွဲ ‘အချား’ ဆို ဆလံရိုက်ပြီး သူ့အိတ်ထဲက ကျနော့ရဲ့ ဒေါ်လာလေးဆယ်ကို ကျနော့ လက်ထဲ မြန်မြန်ပြန်ထည့်လိုက်တယ်။ ကျနော့ကို ဆောရီးချင်း ထပ်နေအောင်ကို တောင်းပန်တော့တယ်။ သူ့တပည့်ရဲ ၂ ယောက်ကိုလည်း ကျနော့အိတ်ကို ရထားပေါ်ရောက်တဲ့အထိ လိုက်ထမ်းပေးဖို့ လှည့်ဟောက်ပြီးမှာနေပုံရတယ်။ အင်္ဂလိပ်လိုလဲပါသေးတယ် ဘာတဲ့… this gentleman (ဒီလူကြီးလူကောင်း) တဲ့။ တယ်အပြောင်းအလဲမြန်ပါ့လား။ ဟဲဟဲ… ဘာရမလဲ ဒီတခါသူ့အလှည့်ဆိုတာ ကျနော်သိလိုက်ပြီ။ ကျနော်အကြာကြီးထိုင်ခဲ့ရတဲ့ရုံးထဲက မထွက်ခင် ကျနော် သူ့ကိုလှည့်ပြီး “ကျုပ်သွားတော့မယ်နော်။ သွားလို့ရပြီလား” လို့မေးတော့။ ရဲအရာရှိက “ဟာ… ရပါပြီ။ ရပါပြီ။ ခင်ဗျားလိုအပ်တဲ့အကူအညီရှိရင်လဲပြောပါ။ ကျနော်မသိလို့ အနှောက်အယှက်ပေးမိတာ ခွင့်လွှတ် ပါ” လို့ ပြောတယ်။ ကျနော်လည်း “အေးဗျာ… ဒီလိုပါပဲ။ ကျနော် နောက်မှ ကျနော့မိတ်ဆွေကြီးကို ဖုန်းဆက်ပြီး ဒီဘူတာရုံကရဲတွေက ကျနော့ခရီးစဉ်နှောင့်နှေးအောင် ၀ိုင်းဝန်းအကူအညီပေးကြကြောင်း ပြောလိုက်ပါ့မယ်” ဆိုတော့ ကျနော့မျက်နှာကို သူမ၀ံ့မရဲ စပ်ဖြဲဖြဲပုံစံနဲ့ ခေါင်းတခါခါကျန်ခဲ့တယ်။ ကျနော် ရထားပေါ်ရောက်တော့ လိုက်ပို့ပေးတဲ့ ရဲ ၂ ယောက်ကို ရူပီး ၃၀ စီလောက် လ္ဘက်ရည်ဖိုး ပေးခဲ့သေးတယ်။ သူတို့လည်း ထုံးစံအတိုင်း ဆလံရိုက်ပြီး ပြန်သွားကြတယ်။
ဒက္ကား သို့မဟုတ် ဒါခါ
ဒက္ကား Dacca ကို နောက်ပိုင်း ဒါခါ Dhaka လို့နာမည်ပြောင်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်မှာ ကျနော် နောက်ပိုင်း လေးငါးခြောက်လ နေခဲ့ရသေးတယ်။ အထူးသဖြင့် ရခိုင်မျိုးချစ်အဖွဲ့အစည်းတွေ၊ ချင်းမျိုးချစ်အဖွဲ့အစည်းတွေနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိခဲ့တယ်လေ။
ရခိုင်အသံထွက်တွေမှာ စကားက ပိုပြီးတုန်းမြင့်နေသလိုဖြစ်တာကို ပြောကြတော့ ရခိုင်လွတ်မြောက် ရေးပါတီ ALP က ခိုင်ရန်နိုင်စိုးနဲ့ ခိုင်သော်ကတို့က ခင်ဗျားတို့ ဗမာစကားက လျှာဖျားနဲ့ပြောတာ၊ ကျနော်တို့ ရခိုင်က လျှာရင်းနဲ့ပြောတာဗျား… တဲ့။ ရခိုင်အစားအသောက်မှာ ငါးပိမပါတဲ့ဟင်း ရှားတယ်။ စိမ်းစားငါးပိ ကိုတောင် ငါးပိကောင်းရင် ခါးတဲ့အရသာထွက်ရမယ်၊ အဲဒါမှ စားကောင်းတယ်တဲ့။ အစပ်ကလည်း စားသလားမမေးနဲ့။ ငြုပ်သီးအစိမ်းကို ကျောက်ပျင်လို ကျောက်တုံးပေါ်တင်ပြီး ကြိတ်ထားတဲ့ ငရုပ်ကရိတ် (ငြုပ်ကြိတ်) နဲ့ဆိုရင် ရှူးရှူးရှဲရှဲ ထမင်းမိန်သလားမမေးနဲ့။ ပြီးရင်တော့ လျှာထုတ်ပြီး ယပ်ခတ်နေပေတော့။
ရခိုင်မုန့်တီလည်း မကြာမကြာစားရတယ်။ ရခိုင်မုန့်တီဆိုလို့ ကျနော့ ဘဘ နေမကောင်းဖြစ်တုန်း ကြည့်မြင် တိုင်ဖက်က သူ့ညီမ၀မ်းကွဲ အထက်တန်းကျောင်းဆရာမ အပျိုကြီးတွေအိမ်မှာ ခဏတည်းကြတော့ လမ်းထိပ်က အပျိုချောလေးတွေရောင်းတဲ့ ရခိုင်မုန့်တီဆိုင်ကို ကျနော်တို့ညီအကို ရခိုင်မုန့်တီဆိုတာ ဘယ်လိုမှန်းမသိဘဲ ကောင်မလေးတွေကိုငန်းရင်း ၀င်စားကြတယ်။ ပြီးတော့ ဟင်းကိုမြည်းမကြည့်ဘဲ ငြုပ်သီးမှုန့်တွေတောင် ထပ်ထည့်လိုက်သေးတယ်။ ပြီးတော့ နှစ်ကောင်စလုံး ရှူးရှူးရှဲရှဲနဲ့ အကြီးအကျယ် ဒုက္ခရောက်ပြီး ကုန်အောင်မစားနှိုင်ဘူး။ ဟိုဘဘညီမ ဂျီးဒေါ်အပျိုကြီးတွေလို့ ဆိုတာကလဲ အလကား ပြောတာမဟုတ်ဘူး သူတို့ကလည်း အသက် ၆၀ ကျော်တွေအထိ ယောင်္ကျားမယူပဲနေကြတာ။ ဒီထက်ကြီး တဲ့ အပျိုကြီးတွေကို အခုအချိန်အထိ မတွေ့ဖူးသေးဘူးပြောရမယ်။ အဲ… ဘင်္ဂလားဖက်မှာတော့ ရခိုင်မုန့်တီ ဘယ်လောက်အထိ ပူကြောင်း၊ စပ်ကြောင်း အတွေ့ကြုံရှိနေပြီဆိုတော့ ထိမ်းထိမ်းသိမ်းသိမ်း စားနှိုင်ပါ တယ်။
ပညာတတ်တွေ အင်္ဂလိပ်စကားတစုံတရာပြောနှိုင်ကြတဲ့ နိုင်ငံဆိုတော့ ဒက္ကားတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ မကြာခဏ အဖွဲ့ကျတာပေါ့။ လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရတာမှ ၁၉၉၉ ခုနှစ် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်မှာ ဆန္ဒပြနေတဲ့လူအုပ်နောက်ကို ဘယ်လိုက်ရမှန်းမသိလို့ လမ်းဘေးက ဘင်္ဂါလီရဲကို သွားမေးတော့ သူက နေရာပြောရုံတင်မဟုတ်ဘူး သုံးဘီးပါငှားပေးလိုက်သေးတယ်။ ပုဆိုး ၀တ်ပြီးလွတ်လွတ်လပ်လပ်နေလို့လဲရတယ်။ နိုင်ငံတကာမှာ အန္ဒိယသားတွေ ကွန်ပြူတာအိုင်တီနည်းပညာ နဲ့ ထွန်းပေါက်နေကြတော့ ဘင်္ဂလားအစိုးရက သူ့နိုင်ငံသားတွေ ကွန်ပြူတာနဲ့ပတ်သက်တဲ့ ဘယ်ပစ္စည်းကို၊ ဘယ်နိုင်ငံကပဲ သွင်းသွင်း အခွန်မကောက်ဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေထဲမှာလည်း ကွန်ပြူတာကို ကြိုးစားလေ့လာနေကြတာ တွေ့ခဲ့ရတယ်။ ကျနော်အရင်က ပြောခဲ့သလို တိုင်းပြည်ရဲ့ခေါင်းဆောင်တွေဟာ အမျိုးသမီးတွေပဲ ဖြစ်နေတာ ကိုလည်း အံ့သြလေးစားမိတယ်။
ဆိုးတာက လူဦးရေများလွန်းတာ၊ ပူလွန်းအိုက်လွန်းတာ၊ ထိုင်းနိုင်ငံလို နိုင်ငံမျိုးနဲ့နှိုင်းယှဉ်မယ်ဆိုရင် အမှိုက်တွေ နေရာတကာပွပြီး ညစ်ပတ်နေတာ၊ ဆိုက္ကားတွေ သုံးဘီးတွေက ထွက်ဈေးတမျိုး ဆင်းဈေး တမျိုးဖြစ်နေတာ၊ ဗျူရိုကရက်ဆန်လွန်းတာတွေပါဘဲ။ ထိုင်းနိုင်ငံမှာဆို မီးခ၊ ရေခကို ရုံးမှာသွားဆောင် ရတယ်။ လက်မှတ်ယူ ကိုယ့်အလှည့်ရောက်အောင် အလွန်ဆုံး စောင့်ရရင် နာရီဝက်လောက်ပဲ ကြာမယ်။ ဘင်္ဂလားဒေ့ရှ်မှာ မီးဖိုးသွားပေးတော့ ရုံးထဲက ဟိုအခန်းက ဟိုအခန်းကိုသွား၊ ရပ်စောင့်လိုက် ထိုင်စောင့် လိုက် ဘယ်အရာရှိကို ၀င်တွေ့လိုက်နဲ့ တနေကုန်ကြာတယ်။
အမျိုးသမီးအများစုက ခေါင်းမြီးခြုံပြီး လမ်းထွက်ကြတယ်။ မီးပွိုင့်တခုမှာ ကျနော်ငှားစီးလာတဲ့ သုံးဘီးကား ရပ်တုန်း ယောင်္ကျားတွေအများကြီး ဆိုက္ကားပေါ်က ခေါင်းမြီးခြုံမထားတဲ့ အပျိုချောကို ဆိုက္ကားနဲ့ဆိုရင် ဆိုက္ကားကို၊ သုံးဘီးနဲ့ဆိုရင် သုံးဘီးကို သူစီးတဲ့ ဆိုက္ကားရှေ့ရောက်အောင် တိုးပြီး ၀ိုင်းကြည့်နေလိုက်ကြတာ ခြေထောက်ကနေခေါင်း၊ ခေါင်းကနေခြေထောက် အနုလုံပဋိလုံနဲ့ ငနဲတွေ မျက်လုံးတွေများ ကျွတ်ကျကုန် မလားထင်ရတယ်။ ဆိုက္ကားပေါ်က အမျိုးသမီးငယ်ကတော့ ရိုးနေပြီဆိုပြီး ဂရုမစိုက်တဲ့အထာနဲ့။ ငယ်ငယ်က လူကြီးတွေပြောတဲ့ ခေါ်တောကြည့်ဆိုတာ ဒါပဲဖြစ်ရမယ်။ သြော်… ဒါကြောင့် အမျိုးသမီးတွေ ခေါင်းမြီးခြုံ သင့်တာကိုး။
ခေါင်းမြီးခြုံမလေးတွေရဲ့ မျက်လုံးလေးတွေက အရမ်းလှတယ်လို့ တခါ ကားစီးရင်း စဉ်းစားမိသေးတယ်။ တကိုယ်လုံး မျက်လုံးတ၀ိုက်နဲ့ ခြေဖမိုးလောက်ပဲ ဖော်ထားတော့ ဒီမိန်းကလေးဘယ်လောက်ချောတယ် ဆိုတာမျိုး အကဲမဖြတ်နှိုင်ဘူးပေါ့။ အမြဲခြုံထားတော့ အသားအရည်လည်း တချို့အတော်လှတာတွေ့ ရတယ်။ တွေ့ရတဲ့နေရာလောက်ကိုပဲ မှန်းကြည့်တာနော်။ တခုတော့ရှိတယ် သူတို့ကတော့ တကိုယ်လုံး ဖုံးထားလို့ ကျနော်မမြင်ရဘူးပေါ့၊ သူတို့ကျတော့ ဖော်ထားတဲ့ မျက်လုံးလေးတွေကနေ ကိုယ့်ကိုပြန်ပြီး လိုက်ကြည့်လို့ရနေတယ်ဆိုတော့ မတရားဘူး။ ကြံကြံဖန်ဖန်တွေးကြည့်တာပြောပါတယ်။ ဘာပဲဖြစ်ဖြစ် တောင်အာရှဒေသက အမျိုးသမီးတွေရဲ့ မျက်လုံးမျက်ခုံးတွေ နှာတံအကျတွေအတော်လှတယ်လို့ မှတ်ချက် ပေးမိပါတယ်။
၁၉၉၉ ခုနှစ်အကုန်လောက် ဘင်္ဂလားရုံးခွဲကိစ္စ လွှဲသင့်တာလွှဲ အပ်သင့်တာအပ်လုပ်ပြီး ကျနော့အပေါ်မှာ အမကြီးတယောက်လို ဒက္ကားမှာ အစစအကူအညီပေးခဲ့တဲ့ ရခိုင်လွတ်မြောက်ရေးပါတီက ဒေါ်မြရာဇာလင်း နဲ့ မိသားစုကို သွားပြီး ကန်တော့နှုတ်ဆက်ခဲ့တယ်။ အသက်ရွယ်ရနေပြီဖြစ်တဲ့ သူ့ရဲ့ မိဘတွေလည်း ပါတာ ပေါ့။ ချင်းအမျိုးသားတပ်ဦး CNF ကလည်း ကျနော့ခရီးစဉ်အတွက် အစစ လိုလေသေးမရှိ ၀ိုင်းကူညီ ကြတယ်။
၁၉၉၉ အောက်တိုဘာအစ
ကျနော် ဒီတခေါက် ဘန်ကောက်မှာ သိပ်ကြာကြာမနေပါ။ ကျနော်ကို ညီလာခံမှာ စည်းရုံးရေးဌာနတာဝန်ခံ လို့တာဝန်ပေးထားတော့ ဌာနချုပ်ရှိတဲ့ နယ်စပ်ကို ပြန်ဆင်းဖို့ပြင်တယ်။ အဲဒီအချိန်မှာဘဲ ဘန်ကောက်က မြန်မာသံရုံးကို ကျောင်းသားအဖွဲ့တဖွဲ့ ၀င်စီးထားတယ်ဆိုတဲ့သတင်းတွေကို ထိုင်းတီဗွီတွေက တွေ့ရတယ်။ ထိုင်းအထူးလက်ဖြောင့်တပ်သားတွေ ကားတွေနဲ့ရောက်လာပြီး နေရာယူထားကြတယ်။ ကျနော် အထဲမှာ ဘယ်သူတွေမှန်း အစကမသိပေမယ့် သူတို့ကို စိုးရိမ်စိတ် ၀င်လာတယ်။ သူတို့ကလည်း သံရုံးက နိုင်ငံ အလံကိုချပြီး တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတင်ထားလိုက်ကြတယ်။ သေနတ် တချက်နှစ်ချက် ဖောက်တဲ့အသံ ကိုလည်းကြားရတော့ သူတို့မှာသေနတ်ပါတယ်ဆိုတာ ကျိန်းသေတယ်။ နောက်ပိုင်း စွမ်းအားမြှင့်မြန်မာ ကျောင်းသားစစ်သည်တော်များအဖွဲ့လို့ ကြေငြာချက်ထုတ်တယ်။ ထိုင်းအစိုးရအတွက် ခေါင်းကိုက်ရတဲ့ ဇတ်လမ်းပေါ့။ ထိုင်းအစိုးရက အမြှော်အမြင်ရှိကြတဲ့ လူကြီးတွေရဲ့ ညှိနှိုင်းမှုနဲ့ သွေးထွက်သံယိုမှုမဖြစ်ပဲ အခြေအနေက အေးချမ်းသွားတယ်။ စီနင်းထားတဲ့ ကျောင်းသားတွေကို သူတို့သွားချင်တဲ့ နယ်စပ်ရောက် တဲ့အထိ ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်က လိုက်ပို့ပေးလိုက်တယ်။ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဂျော်နီဆိုတာ ကျနော်တို့ ညီနောင်တပ်ရင်းဖြစ်တဲ့ တပ်ရင်း၂၁၀ က ရဲဘော်ဟောင်း။ ဒီဖြစ်စဉ်တခုလုံးလိုလို ကို ထိုင်းတီဗွီတွေက လိုက်ဗ် Live Show (ဖြစ်နေတာကို ဖြစ်နေတဲ့အချိန်မှာပြတာ) ပြနေတော့ အတော် စိတ်လှုပ်ရှားစရာကောင်းတယ်။ သံရုံးဖက်ကိုတော့ သွားလို့မဖြစ်ဘူး။ ထိုင်းအာဏာပိုင်တွေက မသင်္ကာတဲ့ လူတွေကို လိုက်ဖမ်းကြတာဆိုတော့ ကိုယ်လဲပါသွားမှာစိုးလို့။ သံရုံးရှေ့ကို အရဲစွန့်ပြီးရောက်သွားတဲ့ မာရသွန်ပြေးတဲ့ သူပုန်ကျောင်းသားကြီး တောင်ပိုင်းသား ကိုဝင်းထိန် (ထက်အောင်ကျော်) က ဒီဗွီဘီ သတင်းထောက်ပူပူနွေးနွေးဘ၀မှာ ဒီသံရုံးသိမ်းမှုကြီးနဲ့ ဘယ်လို ခြေမ-ကိုင်မိ၊ လက်မ-ကိုင်မိ ဖြစ်နေတယ် ဆိုတာ ရေးထားသေးတယ်။ ခြေမကိုင်မိ လက်မကိုင်မိပြောမလို့ဟာ ဘယ်က ခြေမတွေ၊ လက်မတွေ ရောက်လာတယ်မသိဘူး။
ကျနော်လည်း ဒီလိုအခြေအနေတွေ ရှုပ်ထွေးနေရင် ကိုယ့်အဖွဲ့အစည်းဖက် ကိုလည်း ဦးလှည့်လာနှိုင်တာမို့ နယ်စပ်ကို အမြန်ပြန်ဆင်းမှဖြစ်မယ်လို့ စဉ်းစားမိပြီး နောက်တရက်နှစ်ရက် ဘတ်စ်ကားနဲ့ ပြန်လာခဲ့တယ်။
ဆရာဖြစ်ခွင့်ကြုံခြင်းများ
နယ်စပ် မဲစရီရင်းရုံးကိုရောက်တော့ ထိုင်းအာဏာပိုင်တွေက တင်းကြပ်လာနှိုင်တဲ့ နယ်စပ်ရုံးတွေရဲ့ လုံခြုံ ရေးအနေ အထားကြောင့် ရုံးမှာလည်း ကြာကြာမနေတော့ပဲ ဌာနချုပ်အထိ ပြန်ဆင်းခဲ့တယ်။ ဌာနချုပ်က လည်း မာနယ်ပလောတိုက်ပွဲတွေအပြီး လုံခြုံရေးအခြေအနေကြောင့် ထိုင်းဖက်မှာ ယာယီစိုက်ထားတာ။ ယာယီ စိုက်ထားတယ်သာပြောတာ အထက်တန်းကျောင်းနဲ့ မရှိမဖြစ်ဌာနရုံးတွေကိုတော့ အခိုင်အခန့် ဆောက်ထားကြတာပါဘဲ။
ကျနော်ကတော့ စာကြည့်တိုက်နဲ့တွဲထားတဲ့ ရုံးသေးသေးတလုံးကို ဗဟိုက ရဲဘော်တွေအကူအညီနဲ့ ဆောက်ရတယ်။ တချိန်ထဲမှာဘဲ အဲဒီအချိန်က ဗဟိုဌာနချုပ်တာဝန်ခံလုပ်နေတဲ့ ကိုမောင်မောင်ကြီးနဲ့အတူ တတ်သမျှမှတ်သမျှ အင်္ဂလိပ်စာသင်တန်းတွေကို ရဲဘော်ရဲမေတွေအတွက် လုပ်ပေးဖြစ်တယ်။ ညပိုင်း ၂ နာရီလောက် မီးစက်နဲ့ပေးတဲ့ လျှပ်စစ်မီးရတော့ အလုပ်အဖြစ်သား။ နောက်ပိုင်း ဗဟိုအထက်တန်း ကျောင်းမှာလည်း ၈ တန်း၊ ကိုးတန်း၊ ဆယ်တန်းကျောင်းခန်းတွေကို အင်္ဂလိပ်စာသင်ပေးဖြစ်တယ်။ ကျောင်းအုပ်ကြီးက ကျနော့တပ်ရင်းမှာ အရင်ဆေးမှူးလုပ်သွားခဲ့တဲ့ ကိုလှဌေးပေါ့။
အဲဒီအထက်တန်းကျောင်းမှာ ရဲဘော်တွေရဲ့ ကလေးတွေပါသလို၊ ဒုက္ခသည်စခန်းက တိုင်းရင်းသားကလေး တွေနဲ့ ကျောင်းစာသင်ခွင့်မရတဲ့ ပြည်တွင်းစစ်ပွဲဖြစ်နေတဲ့ဇုံထဲက ကလေးတွေ၊ မိဘမဲ့ကလေးတွေလည်း ကျောင်းအိပ်ကျောင်း စားနေပြီး လာတက်နေကြတာရှိတယ်။ အဲဒီအချိန်ကကို ကလေး ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ်။ အခုဆိုရင် ကလေးတွေ အများကြီးဖြစ်နေလောက်ပြီ။ ကျနော်က ရီစရာမောစရာတွေကို စာသင်ရင်း ကြုံရင်ကြုံသလိုပြောပြီး ရှင်းပြတော့ ကလေးတွေက တ၀ါးဝါးတဟားဟားဖြစ်နေတာပေါ့။ ကလေးတွေကလည်း အပြင်မှာတွေ့ရင် မုန့်ဝယ်ကြွေးခိုင်း၊ ကွမ်းဝယ်ကြွေးခိုင်းနဲ့ သူတို့ဆရာကို သူငယ်ချင်း လိုခင်ကြတယ်။ ကျနော်က စာသင်ခန်းမ၀င်ခင် မိနစ် ၂၀၊ နာရီဝက်လောက် အနည်းဆုံ အချိန်ယူပြီး သူတို့ ကိုသင်ပေးဖို့ ပြင်ရတယ်။ တချို့ဆရာ၊ ဆရာမတွေကတော့ ဟီးဟီးဟားဟားဖြစ်နေတဲ့ ကျနော့ စာသင်ခန်း ကို သိပ်မကြည်ကြဘူး။ တခါတလေ ကျနော်က တခန်းလုံးက ကျောင်းသား၊ ကျောင်းသူတွေကို သစ်ပင် အောက်ခေါ်သွားပြီး စာသင်ချင်သင်တာ။ အဓိကက သူတို့နဲ့ထိစပ်နေတာတွေအားလုံးကို ပြောတတ်စေချင် လို့ သစ်ပင်၊ ငှက်၊ ကောင်းကင် စသဖြင့် တွေ့တာကို အပြောကျင့်ခိုင်းတာ။ အချိန်တန်လို့ စာမေးပွဲရှိတော့ မေးခွန်းတွေကို ဆရာကြီးရှေ့မှာ ထိုင်ထုတ်၊ ကျောင်းဝန်ထမ်းဖြစ်တဲ့ ကိုမှက်ဒေါကို စာလှိမ့်ခိုင်းပြီး ကျောင်း အုပ်ကြီးကိုအပ်ပေးရတယ်။ အင်္ဂလိပ်စာအောင်ချက်က အဆင်ပြေအောင်မြင်တော့မှ ဒီဆရာကိုလည်း တခြားဆရာတွေနဲ့ မိဘတွေက အသိအမှတ်ပြုတာ။ လွယ်တာမဟုတ်ဘူး။
အဖွဲ့အစည်းကလုပ်တဲ့ ရဲဘော်သစ်သင်တန်းတခုနှစ်ခုမှာလည်း အဖွဲ့အစည်းရဲ့ပေါ်လစီသင်ခန်းစာကို ၀င်ပြီး သင်ပေးခဲ့ရသေးတယ်။ အဲဒီတုန်းက အရင်က စစ်ဦးစီးချုပ်အထိတာဝန်ယူခဲ့တဲ့ ထားဝယ်သား ကိုကျော်ထင်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျောင်းသားတပ်မတော်ဥပဒေကို သင်တယ်။ အဲဒီမှာလည်း သင်ရတဲ့အချိန်က ထမင်းစားပြီး အိပ်ငိုက်တတ်တဲ့ နေလည်ပိုင်း အချိန်တွေဆိုတော့ ရီစရာမောစရာတွေနဲ့ပဲ မှတ်မိအောင် သင်ပေးရတယ်။ ခင်ဗျားဗျာ စစ်သင်တန်းကိုများ ဟီလာတိုက်အောင်လုပ်နေရလားလို့တော့ မပြောကြနဲ့ဦး။ စာသင်တဲ့လူတိုင်းမှာ ကိုယ်ဒီအခန်းထဲက ပြန်ထွက်လာရင် လေ့လာသူတွေဆီမှာ ဘာ ချန်ထားခဲ့မလဲဆိုတဲ့ သတိနဲ့ပြင်ဆင်မှုရှိရမှာဖြစ်သလို အဲဒီလို ကျနော်အမြဲစဉ်းစားပြီး လုပ်ပါတယ်။ ဒီ ရဲဘော်လေး တွေထဲက တချို့ စွန့်လွှတ်ခဲ့ကြပြီ။ တချို့လဲ သက်သေ ပြနေဆဲ။
နွေရာသီကျောင်းပိတ်ရက်မှာ ကျနော် ရက်တို အင်္ဂလိပ်စကားပြောသင်တန်းတခုလုပ်ပေးတော့ တခြား ကရင်ကျောင်းတွေက ကျောင်းသားတွေပါလာတက်ကြလို့ လူတရာနီးပါးဖြစ်သွားတယ်။ အတော်များများက မြန်မာစကားမတတ်ကြဘူး။ ဒါပေမယ့် ဒီလိုတောထဲက ကလေးတွေလည်း ပညာကိုလိုချင်စိတ်ရှိကြတယ် ဆိုတာကိုပြောတာ။ အဲဒီကျောင်းသားအုပ်ကြီးနဲ့ ကံကောင်းလို့ ရွာဦးကျောင်းဆရာတော်ရဲ့ ဘုန်းကြီး ကျောင်း ကျိုးမကျတာ။ အဲ.. လာပြန်ပြီ ကံကောင်းလို့…။
အခမ်းအနားများနှင့် ဖိုးခွားကြီး
ကိုမောင်မောင်ကြီးက အဖွဲ့အစည်းကိုကိုယ်စားပြုပြီး တက်ရမယ့် ဆွေးနွေးပွဲတခု တခြားအာရှနိုင်ငံတခုမှာ သွားရတော့ ကျနော့ပုခုံးပေါ်ကို သူယူထားတဲ့ ဗဟိုဌာနချုပ်တာဝန်ခံဆိုတာကြီး ယာယီရောက်လာတယ်။ ယာယီသာပြောတာ နှစ်လလောက်ရှိတယ်။ အဲဒီတော့ ဗဟိုစီမံခန့်ခွဲရေးကိစ္စတွေကိုပါ ကိုစိုင်းမြင့်သူနဲ့ ဗဟိုမှာ တွဲကူရတယ်။ ဗဟိုမှာလည်း ရှစ်လေးလုံးနှစ်ပတ်လည်တို့။ ABSDF မွေးနေ့တို့ အခန်းအနားတွေကို စီစဉ်ကျင်းပကြလေ့ရှိတယ်။ အဲဒါက လုပ်သားများကောလိပ်ကနေ တောခိုလာတဲ့ ရန်ကုန်သား ကိုမောင်မောင်ကြီးလုပ်နေကြ။ သူက ခရီးသွားနေတော့ ကိုယ်လည်း တတ်သည့်ပညာမနေသာ ၀င်ပါရတာ။
နိုဝင်ဘာ (၁) ရက်နေ့ကို ABSDF မကဒတ မွေးနေ့လို့သတ်မှတ်ထားတော့ ABSDF (၁၁) နှစ်မြောက်မွေးနေ့ ကို ဗဟိုမှာ ကျင်းပဖို့စီစဉ်ရတယ်။ အမှန်က ကိုမောင်မောင်ကြီးက အခမ်းအနားမှူးလုပ်နေကြ။ သူမရှိတော့ တပ်ရင်း၂၀ရ က သူငယ်ချင်းရဲဘော်ကြီး သောင်းထိုက်ကို အခမ်းအနားမှူးလုပ်ခိုင်းရတယ်။ ကိုစိုင်းမြင့်သူ က သဘာပတိပေါ့။ ထုံစံအတိုင်း လူတွေအရင်ထည့်။ သဘာပတိက နောက်မှလာ အခမ်းအနားမှူးက သဘာပတိကိုကြိုပေါ့။ ကိုသောင်းထိုက်အသံကြီး မိုက်ကရိုဖုန်းထဲက ထွက်လာတယ် “တက်ရောက်လာတဲ့ ပရိတ်သတ်ကြီးခင်ဗျား။ အခမ်းအနားမှူးကြီး ကြွရောက်လာပြီဖြစ်တဲ့အတွက် ခေတ္တ မတ်တပ်ရပ်ပေးကြပါ ရန် မေတ္တာရပ်ခံအပ်ပါတယ်” တဲ့။ ကျနော်က ကိုသောင်းထိုက်နဲ့ မျက်နှာချင်းဆိုင်က ထိပ်ဆုံးခုံတန်းမှာ ထိုင် နေတာ။ အဲဒီတော့ ကျနော်လည်း ကိုသောင်းထိုက်ကိုကပ်ပြီး “နင့်ဂျီးဒေါ်မို့လို့… နင်ကြွလာတာ ငါတို့က မတ်တပ်ရပ်ပေးရမလား” လို့ပြောတော့မှ “ဟာ… သီးခံပါခင်ဗျာ။ ကျနော်မှားသွားလို့ပါ။ ဆောရီး… ဆောရီး။ သဘာပတိကြီး ကြွရောက်လာပြီဖြစ်တဲ့အတွက်။ ပရိတ်သတ်ကြီး ခေတ္တ မတ်တတ်ရပ်ပေးကြပါ” တဲ့။ မှား စရာလား။ ကိုမောင်မောင်ကြီးသာလုပ်ရင် ဒီလိုမဖြစ်ဘူး။
ကိုမောင်မောင်ကြီးဆိုရင် ဗဟိုကလုပ်တဲ့အခမ်းအနားတိုင်းလိုလိုမှာ သူက အခမ်းအနားမှူးကြီးပေါ့။ ကို မောင်မောင်ကြီးက တပ်ရင်း ၂၀၇ က ဆေးမှူးရဲမေ နော်လေးဒီနဲ့အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရှိ တယ်။ အကြီးကောင်ကို ဖိုးခွားကြီးလို့ ခေါ်ကြတယ်။ အငယ်ကတော့ ဖိုးခွားလေးပေါ့။ ဖိုးခွားကြီးက အဲဒီအချိန်က စကားကောင်းကောင်းပြောတတ်ပြီ ဆိုတော့ ကိုကြီးလဲ သူ့ရဲ့သားကြီးကို အသေအချာ သင်ပေးထားပြီး ဧည့်သည်တွေလာတိုင်းပွဲထုတ်လေ့ရှိတယ်။ သားသား… လာပါဦး။ သားသားနာမည် ဘယ်လိုခေါ်လဲ - “မောင်ရန်နိုင်”။ သားသားကို ဖေဖေနဲ့မေမေက ဘယ်လိုခေါ်လဲ - “ဖိုးခွားကြီး”။ သားသားဖေဖေနာမည်ဘယ်လိုခေါ်လဲ - “သားသားဖေဖေ ဦးမောင်မောင်ကြီး”။ သားသားမေမေကရော နာမည်ဘယ်လိုခေါ်လဲ - “မေမေက နော်လေးဒီ”။ ဟုတ်ပြီ သားသား အသက်ဘယ်နှစ်နှစ်ရှိပြီလဲ - “သုံးနှစ်”။ သားသားဘယ်နှစ်တန်းရောက်ပြီလဲ - “တူငယ်တန်း”။ သားသားကြီးရင် ဘာလုပ်မလဲ - “ဆရာဝန်ကြီးလုပ်မယ်”။ ကျနော်အမြဲကြားနေကြ မေးခွန်းနဲ့အဖြေတွေပါ။
အဲတနေ့တော့ တခြားအနားဝန်းကျင်က ရဲဘော်တယောက်က ကိုမောင်မောင်ကြီးမသိတုန်း ကျိတ်ပြီး ဖိုးခွားကြီးကို “မင်းက ဆရာဝန်တကယ်ဖြစ်ချင်တာလား။ မင်းဖေဖေလို အခမ်းအနားမှူးကြီးမလုပ်ချင်ဘူး လား။ အခမ်းအနားမှူးကမှ မင်းစင်ပေါ်မှာ လူတွေကို စကားပြောရတာကွ။ မိန့်ခွန်းတွေလည်းပေးရတယ်။ ဘယ်လောက်ကောင်းလဲ” ဘာညာနဲ့ သင်ပေးလိုက်တယ်။ အဲဒါကို ကိုမောင်မောင်ကြီးက မသိတော့ ဧည့်သည်တွေလာတုန်း ခါတိုင်းလို သူ့သားကို ပွဲထုတ်တာပေါ့။
သားသား… လာပါဦး။ သားသားနာမည် ဘယ်လိုခေါ်လဲ - “မောင်ရန်နိုင်”။ သားသားကို ဖေဖေနဲ့မေမေက ဘယ်လိုခေါ်လဲ - “ဖိုးခွားကြီး”။ သားသားဖေဖေနာမည်ဘယ်လိုခေါ်လဲ - “သားသားဖေဖေ ဦးမောင်မောင်ကြီး”။ သားသားမေမေ နာမည်ကရော ဘယ်လိုခေါ်လဲ - “မေမေ နော်လေးဒီ”။ ဟုတ်ပြီ သားသား အသက်ဘယ်နှစ်နှစ်ရှိပြီလဲ - “သုံးနှစ်”။ သားသားဘယ်နှစ်တန်းရောက်ပြီလဲ - “တူငယ်တန်း”။ သားသားကြီးရင် ဘာလုပ်မလဲ - “အခန်းနားမှူးလုပ်မယ်”တဲ့။ အနီးအနားက အားလုံး တဟားဟားပွဲကျကုန် ပါလေရော။ ကိုမောင်မောင်ကြီးလဲ တွန့်ကနဲဖြစ်သွားပြီး ဘယ်ကောင်က ကလေးကိုကြပ်သွားပြန်လဲ မသိဘူးလို့ပြောတယ်။
ကလေးဆိုတာဟာ မိဘလုပ်တာအကောင်းလို့ပဲထင်ကြတာပါဘဲ။ ကျနော်ငယ်ငယ်ကလည်း အတန်းထဲမှာ ဆရာမက အတန်းထဲက ကျနော်အပါအ၀င် ကလေးတွေကို ကြီးလာရင်ဘာလုပ်မလဲလို့ တယောက်ချင်း မေးတော့ အများစုက ဆရာဝန်တို့ အင်္ဂျင်နီယာတို့ ကျောင်းဆရာတို့ ပြောနေချိန်မှာ ကျနော့သူငယ်ချင်း သိုက်စိုးက ရေထမ်းရောင်းမယ်လို့ ပြောတာမှတ်မိသေးတယ်။ ဟုတ်တယ် သူ့အဖေက သံပုံးနှစ်လုံးကို ထမ်းပိုးနဲ့ထမ်းပြီးရေရောင်းစားရတာလေ။
xxxxxxxxx
ဆက်ပါမည်.....
No comments:
Post a Comment