Saturday, March 23, 2013

လက်ပံတောင်းကျိန်စာနင့်လက်ယာအချောင်လမ်းစဉ်

နိုင်ငံရေးအရ အကဲဆတ်သည့် လက်ပံတောင်းတောင် အစီရင်ခံစာကြီးသည်
၁၃. ၃. ၂၀၁၃ ရက်နေ့ က ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ရှည်လျားထွေပြား
ဝိရောဓိများဖြင့် ပြည့်နှက်နေသည့် အစီရင်ခံစာကြီးကို တစ်လုံးတစ်စေ့မကျန်
ဖတ်ရန်မှာ သာမန်လူတို့ အဖို့ ခက်ခဲနေမည်ပင်ဖြစ်သည်။ နိစ္စဓူဝ လမ်းပိတ်ဆို့ မှု
ကြုံနေရသော ရန်ကုန်လူထုအတွက် အစီရင်ခံစာ၏ ဆိုလိုရင်းကို အသေအချာ
စေ့ငုံမိဖို့  အချိန်ရဖို့ မလွယ်။ မြန်မာပြည်တနံတလျားရှိ လူထုအဖို့ လည်း
အသေးစိတ်လေ့လာခွဲခြမ်းဖို့  ပို၍ပင်မလွယ်လှပေ။ လက်ပံတောင်းတောင်
ရွာသားတို့ အဖို့ ကား မဖတ်ရကောင်းလား၊ သဘောမပေါက်ရကောင်းလား
ဟူ၍ အပြစ်ဆိုပါက ရေးသားသူသဘောပေါက်သကဲ့သို့  နားလည်ရန်
တောင်းဆိုနေသကဲ့သို့ ပင်ဖြစ်သည်။ ရေးသားသူများကဲ့သို့  သဘောပေါက်
နားလည်ရန် တောင်းဆိုပါက တရားမျှတသည်ဟု ဆိုပါမည်လော။

လူသာမန်တို့ အလုံးစုံသဘောပေါက်ရန် မမျှော်လင့်ထားဟု ယူဆရသော
အစီရင်ခံစာမှ လူအများနားလည်သဘောပေါက်သည့်အချက်မှာ များများစားစား
မရှိပေ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီး ဆက်လက်အကောင်အထည်
ဖော်ရန် အစီရင်ခံစာက ခွင့်ပြုသည်ဟူသောအချက်က လူတိုင်းနားလည်သွား
သော အစီရင်ခံစာအပေါ် အမြင်ပင်ဖြစ်သည်။ စီမံကိန်းကို လုံးဝရပ်ဆိုင်းရေး
တောင်းဆိုနေသော ဒေသခံများ၏တောင်းဆိုချက်များနှင့် ဆန့် ကျင်စွာပင်
စီမံကိန်းဆက်လက်လုပ်ဆောင်သင့်ကြောင်း အကြံပြုထားလေသည်။
အစီရင်ခံစာရလဒ်ကြောင့် ဒေသခံများ၏ဒေါသနှင့် မကျေမနပ်ဖြစ်မှုများကို
ထည့်သွင်းတွက်ချက်ရန် မေ့လျော့ခဲ့သည်ဆိုသည်မှာတော့ ယုံကြည်ရန်
ခက်ခဲလှသည်။

အစီရင်ခံစာသည် တရားမျှတပြီး ဒေသခံများအတွက် ကောင်းကျိုးဖြစ်ထွန်း
စေကြောင်း ရှင်းလင်းစည်းရုံးရန် ကော်မရှင်ဥက္ကဌဖြစ်သူ ကမ္ဘာကျော်
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်သည် ပဋိပက္ခဖြစ်ရာဒေသသို့  သွားရောက်
ခဲ့သည်။ ဒေသခံများသည် သူမအပေါ်ပြင်းထန်စွာ တုန့် ပြန်ခဲ့ကြသည်။
ဒီမိုကရေစီသူတော်စင်ဟု အနောက်တိုင်းမှ သမုတ်ခံရသူတစ်ဦး၏
၂၅ နှစ်ကြာကာလအတွင်း သူ၏ပြည်သူတို့ ၏ ပထမဆုံးဆန့် ကျင်မှုကို
ရင်ဆိုင်ခဲ့ရသည်။ သူမ၏ဆွဲဆောင်စည်းရုံးရေးခရီးစဉ်သည် ယေဘူယျ
မအောင်မြင်ပါဟု မှတ်ချက်ပြုရမည်ပင်ဖြစ်သည်။ နိုင်ငံတော်သမ္မတမှ
စီမံကိန်းအား ပြန်လည်သုံးသပ်ရန် အချိန်လိုအပ်ခြင်း၊ လူထုဆန္ဒနှင့်
တထပ်တည်းမကျခြင်းတို့ ကြောင့် လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ ပြီး
အချိန်အတိုင်းအတာတစ်ခုထိ ရပ်ဆိုင်းလိုက်ပါက သူမအတွက်
နောက်ထပ် နိုင်ငံရေးချောင်ပိတ်မှုဖြစ်စေမည်။ လွှတ်တော်အမတ်အချို့ က
အစီရင်ခံစာပါအချက်အလက်များနှင့်ပက်သက်ပြီး ကျေနပ်မှုမရှိပါက
လွှတ်တော်တွင်တင်ပြဆွေးနွေးမှုများဖြင့် ပြင်ဆင်နိုင်သောနည်းလမ်း
ရှိကြောင်း နှပ်ကြောင်းပေးပြောဆိုမှုလည်း ရှိနေသည်။

စစ်တပ်အတွက် ပိုနေမြဲကျားနေမြဲ အစီရင်ခံစာဖြစ်သည့်အတွက်
ကျေနပ်နေပုံရသည်။ အစီရင်ခံစာအရ မြေယာလျော်ကြေးနှင့် အပြီးသတ်
ထားသည့်အတွက် ဒေသခံများ၏မြေယာများ လက်လွှတ်ရမည်မှာ
သေချာသလောက်ဖြစ်သွားပေသည်။ ဤသည်ကို မဟာကရုဏာတော်
လိုက်လျောမှုဟုပင် ၄င်းတို့ က တွေးထင်နေကြမည်ဖြစ်သည်။
လူထုပေးဆပ်ရသောအရင်းအနှီးကား ပြန်ရချက်နှင့်မကာမိအောင်ပင်
ကြီးလှသည်။ မြန်မာပြည်အနှံ့ အပြား၌ဖြစ်ပေါ်နေသော တရုတ်စီးပွားရေး
လုပ်ငန်းများ၊ စစ်တပ်ဦးပိုင်စီးပွားရေးလုပ်ငန်းများ၊ ခရိုနီစီးပွားရေး
လုပ်ငန်းများနှင့် ထိပ်တိုက်တွေ့ နေရသော မြေသိမ်း၊ ယာသိမ်း၊
လယ်ယာမြေပြဿနာများ၊ အလုပ်သမားပြဿနာများ၊ ဒေသခံတို့ နှင့်
ပြဿနာများတွင် အနိမ့်ဆုံးစံပြုအပ်သော ဖြေရှင်းပုံတစ်ရပ်အဖြစ်
သတ်မျတ်ယူသော် ရနိုင်လိမ့်မည်ဖြစ်သည်။ ယခု လက်ပံတောင်းတောင်
ကိစ္စသည် ကြားဝင်ရန်ခွင့်ပြု၍ ၀င်ခဲ့ရခြင်းဖြစ်သည်။ ကျန်သည့်ပြဿနာ
တိုင်းတွင် ခွင့်ပြုမပြုမှာ စစ်တပ်နှင့် အာဏာပိုင်တို့ သဘောသာ
ဖြစ်နေသည်။

မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့် NLD နှင့် ၈၈ ကဲ့သို့  နာမည်ကြီး
အဖွဲ့ အစည်းများအတွက် လက်ပံတောင်းတောင်ကျိန်စာ သင့်ခဲ့ကြသည်ဟု
ဆိုလျှင် လွန်မည်ဟု ပြောမရပေ။ လက်ပံတောင်းတောင်မှ သင်ခန်းစာများစွာ
ရရှိခဲ့မည်ဟု ယူဆရသည်။ မြန်မာပြည်လူထုနှင့် အာဏာပိုင်များကြား
ထိပ်တိုက်တွေ့ ရသောပြဿနာများတွင် လက်ရှောင်သောအကျိုးဆက်အဖြစ်
ကျိန်စာသင့်ခံရခြင်းဖြစ်သည်။ ပြည်သူများနှင့်ရင်ဆိုင်ရသော ပြဿနာများတွင်
ပြည်သူ့ ခေါင်းဆောင်များအဖြစ် ပြည်သူများရှေ့ မှ မားမားမတ်မတ် ရပ်ခံ
ဖြေရှင်းမှုမရှိပါက လက်ပံတောင်းတောင်ကဲ့သို့ ပင် အာဏာပိုင်အကြိုက်နှင့်
လူထုနောက်မှ တရွတ်တိုက်လိုက်ရပေဦးမည်ဖြစ်သည်။ လက်ပံတောင်းတောင်
ကျိန်စာကဲ့သို့ ပင် ကျိန်စာများသင့်နိုင်လေသည်။ လက်ပံတောင်းတောင်ဖြစ်စဉ်
ကဲ့သို့  မရှူနိုင် မကယ်နိုင်ဖြစ်ကာမှ တံဆိပ်ကပ်ခြင်း၊ လှုပ်ရှားတက်ကြွသူများကို
တရားခံရှာခြင်းများ ပြုလုပ်နေပါက ဒေသခံပြည်သူများ၏ ဘ၀နစ်နာချက်ကို
မျက်ကွယ်ပြုရာရောက်သလို  ဒေသခံများ၏အသိအမြင်ကိုပါ စော်ကားရာ
ရောက်ပေမည်ဖြစ်သည်။ ထို့ အပြင် မိမိ၏တာဝန်မကျေပွန်မှု၊ လျစ်လျူရှုမှုနှင့်
စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတို့ အတွက် ထွက်ပေါက်ရှာရာရောက်ပေသည်။
နိုင်ငံရေးသစ္စာဖောက်မှုကြီးလည်းဖြစ်သည်။

ဖိနှိပ်မှုများ၊ အခွင့်အရေးဆုံးရှုံးမှုများအတွက် ရုန်းကန်တိုက်ပွဲဝင်လာသော
ပြည်သူများ၏ အသိတရားရေချိန်ကိုအကဲဖြတ်ရာတွင် မြန်မာပြည်နိုင်ငံရေး
သမားတို့ ၌ အန္တရာယ်များလောက်အောင် လွဲမှားမှုများရှိနေပေသည်။
ပြည်သူတို့ အား ပညာရေးအားနည်းသည်။ အတွေးအမြင်နိမ့်ကျသည်ဟု
လွဲမှားစွာပင် အကဲဖြတ်နေကြခြင်းပင်ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် တစ်ပါတီ
စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ခြင်း၊ ၉၀ ရွေးကောက်ပွဲတွင် NLD
ပါတီအား အပြတ်အသတ် မဲပေးခဲ့ကြခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏
ခရီးစဉ်များတွင် ကျေးလက်နေနှင့် မြို့ ပေါ်ပြည်သူများ သောင်းသောင်းဖျဖျ
ကြိုဆိုကြခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အား အပြတ်အသတ်
မဲပေးအနိုင်ရစေခြင်း၊ ၈၈ မျိုးဆက်များ၏ခရီးစဉ်များတွင် လူထုမှ
အားကိုးတကြီး ကြိုဆိုခြင်း၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ရမည်ဟု လူတိုင်း
အသိရှိခြင်း စသဖြင့် ဒီမိုကရေစီတိုက်ပွဲတလျှောက်လုံး ပြည်သူများရပ်ခံ
ပါဝင်ခဲ့မှုကို ပြည်သူ၏အသိရေချိန် နိမ့်ကျမှုကြောင့်ဟု ပြောကြားမည်လောဟု
မေးခွန်းထုတ်ရဖွယ်ရှိသည်။ ယခင်စစ်အစိုးရတလျှောက်လုံး ပြည်သူလူထု၏
အသိအမြင်နှင့် နိုင်ငံရေးရေချိန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ
လူ့ အခွင့်အရေးတိုက်ပွဲကို ထောက်ခ့အားပေး၍ နိမ့်ကျသည်ဟု
တလျှောက်လုံး စော်ကားခံခဲ့ရသည်။ ယခုနောက်ပိုင်း စစ်တပ်အသွင်ပြောင်း
ကြံ့ခိုင်ရေးပါတီနှင့် အစိုးရမှ ပြည်သူအတွေးအမြင်ရေချိန်ကို ထိရှစေသော
စကားများမပြောကြဘဲ ဒီမိုကရေစီဘက်တော်သားဆိုသူများမှ
တွင်တွင်ပြောလာကြသည်မှာ ထူးဆန်းဖွယ်ရာပင်ဖြစ်သည်။ ပြည်သူတို့ ၏
အသိအမြင်၊ နိုင်ငံရေးရေချိန် နိမ့်ကျပါက ယခု ဒီမိုကရေစီဘက်တော်သား
ဆိုသူများ ဆက်လက်ရပ်တည်နိုင်မနိုင် မေးခွန်းထုတ်ရဖွယ်ရှိနေပါသည်။

အလိမ်ညာခံရခြင်း၊ အလှည့်စားခံရခြင်း၊ အသုံးချခံရခြင်း စသဖြင့်
တစ်ဖက်သတ် သည်းညည်းခံခြင်းသည် မိမိတစ်ဦးတည်းကိစ္စဆိုလျှင်
ပြဿနာမရှိနိုင်ပေ။ ပြည်သူများနှင့်သက်ဆိုင်သူဖြစ်ပါ၊ ပြည်သူ့ ခေါင်းဆောင်
များဖြစ်ပါက မိမိတစ်ဦးတည်းပြဿနာမဟုတ်တော့ဘဲ လူထုပြဿနာ
ဖြစ်လာသည်။ ပြည်သူတရပ်လုံး အသုံးချခံရခြင်းပင်ဖြစ်သည်။ ပြည်သူ့ 
ခေါင်းဆောင်များအနေဖြင့် ပြည်သူနှင့်တစ်သားတည်းမမြင်ဘဲ မိမိနှင့်
ပြည်သူ သီးခြားဖြစ်သည်ဟုမြင်နေပါက တစ်စုံတစ်ရာမှားယွင်းမှု ဖြစ်မည်ပင်
ဖြစ်သည်။ လက်ယာနိုင်ငံရေး၌ နိုင်ငံရေး၊ စီးပွားရေးအီလစ်များက လူထုကို
စီမံခန့် ခွဲကြမည်ဖြစ်သော်လည်း ရှေ့ မှဦးဆောင်ခြင်းထက် နောက်မြီးဆွဲ
ဖြစ်နေပါက လက်ယာအချောင်သမားဝါဒ ထွန်းကားနေပြီဟု စွပ်စွဲရမည်ပင်
ဖြစ်သည်။ လက်ဝဲအစွန်းရောက် ကြောက်နေကြသူများအတွက် 
လက်ယာအချောင်သမားဝါဒသည်လည်း အန္တရာယ်ကြီးကြောင်း 
သတိချပ်သင့်ပေသည်။

စိမ်းမောင်

(လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၆ မှ ထုတ်နုတ်ဖော်ပြပါသည်)

စကားများမပြောကြဘဲ ဒီမိုကရေစီဘက်တော်သားဆိုသူများမ

No comments: