Saturday, March 30, 2013

မြိတ်မြို့၌ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြို့ရှိ ဘာသာပေါင်းစုံ  တွေ့ဆုံ ဆွေးနွေးပွဲ အခမ်း အနားအား မတ်လ (၃၀) ရက်နေ့ နံနက် (၈) နာရီအချိန် မြိတ်မြို့ ကန်ခေါင်းရပ် ထုံးဖို ဗလီရှိ စန္ဒာခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့ မြို့မိမြို့ဖများ၊ ရပ်ကွက်များမှ အရပ်လူကြီးများ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊ ပြည်ခိုင်ဖြိုး ပါတီ၊ NLD ပါတီ၊ တစညပါတီ ၊ (၈၈) မျိုးဆက် စသည့် နိုင်ငံရေး ပါတီများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ မြိတ်မြို့နယ် နာရေး ကူညီမှုအသင်း၊ ၀ဋံသက နာရေးကူညီမှု အသင်းတို့မှ အမှုဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၀၀) ကျော်ခန့် တက်ရောက် ကြသည်။ 

အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်နှင့် အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များက မြိတ်မြို့ တည်ငြိမ်ရေး၊ အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်ရေး၊ ကောလာဟလ များနှင့် ပတ်သက်ပြီး မယုံကြည်ရေးနှင့် ပွင်းလင်းစွာ ပေါင်းစပ် ညှိနှိုင်း ဆက်ဆံရေး၊ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ငြိမ်းချမ်းစွာဖြင့် အတူ ပူးပေါင်းပြီး လက်တွဲဖြေရှင်း သွားမည့် ကိစ္စများကို ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

ထို့အပြင် မြိတ်မြို့နယ် အတွင်းရှိ ဘာသာပေါင်းစုံ ချစ်ကြည်ရေး တွေ့ဆုံပွဲ အခမ်းအနားကို ဆရာတော် ဘုရားကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း အသီးသီး ထံမှ လမ်းညွှန် သြ၀ါဒ ခံယူပြီး သင့်တော်မည့် နေ့တွင် ပြုလုပ် ကျင်းပသွားမည့် ကိစ္စကိုလည်း ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်း သိရ ရှိသည်။ အစည်းအဝေး အပြီးတွင် တက်ရောက် လာကြ သူများသည် ထုံးဖို ဗလီအတွင်း ၀င်ရောက် လှည့်လည်ကြည့်ရှု့ လေ့လာ ကြသည်။

အစည်းအဝေး ပြီးနောက်တွင် တက်ရောက် လာကြသော ဘာသာပေါင်းစုံ ကိုယ်စားလှယ်များသည် မြိတ်မြို့ တပ်ပြင်ရပ်ရှိ ကောလိပ်ကုက္ကိုလ် ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် မဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ဦးတိလောက ဆရာတော် ဘုရားကြီး ထံ သွားရောက်ပြီး လှူဖွယ် ၀တ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ သြ၀ါဒ ခံယူကြသည်။ ထိုနောက် မြိတ်မြို့ပေါ်ရှိ သြ၀ါဒ စရိယ ဆရာတော်များ၏ ကျောင်းတိုက်များ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ ဟိန္ဒူ ဘုရား ရှိခိုးကျောင်းများအား သွားရောက်ပြီး လှူဖွယ် ၀တ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်း ပေးအပ်ကာ သြ၀ါဒများ ခံယူ ခဲ့ကြကြောင်း သတင်း ရရှိပါသည်။ 
 
   



No comments: