Thursday, March 28, 2013

Who's Responsible? ဘယ်သူ့မှာ တာဝန်ရှိလဲ

Who's Responsible? ဘယ်သူ့မှာ တာဝန်ရှိလဲ
 Written by ဒေါက်တာခင်မောင်ညို 

မုံရွာမြို့ စံပယ်တောင် သတ္ထုတူးဖော်ရေး လုပ်ကွက်အား ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရစဉ်

ဤဆောင်းပါးသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့်ပတ်သက်သော အကြောင်းအရာများကို သုံးသပ်ထားခြင်းဖြစ်သည်။

အစီရင်ခံစာ၏ ရည်ရွယ်ချက်

ထိုလက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာသည် မှန်ကန်သောအချက် အတော်များများ ပါဝင်သည်ဟု ယူဆပါသည်။ သို့သော် အချို့သော မပြည့်စုံသောအချက်များ လိုအပ်သော အချက်များကို ပြည်သူ့အကျိုးအတွက် ဆွေးနွေးလိုပါသည်။

မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာကို လေ့လာကြည့်မည်ဆိုလျင် အပိုဒ်(၃)၌ ''စုံစမ်းရေး ကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်မသင့်နှင့် ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း ဥပဒေစိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေးအတွက်လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြနိုင်ရန်''ဟူသော ရည်ရွယ်ချက်ကို ဖော်ပြထားပါသည်။

ထိုရည်ရွယ်ချက်သည် ကောင်းမွန်သင့်မြတ်သော ရည်ရွယ်ချက် ဖြစ်ပါသည်။သို့သော်''ဥပဒေစိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေးအတွက်လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြနိုင်ရန်''ဆိုသော အချက်ကတော့ လက်တွေ့တွင် လုံးဝလက်မခံနိုင်အောင် ကွဲလွဲလျက်ရှိသည်။

မီးစုံးပါသောမီးခိုးဗုံး

စင်စစ် မီးစုံးပါသော မီးခိုးဗုံးကို (အရပ်ဘက်ပြည်သူများအပေါ်တွင် အသုံးမပြုရန်)အပြည်ပြည်ဆိုင်ရာက တားမြစ်ထားသည်။ အပိုဒ် ၂၈ တွင် ရဲချုပ်က မီးခိုးဗုံးသုံးသည်ဟု ဆိုထားသည်။ ထိုမီးခိုးဗုံးကို ၂၀၀၇ ခုနှစ်ကလည်း ထိုမီးခိုးဗုံးမျိုး သုံးခဲ့ကြောင်း တင်ပြသည်။ (၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် သုံးခဲ့ဟန်တူသည်။ ဘယ်နေရာတွင် သုံးသည်ဟု ဖော်ပြထားခြင်းမရှိ၍ မသိနိုင်ကြပါ)

ရဲချုပ်က ၂၀၀၇ ခုနှစ်က သုံးသောဗုံးနှင့် ယခုဗုံးအာနိသင် ကွာခြားသည်။ယခင်က မီးလောင်ဒဏ်ရာ ရရှိမျိုးခြင်း မရှိကြောင်း ပြောသွားသည်။ ဤနေရာတွင် စဉ်းစားရန် နှစ်မျိုးရှိသည်။ပထမအချက်မှာ မီးခိုးဗုံးချင်း မတူလို့လား။ဒါမှမဟုတ် ဒုတိယအချက်အနေဖြင့် အခြေအနေ (တာပေါ်လင်စများ၊ စီဝိုင်စီ သင်္ကန်းစ များ)ကြောင့်လား ဟူသော မေးခွန်းများ ထွက်လာနိုင်သည်။ ကျွန်တော့်အနေနဲ့တော့ မီးခိုးဗုံးချင်းမတူလို့ပါ ဟုသာ ဖြေချင်ပါသည်။

အကြောင်းကား ဖော့စဖရပ်(မီးစုံး)ပါလာပါက မီးစုံးသည် အပူချိန် ၈၀၀ ဒီဂရီစီတွင် မီးလောင်သည်။ ထိုမီးစုန်းများသည် လွင့်စင် ကွဲကြေသွားသည်။ (၈)ပေ အကွာအဝေးအထိ မီးစွဲနိုင်သည်။ ရေနှင့် ငြိမ်းသတ်၍မရပါ။ အသားကို လောင်သည်။ ကြွက်သား(Muscle) ထဲထိ လောင်သည်။ မီးစုံးပါလာပါက ချည်ထည်ဖြစ်ဖြစ် စီဝိုင်စီဖြစ်ဖြစ် လောင်ပါသည်။ အသားကို လောင်ပါသည်။ ပထမမီးခိုးဗုံးသည် ဖော့စဖရပ် နည်းနည်းသာပါသော ဗုံး သို့မဟုတ် လုံးဝမပါသော ဗုံးဖြစ်နိုင်ပါသည်။ ဒုတိယကတော့ ဖော့စဖရပ် ပါသည်မှာ သေချာပါသည်။အစီရင်ခံစာ(အပိုဒ် ၉၁ )တွင် အချက် ၅ ချက် ဖြင့် ဖော်ပြထားသည်။

Polypropylene ကြောင့် မီးပိုလောင်သည်ဟု ဆိုသော်လည်း ဖော့စရပ်စ်ပါသော မီးခိုးဗုံးသည် တရားခံအစစ်ဖြစ်ကြောင်း တွေ့ရပါသည်။ ထိုဖော့စဖရပ်သည် အင်မတန်ပြင်းသော အဆိပ်လည်းဖြစ်သည်။ ဆန္ဒပြသူများ၏ ကိုယ်ခန္ဓာကိုလောင်သော မီးမှာ Polypropylene ကြောင့်ဆိုပါက အသားထဲထိ လောင်စရာမရှိပါ။ အသားထဲလောင်သည်မှာ ဖော့စဖရပ်သာ ဖြစ်နိုင်ပါသည်။

ဒီကိစ္စကို သေသေချာချာ လေ့လာပါက ဖော့စဖရပ်ပါသော မီးခိုးဗုံးကို သုံးထားကြောင်း ထင်ရှားသည်။ ထိုဗုံးကို အဓိကရုဏ်း နှိမ်နင်းရေးတွင် လုံးဝသုံးခွင့်မရှိပါ။ ပြည်သူအပေါ်လည်း သုံးခွင့်မရှိပါ။ အစီရင်ခံစာတွင် ထိုအကြောင်း ဖော်ပြထားခြင်းမရှိပါ။

အပြည်ပြည်ဆိုင်ရာ ဥပဒေ (Article 1 of Protocol III) အရ လူတွေ အပေါ် မပစ်ရပါဘူး။ လောင်ကျွမ်းနိုင်တဲ့ ပစ္စည်းတွေ ရှိနေရင်လည်း မပစ်ရပါဘူး။ ဂျီနီဗာကွန်ဗင်းရှင်အရ လူတွေနေထိုင်သောအရပ် (Civilian Area)အပေါ်လည်း ပစ်ခွင့်မရှိပါဘူး။တကယ်တန်း မီးခိုးဗုံးသည် စစ်သုံးလက်နက်သာ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒပြရာတွင် သုံးစွဲခွင့်မရှိပါ။ ရဲများ သုံးခွင့်မရှိဟု ယူဆပါသည်။ ထိုအချက်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ကျူးလွန်နေပါသည်။

ကျူးလွန်သူကို မဖော်ထုတ်
 
မီးခိုးဗုံးကို ဘယ်ကလုပ်လဲ၊

မြန်မာပြည်မှာ ဘယ်လောက်ရှိလဲ၊
ဘယ်အတွက်သုံးဖို့လဲ၊
ဘာတွေပါလဲ။
ဘယ်သူက သုံးခိုင်းလဲ။
အစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိပါ။
ဒေါ်အောင်ဆန်းစုကြည်က''ကျွန်မတို့က အချက်အလက်တွေကို စုံစမ်းလေ့လာတာသာ ဖြစ်တယ်။ ဘယ်သူ့ကို အပြစ်ပေးပါ အကြံပေးဖို့မဟုတ်ဘူး''လို့ ပြောသွားတယ်။ ဆိုလိုတာက  ''ဘာဖြစ်တယ်''ဆိုတာကိုသာ အစီရင်ခံခြင်းဖြစ်သည်။''ဘယ်လိုအပြစ်ပေးရမည်ကို တင်ပြရန် တာဝန်မရှိ''ဟု ပြောကြားသွားသည်နှင့် တူပါသည်။ ကျွန်တော်တို့ကလည်း အပြစ်ပေးရန် မပြောပါ။ ကော်မရှင်၏ ရည်ရွယ်ချက်တစ်ခုဖြစ်သော''ဥပဒေစိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေး''ဟူသော အချက်ကို  ''သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ''ကို တင်ပြရန် လိုသည်ဟု ယူဆပါသည်။

ထိုမီးခိုးဗုံးကို ၂၀၀၇ ခုနှစ်က သုံးသည်။ ထိုကြောင့် ၂၀၁၂ နှစ်တွင် ဆက်သုံးသည်ဟူသော အစဉ်အလာသည် တရားဥပဒေအရ မှန်ကန်မှု ရှိပါသလော။ နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်သည်ကိုကော်မရှင်မှ ထုတ်ပြောသင့်သည်။ မီးစုံးပါသော မီးခိုးဗုံးသုံးခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ဆန့်ကျင်ကြောင်း ထုတ်ဖော်ရေးသားခြင်း မပြုသည်မှာ ဘာကြောင့်လဲ။ ဘယ်သူ့အပေါ် တာဝန်ရှိလဲ။ ကော်မရှင်ဥက္ကဋ္ဌတွင် တာဝန်ရှိ ပါသလား။ ကျွန်တော် မေးခွန်းထုတ်လိုပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု

သတ္တုတွင်းတစ်ခု တူးမည် သို့မဟုတ် စက်ရုံတစ်ခု ဆောက်မည်ဆိုလျင် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (EIA)  နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (SIA) သို့မဟုတ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (ESIA) ကို တင်ပြနိုင်ရန် လေ့လာမှုများ ပြုလုပ် ဆောင်ရွက်ရသည်။
အပိုဒ်(၇၀)မှ အချို့ကို ထုတ်နုတ် တင်ပြလိုပါသည်။

(က)ဂေဟစနစ်။ မြေအောက်ရေကို စစ်ဆေးရာတွင် သောက်သုံးရန် မသင့်လျော်သည်ကို တွေ့ရှိရကြောင်း၊  အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော စံနှုန်းထက် နိမ့်ကျသည်ကို တွေ့ရှိရကြောင်း။

(ခ) လေထုညစ်ညမ်းမှု အခြေအနေ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ၀န်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံချိန်စံညွှန်းထက် ပိုမိုနေသည်ကို တွေ့ရှိရပါသည်။
အပိုဒ်(၈၁)ကို ဖတ်ကြည့်ပါဦး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတော်ပြဌာန်းချက်များ ဆောင်ရွက်သင့်သည် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိ။ မရှိ။
အတိုချုပ်တင်ပြပါမည်။

(က) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (EMP) မရှိ။
(ခ) ယ(ဂ)ယ(င)ယ(စ)တို့တွင် စံချိန် မမီကြောင်း၊ ပြည်သူလူထု သဘောထားမယူထားကြောင်း ဖော်ပြထားသည်။
အကြံပြုချက် (င) တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (ESIA) များကို အသစ်ပြုစုရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
အကြံပြုချက်မှာ (စ) တွင် ပါရှိသည်။၎င်းမှာ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်(EMP)နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (OHSAS)  များကိုနိုင်ငံတကာ ပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ရေးဆွဲကာ စီမံကိန်းကို အကောင်အထည်ဖော်ရန် သင့်ကြောင်း အကြံပြုအပ်ပါသည်။ ဤသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရရှိထားသော အတွေ့အကြုံ ရင့်ကျက်သည့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ကျွမ်းကျင်သူများကို ငှားရမ်းဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

အထက်ပါ (EIA) (SIA) တို့ကို လေ့လာရန် အချိန်ပေးရပါသည်။ သာမန်အားဖြင့် လပေါင်းများစွာ ကြာပါသည်။ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရရှိထားသော အတွေ့အကြုံ ရင့်ကျက်သည့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ကျွမ်းကျင်သူများကို နေ့ချင်းမရနိုင်ပါ အချိန်ယူရပါသည်။ ယခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာသည်ပင် (ဒေတာအပြည့်အစုံ မပါသည့်တိုင်) သုံးလခန့် ကြာပါသည်။

ထိုအစီရင်ခံစာတွင် ရေနှင့်လေကိစ္စကို အကြမ်းအားဖြင့်သာ ဖော်ပြထားသည်။ ထိုအရပ်တွင် မြေအောက်ရေသည် သောက်သုံးရန် မသင့်ဟု တင်ပြထားသည်။ လေထုထဲတွင် ဖုန်မှုန့် (Particulates)တွေ များနေသည်။
စံပယ်တောင်၊ကြေးစင်တောင် ဧရိယာထက် လက်ပံတောင်းတောင်သည် ဧရိယာ အလွန်ကြီးပါသည်။ယခု စံပယ်တောင်တစ်လုံး ပြောင်ရုံမျှဖြင့်ပင် ဤမျှပတ်ဝန်းကျင် ပျက်စီးနေပါလျင် နောက်ကြေးစင်တောင်နှင့် လက်ပံတောင်းတောင်တို့ကို သတ္ထုတူးပါက များစွာ ထိခိုက်မည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။

ကန့်ကွက်သံများ ကြားရသည်

ပြီးခဲ့သည့်အပတ်က ပညာရှင်များပါသော မြန်မာအစိမ်းရောင်ကွန် ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် အစည်းအဝေးလုပ်ကာ သဘောထားထုတ်ပြန်သည်။ဘာကြောင့် ထုတ်ပြန်ရသနည်း။ သဘာဝပတ်ဝန်းကျ င်ထိခိုက်မှုများ မဖြစ်ပွားအောင် တားဆီးစောင့်ကြည့်နေသော အဖွဲ့ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထိုကွန်ရက်၏ သဘောထားသည်  စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို တစ်စိတ်တစ်ဒေသ ထောက်ခံသော်လည်း အဓိကကျသည့် အချက်ကို ထောက်ပြထားသည်။
''နိုင်ငံတကာ စီမံကိန်းများအား အကောင်အထည်ဖော်ရာ၌ နိုင်ငံတကာ၏ စံချိန်စံညွှန်းနဲ့အညီ စီမံကိန်းကို အစအလယ်အဆုံး အချိန်ယူ စစ်ဆေးပြီးမှသာ လုပ်ခွင့်ရပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံမှန်သမျှ ရေရှည်တည်တံ့ရေး လုပ်ငန်းများကို ဦးစားပေးပြီး ဆွေးနွေးတိုင်ပင် တွက်ချက်ပြီးမှသာ လုပ်ကိုင် ဆောင်ရွက်သောကြောင့် အောင်မြင်မှု ရလဒ်များ ရရှိရုံမျှမကဘဲ ဆိုးကျိုးများကိုပါ ထိန်းသိမ်း ကာကွယ်နိုင်ခဲ့ပါသည်။သို့ပါ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြစ်ဆုံစီမံကိန်းကဲ့သို့ အလေးထားကာ ပြန်လည်ပြင်ဆင် သုံးသပ်ပေးပါရန်''ဟု ပါရှိသည်။

နိဂုံး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာကို သေသေချာချာ စိစစ်ရေးသား အကြံပြုထားသည်။ သို့သော် ပြည်တွင်းပြည်ပ ပညာရှင်များ ကျွမ်းကျင်သူများကို ခန့်ထား၍ (EIA) (SIA)စသည်တို့ကို မဆောင်ရွက်ဘဲ စီမံကိန်းကို ဆက်လက်ဆောင်ရွက်နေသည်။ မတ်လ အတွင်းတွင်ပင် စာချုပ်ဆိုလက်မှတ် ထိုးမည်ဟု သိရသည်။ မဖြစ်သင့်ပါ။ အစီရင်ခံစာ၏ အကြံပြုသည်ကို အကောင်အထည်ဖော်သူများက မလိုက်နာသည်ကို ထိုင်ကြည့်နေကြမှာလား။ အစီရင်ခံစာ ထွက်လာရင်ပြီးရော လုပ်ချင်တာလုပ်မည်ဟူသော သဘောလား။ ဒီလိုလုပ်လို့ ရလား။
သူတို့တစ်တွေ မှားယွင်းစွာ အကောင်အထည် ဖော်နေသည်ကို လျစ်လျူရှုထားခြင်းသည် အပြစ်ပင်ဖြစ်သည်။

ဒါတွေ ဘယ်သူ့မှာ တာဝန်ရှိသလဲ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌမှာလား။

ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတမှာလား။

ဘယ်သူ့မှာ တာဝန်ရှိလဲ။

 ဒေါက်တာခင်မောင်ညို

No comments: