Tuesday, March 19, 2013

လူနှင့် အသင်းအဖွဲ့စိတ်ဓါတ်


လူနှင့် အသင်းအဖွဲ့စိတ်ဓါတ်

by Nay Phone Latt (Notes) on Sunday, March 17, 2013 at 5:19am
ဂီတာတစ်လုံးကိုလူငါးယောက်ဝိုင်းတီးပြီး သီချင်းတစ်ပုဒ်ကိုအတူတူဆိုနေကြတဲ့ ဗွီဒီယိုကလစ်လေးတစ်ခုကို ကြည့်နေရင်း ကျနော် အသင်းအဖွဲ့စိတ်ဓါတ် (Team Spirit) အကြောင်းကိုစဉ်းစားနေမိပါတယ်။ ဂီတာတစ်လုံးတည်းကို ငါးယောက်စလုံးက သူ့အပိုင်းနဲ့သူခွဲပြီးတီး သီးချင်းတစ်ပုဒ်ကိုလည်းသူ့အပိုင်းနဲ့သူ ဆိုနေကြတော့ ... သူတို့ငါးယောက် စလုံးရဲ့လုပ်ရှားမှုနဲ့ အခန်းကဏ္ဍဟာ အကန့်အသတ်ရှိနေပါတယ်။ တစ်ယောက်တည်းဂီတာတစ်လုံးလွယ်ပြီး စင်ပေါ်မှာ ပြေးလွှားခုန်ပေါက်သီဆိုနေနိုင်တဲ့ အဆိုတော်တစ်ယောက်နဲ့ သူတို့ငါးယောက်ကို နှိုင်းယှဉ်ကြည့်မိပါတယ်။ ဂီတာတစ်လုံး၊ လူငါးယောက်နဲ့ သီချင်းတစ်ပုဒ်ဟာ အသံစုံ၊ရသစုံနဲ့တမူထူးခြားတဲ့အတွက် နားထောင်ရတာရော ကြည့်ရတာပါ ပိုစိတ်ဝင်စား ဖို့ကောင်းပြီး ... ဂီတာတစ်လုံး၊ လူတစ်ယောက်၊ သီချင်းတစ်ပုဒ်ကတော့ သာမာန်အတိုင်းမထူးခြားဘူးဆိုပေမယ့် လွတ်လပ်စွာလှုပ်ရှားပြေးလွှားသီဆိုနိုင်မှုမှာတော့ သာလွန်တယ်လို့ဆိုနိုင်ပါတယ်။ ကျနော်ဘာတွေတွေးမိနေတယ်ဆိုတာကို စာဖတ်သူလဲ မှန်းဆ မိလောက်မယ် ထင်ပါတယ်။ တစ်ဦးတစ်ယောက်တည်းမဟုတ်ပဲ အများနဲ့အတူတူ ကိစ္စရပ်တစ်ခုကို လက်တွဲဆောင်ရွက်ကြရတဲ့ အခါမှာ ကျနော်တို့ရဲ့လွတ်လပ်စွာပြုမူလုပ်ကိုင်လိုမှုတွေကို အတိုင်းအတာတစ်ခုအထိ စွန့်ဖို့လိုအပ်တယ်ဆိုတာပါ ...။

အသင်းအဖွဲ့စိတ်ဓါတ်ရဲ့ အခြေခံအကျဆုံးသဘောထားကတော့ မိမိကိုယ်ကို အသင်းအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် စဉ်းစားနိုင်ခြင်းပါပဲ။ အဲဒီ့လိုပဲ အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ အခြားသောသူများစွာကိုလည်း ကြီးကြီးသေးသေး အားလုံးဟာ အဖွဲ့အစည်းအတွက် အရေးပါသော အစိတ်အပိုင်းတွေပဲဖြစ်တယ်လို့သဘောထားနိုင်ရပါမယ်။ နာရီတစ်လုံးဟာ အရမ်းသေးငယ်တဲ့ ခွေးသွားစိပ်ကလေးတစ်ခု ဖယ်ထုတ်လိုက်ရုံနဲ့ အလုပ်လုပ်တာရပ်သွားနိုင်သလိုပဲ ... အဖွဲ့အစည်း တစ်ခုမှာလဲ လူတိုင်းလူတိုင်းဟာ သမမျှတစွာနဲ့ သူ့အပိုင်းနဲ့သူအရေးပါနေတယ်လို့ နားလည်ထားဖို့လိုပါတယ်။ ဒီလိုပြောလို့ တစ်ခါတစ်လေမှာ အဖွဲ့အစည်းကို အနှောက်အယှက်ပေးမယ့် သူတွေ အဖွဲ့အစည်းထဲမှာရှိနေနိုင်တယ်လို့ ပြောစရာရှိပါတယ် ... ကျနော်ကတော့ ဒီကိစ္စကိုလဲ အကောင်းမြင်ပါတယ်။ အခက်အခဲတွေ၊ အနှောက်အယှက်တွေ၊ အတားအဆီးတွေမရှိပဲ အစစအရာရာ အမြဲတမ်းအဆင်ပြေချောမွေ့နေမယ်ဆိုရင် ဘဝဟာ ရသမစုံပဲ ပျင်းစရာ သိပ်ကောင်းနေမယ်လို့ ထင်ပါတယ်။ ရုံးတစ်ရုံးမှာဆိုရင် အဲယားကွန်းခန်းထဲထိုင်နေတဲ့ ရာထူးကြီးကြီးယူထားသူမှမဟုတ်ပါဘူး ... အိမ်သာဆေးဖို့ တာဝန်ယူထားတဲ့ သန့်ရှင်းရေးသမားလဲအရေးကြီးပါတယ်။

 သူသာ အလုပ်ကောင်းကောင်းမလုပ်ရင် တစ်ရုံးလုံး ညစ်ပတ်ပေရေပြီး အားလုံးရဲ့စိတ်တွေ လန်းလန်းဆန်းဆန်းရှိနေနိုင်မှာမဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုအတွင်းမှာရှိနေကြတဲ့ သူတွေတိုင်းဟာ ကျရာတာဝန်ကိုယူကြပြီး ကိုယ့်တာဝန်ကိုယ် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ကြဖို့အတွက် ... ရာထူးအကြီး အသေးကိုလိုက်ပြီး ခွဲခြားဆက်ဆံနေတာမျိုးမလုပ်ပဲ တာဝန်တိုင်းဟာ အရေးပါတယ်လို့ အားလုံးကသဘောထားနိုင်ကြပြီး ... ရာထူးအကြီးဆုံး ဥက္ကဌ ဆိုသူကတောင် ... သန့်ရှင်းရေးလုပ်ပေးနေတဲ့သူကို လေးစားမှုတစ်ခုနဲ့ ဆက်ဆံနိုင်ဖို့လိုပါတယ်။ ဒီလိုမျိုး အပြန်အလှန်လေးစားမှုတွေရှိနေတဲ့ ဝန်းကျင်တစ်ခုကိုဖန်တီးနိုင်ပြီဆိုရင် ... မိမိအလုပ်ကို မိမိဂုဏ်ယူကျေနပ်နေသော၊ ကျရာတာဝန်ကိုကျေပြွန်ကြသော သူတွေရှိတဲ့ အဖွဲ့အစည်းတစ်ခုကို ကျနော်တို့ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

အသင်းအဖွဲ့စိတ်ဓါတ်ဆိုရာမှာ နောက်ထပ်အရေးကြီးတဲ့အရာကတော့ ... Timing တိုင်မင်လို့ခေါ်တဲ့ အချိန်ကိုက် လှုပ်ရှားဆောင်ရွက်နိုင်မှုပါပဲ။ အလုပ်တစ်ခုကို အားလုံးအတူတူပူးပေါင်းပြီး အောင်မြင်အောင်ဆောင်ရွက်ကြရတဲ့အခါမှာ ကိုယ့်အလုပ်ကဘာလဲ ၊ ကိုယ့်အခန်းကဏ္ဍကဘာလဲ၊ ကိုယ်အလှည့်ဘယ်တော့လဲ၊ ဘယ်အချိန်မှာ ကိုယ်ဝင်ပါရမှာလဲ စတာတွေကို သေချာနားလည်ထားပြီး ... ကိုယ့်ကျရာနေရာကနေ ကိုယ်ဝင်ပါရမယ့်အချိန်မှာ အကောင်းဆုံး အလုပ်လုပ်ပေးနိုင်ဖို့ ကျနော်တို့အားလုံးကြိုးစားကြရပါမယ်။ ဘောလုံးပွဲတစ်ပွဲနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရှေ့တန်းလူတစ်ယောက်ဟာ မလိုအပ်ပဲ နောက်တန်းအထိဆင်းစရာမလိုပါဘူး။ ဂိုးသမားတစ်ယောက်ဟာ မလိုအပ်ပဲ ဂိုးဧရိယာ အပြင်ဘက်ကိုထွက်စရာမလိုပါဘူး။

 ဒီနေရာမှာ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုထပ်ထွက်လာပါတယ် ... အဲဒါကတော့ ကိုယ့်အလှည့်ဘယ်တော့ကျမှာလဲ၊ ကိုယ်အခန်းကဏ္ဍဘယ်တော့ရောက်လာမှာလဲ ဆိုတာကို သိနိုင်ဖို့ ... ကိုယ့်အလှည့်မဟုတ်ပေမယ့်လဲ အလုပ်အပေါ်၊ ကစားပွဲအပေါ် အာရုံစိုက်နေဖို့လိုမယ်ဆိုတဲ့အချက်ပါ။ ကိုယ်ဝင်ကစားရမယ့် အချိန် မရောက်သေးပေမယ့်လဲ ... ငါနဲ့မဆိုင်သေးပါဘူးကွာဆိုပြီး ကျနော်တို့ အေးရာအေးကြောင်း နှပ်နေလို့မရပါဘူး။ ဂိုးသမားတစ်ယောက်ရဲ့ အဓိကအလုပ်ဟာ ဘောလုံးဂိုးဧရိယာထဲရောက်လာမှလို့ဆိုနိုင်ပေမယ့် ... အဲဒီ့ဘောလုံး အခြားနေရာတွေကို ရောက်နေတဲ့အချိန်တွေမှာလဲ ပွဲကိုလိုက်ကြည့်နေပြီး ဘောလုံးလမ်းကြောင်းတွေကို တွက်ဆနေဖို့ လိုအပ်သလိုပါပဲ ...။ အရံလူတစ်ယောက်ဟာ ကွင်းဘေးမှာထိုင်နေရတယ်ဆိုပေမယ့်လဲ ပွဲကို သေချာအာရုံစိုက် လေ့လာနေမယ်ဆိုရင် ကိုယ်ဝင်ကစားရတဲ့အခါ ဘယ်လိုနေရာကနေ ဘယ်လိုထိုးဖောက်လို့ ရနိုင်တယ်ဆိုတာတွေကို နားလည်နေနိုင်သလိုပါပဲ။ ကျနော်တို့တွေလဲ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကြတဲ့အခါမှာ ကိုယ့်အလှည့်မရောက်သေးပေမယ့်လဲ ... ဘယ်သူတွေဘာလုပ်နေလဲ၊ ဘယ်လိုပုံစံနဲ့လှုပ်ရှားနေကြသလဲ ဆိုတာတွေကို မျက်ခြေမပျက်ပဲ စောင့်ကြည့်လေ့လာနေမှသာလျှင် ... ကိုယ့်အလှည့်ရောက်လာတဲ့အခါ အဖွဲ့အစည်းရဲ့လှုပ်ရှားမှုနဲ့ သဟဇာတ (Harmony) ဖြစ်တဲ့ လှုပ်ရှားမှုမျိုးကိုလုပ်နိုင်ပါလိ့မ်မယ့်။ အဲဒီ့လိုမှလဲ ကိုယ့်ရဲ့လုပ်ရပ်ဟာ အဖွဲ့အစည်းကို အထောက်အကူပြုနိုင်ပါလိမ့်မယ်။ ဘောလုံးကွင်းထဲမှာ ကိုယ့်ခြေထောက်ထဲဘောလုံးမရှိပေမယ့် အများနည်းတူလိုက်ပြေးနေတဲ့ ဘောလုံးသမားတွေ ဘာလို့ အဲဒီ့လိုပြေးနေသလဲဆိုတာကို သေချာစဉ်းစားကြည့်မယ်ဆိုရင် ကျနော်ပြောခဲ့တဲ့အချက်က ပိုပြီးတော့ပေါ်လွင်လာမယ် ထင်ပါတယ်။

တိုင်းပြည်ရဲ့အပြောင်းအလဲကာလမှာ အသင်းအဖွဲ့တွေ ဖွဲ့ကြ၊ စည်းကြလုပ်နေကြတယ်ဆိုပေမယ့် ... ကျနော်တို့အနေနဲ့ အသင်းအဖွဲ့စိတ်ဓါတ်တွေကိုသာ မပျိုးထောင်နိုင်ကြဘူးဆိုရင် အဲဒီ့အဖွဲ့အစည်းတွေ ထုံးစံအတိုင်း ကွဲကြ၊ ပြဲကြဖြစ်နေကြဦးမှာပါပဲ။ အဲဒီ့တော့ ...အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တွေအားလုံးကသာ အခြားသောသူတွေရဲ့ အခန်းကဏ္ဍကိုလေးစား မိမိရဲ့ကျရာတာဝန်ကိုလဲ ကျေပွန်အောင် ကြိုစားထမ်းဆောင်ကြရင်း အဖွဲ့အစည်းရဲ့ လှုပ်ရှားဆောင်ရွက်နေမှုတွေကို မျက်ခြေမပျက်ပဲ အဖွဲ့အစည်းနဲ့သဟဇာတဖြစ်သော လုပ်ရပ်တွေကို အချိန်ကိုက်ပါဝင်ဆောင်ရွက်နိုင်ကြမယ်ဆိုရင်ဖြင့် အဲဒီ့အဖွဲ့အစည်းဟာ ပြည်သူ့အတွက် အဓိပ္ပါယ်ရှိသော၊ ပြည်သူ့အကျိုးကိုသယ်ပိုးနိုင်သော အသင်းအဖွဲ့ကြီးတစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်လာနိုင်မှာ အသေအချာပါပဲ။

နေဘုန်းလတ်

No comments: