လူတစ်ယောက်
ဆင်းရဲနေရင်၊ ဒုက္ခရောက်နေရင် ဘာကြောင့်လဲလို့ မေးကြည့်ပါ။ ပထမဆုံးသိရမယ့်
အဖြေက ပညာမတတ်လို့ပဲ။ ပညာမတတ်တော့ အကြားအမြင် ဗဟုသုတနည်းမယ်။
အကောင်းနဲ့အဆိုး၊ အမှား နဲ့အမှန်ကို မခွဲခြားတတ်ဘူး။ အဲဒီ ကတစ်ဆင့်
ဆုံးဖြတ်ချက်တွေ မှားမယ်။ လုပ်ဟန်တွေမှားမယ်။ နောက်ဆုံးတော့ ကုန်းကောက်စရာ
မရှိအောင် မွဲသွားလိမ့်မယ်။
မွဲတဲ့အခါ၊ ဆင်းရဲတဲ့အခါ
ဘာကြောင့်မွဲရတယ်၊ ဆင်းရဲရတယ်ဆိုတာကို ကောက်ချက်မဆွဲတတ်ဘူး။
ဘယ်လိုကောင်းအောင် ဆက်ပြီး လုပ်ရမယ်ဆိုတာလည်း မသိဘူး။ သူ့ရဲ့နိမ့်ကျတဲ့
စဉ်းစားတွေးခေါ်မှုက ဘဝဆိုးကနေ လွတ်မြောက်နိုင်မယ့် ထွက်ပေါက်
ကိုရှာမတွေ့ဘဲဖြစ်နေလိမ့်မယ်။ ဒါကလည်း သဘာဝကျပါတယ်။ ပညာမတတ်တော့ ပညာရဲ့
အကူအညီနဲ့ တွေးဆလုပ်ကိုင် ဆောင် ရွက်ရမယ့်ကိစ္စတွေနဲ့ အလှမ်းဝေးနေလိမ့်မယ်။
အကြံကုန် ဂဠုန်ဆားချက်ရမယ့် အခြေအနေရောက်လာပြီဆိုရင်တော့ မိဘ ဘိုးဘွားပိုင်
အမွေအနှစ်ကလေးတွေကို ဈေးပေါပေါနဲ့ ရာင်းစားတော့မယ်။ ပေါင်နှံသင့်ရင်လည်း
ပေါင်နှံမှာပေါ့လေ။ သူ့ အတွက် လောလောဆယ် အဆင်ပြေဖို့က အဓိကမဟုတ်လား။
ပညာမတတ်တော့ ဘယ်ပစ္စည်းက ဘယ်လောက်တန်
တယ်ဆိုတာလည်း သိချင်မှသိလိမ့်မယ်။ ရမ်းကြိတ် မှန်းကြိတ်ပြီး
ဘိန်းစားဈေးနဲ့ ရောင်းချင်လည်း ရောင်းလိမ့်မယ်။ ဘိန်းစားဈေးဆိုတာ
သိရဲ့လား။ ဘိန်းစားဈေးဆိုတာက ဘိန်းစား တစ်ယောက် ဟာ 'ယင်း' ထလာတဲ့အချိန်မှာ
ဘိန်းစားဖို့အတွက် ဘိန်းဖိုးလေးရဖို့အတွက် တန်တာ မတန်တာ၊ သင့်တာ မသင့်တာ
မတွေးတော့ ဘဲ ထင်ရာမြင်ရာ လုပ်တတ်တယ်။ စကားရိုင်းရိုင်းပြောရရင် ဘနဖူးကို
တောင် သိုက်တူးလိမ့်ဦးမယ်။
ပညာမတတ်တဲ့ လူတွေက အဲဒီနိုင်ငံ၊
အဲဒီဒေသမှာ အကြီးအကဲဖြစ်နေရင် ပိုဆိုးလိမ့်ဦးမယ်။ ပညာမတတ်ရတဲ့အထဲ အကျိုး
အကြောင်းအမျိုးမျိုးနဲ့ လုပ်ပိုင်ခွင့် တွေ ဘာတွေရနေရင်တော့
'မျောက်လက်ထဲကို စက်သေနတ် ထည့်ပေးလိုက်သလို' ဖြစ်သွား တတ်တာ အမှန်ပဲ။
နဂိုကမှ ခပ်ဆော့ဆော့ မျောက်ဟာ စက်သေနတ်လို အဆက်မပြတ် ပစ်ခတ်လို့ရတဲ့
လက်နက်မျိုး လက်ထဲကို ရောက်လာမှတော့ ငြိမ်ငြိမ်ကလေး ထိုင်နေမှာ
မဟုတ်တော့ဘူး။ ထင်ရာလုပ်တော့မှာ သေချာတယ်။ မဟုတ်တာ လုပ်တာများလေလေ
အများစုမှာ အကျိုးယုတ်လေလေ ဖြစ်မှာကတော့ အလွန်သေချာတယ်။
ဒီတော့ အဲဒီတိုင်းပြည်မျိုးကို
ဘယ်လိုကယ်တင်နိုင်မလဲ။ ရိုးရှင်းတဲ့အဖြေကတော့ ပညာနဲ့ကယ်တင်ရလိမ့်မယ်။
အပေါ်ဆုံး ကနေ အောက်ခြေအထိ ပညာတတ်အောင် သင်ရလိမ့်မယ်။
ပညာရပ်ပေါင်းမြောက်များစွာထဲက ကိုယ်ဝါသနာပါရာ စိတ်ဝင်စားရာ တစ်ခုခုကို
လေ့လာသင်ယူရမယ်။ ကျွမ်းကျင်တတ်ပွန်ရမယ်။ ဒါမှသာ ပညာရဲ့ အသီးအပွင့်တွေနဲ့
ဘဝလမ်းကို လှပစေလိမ့်မယ်။ ပညာရဲ့ အလင်းရောင်နဲ့ လမ်းမှန် ကမ်းမှန်ကို
ရောက်ရှိလိမ့်မယ်။
အရင်တုန်းက တိုင်းပြည်တစ်ပြည်ကို
တာဝန်ယူအုပ်ချုပ်ကြ မယ့် လူတွေဟာ အဋ္ဌာရသတစ် ဆယ့်ရှစ်ရပ်ကို တတ်မြောက်အောင်
သင်ယူထားကြတယ်။ ကျွမ်းကျင်လိမ္မာအောင် ဆောင်ရွက်လေ့ရှိတယ်။ ဒါမှသာ
သူတာဝန်ယူတဲ့အခါ ယိုပေါက်ဟာ ပေါက်တွေ ကင်းမဲ့စွာ ချို့ယွင်းအား နည်းချက်တွေ
ကင်းမဲ့စွာနဲ့ တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်။ မှန် ကန်တရားစွာ
ဆောင်ရွက်နိုင်လိမ့် မယ်။ ဒါကတစ်ဆင့် တိုင်းသူပြည် သားတွေဟာ
ပျော်ရွှင်ချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နိုင်ခဲ့ကြတယ်။ တိုင်းပြည်ဟာလည်း
စည်ပင်သာ ယာပြီး ချမ်းသာကြွယ်ဝလာခဲ့ရတာ အမှန်ပါပဲ။ ပညာရပ်အသီးသီးက
တိုင်းပြည်ကို မြင့်မားတဲ့အဆင့် တစ်ခုကို တွန်းတင်ပေးလေ့ရှိ တယ်။ ဒါကို
အသေအချာ သိရှိနိုင်ပါတယ်။
သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်၊
နားလည်ကျွမ်း ကျင်သင့်တဲ့ ကိစ္စရပ်တွေကို တတ်သိနားလည်ကြတဲ့ ပညာတတ်တွေ ဟာ
အမြော်အမြင် ရှိတာကြောင့် မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်တတ်လိမ့်မယ်။
သင့်တင့်မျှတစွာ ဆောင်ရွက်လုပ်ကိုင်နိုင်လိမ့် မယ်။ အနာဂတ်သစ်ဆီသို့ လက်
တွဲခေါ်ဆောင်သွားလိမ့်မယ်။ ဒါကို ယုံပါ။
ပညာမတတ်သူများရဲ့ ခရီးဟာ
အကန်းလမ်းလျှောက်နေတာနဲ့ တူတတ်တယ်။ ခလုတ်ကံ သင်းမှန်းမသိ၊
ကျင်းချိုင့်မှန်းမသိ ဖြစ် လိမ့်မယ်။ အဆင်မသင့်ရင် ချောက်ထဲအထိအောင်
ကျွမ်းထိုးမှောက်ခုံပြုတ်ကျလိမ့်မယ်။ ဒုက္ခရောက်လိမ့်မယ်။ အင်မတန် ကြောက်
စရာကောင်းတယ်။ ကိုယ် ကိုယ်တိုင်က ပညာမတတ်တာပဲ ဖြစ်ဖြစ်၊ ပညာမတတ်တဲ့လူက
ဦးဆောင်နေတဲ့ လမ်းခရီးကို လိုက်ပြီး လျှောက်နေရတာပဲဖြစ်ဖြစ် အင်မတန်
အန္တရာယ်များတတ်တယ်။
တိုင်းပြည်တစ်ပြည် ဆင်းရဲတာ၊ ချမ်းသာတာကို
အကဲဖြတ်အဖြေရှာရင် ပညာက အဖြေပေးလိမ့်မယ်။ ပညာမတတ်တော့ စဉ်းစားတွေးခေါ်မှု
တိမ်တတ်တယ်။ မှားယွင်းတဲ့ အစီအမံတွေ လုပ်မိတတ်တယ်။ ဒီကတစ်ဆင့်
မမျှော်လင့်ဘဲ ပဋိပက္ခတွေကို ကြို ဆို ဖိတ်ခေါ်မိတတ်တယ်။ နောက် ဆက်တွဲက
မငြိမ်းချမ်းတဲ့၊ ဆင်းရဲတဲ့ အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။ တိုတိုလေး
ချုပ်လိုက်ရင် ပညာမျက်စိ မရှိတော့ ဒါက ငရဲသွားတဲ့လမ်းလား၊
နိဗ္ဗာန်ရွှေပြည်သွားတဲ့လမ်းလား မသိတော့ဘူး။ ဒီတော့ ရွေးချယ်မှား ပြီး
ဒုက္ခပင်လယ်ဝေရတော့တာ ပေါ့။
''အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလား''
ဆိုတဲ့ ဓာတ်ပြားရ ရေဒီယိုသီချင်းတစ်ပုဒ် ရှိ တယ်။ အတိတ်က အဖြစ်အပျက်
တွေကို မတွေ့ချင်၊ မမြင်ချင်၊ မကြားချင်တော့ဘူး။ တောက်ပရွှန်း လက်နေတဲ့
အနာဂတ်ကိုပဲ မြင်ချင်တယ်၊ လိုချင်တယ်။ ဒါကြောင့် ပစ္စုပ္ပန်မှာ
အလင်းတစ်စရအောင် ကြိုးစားကြရလိမ့်မယ်။ ပညာဆီမီး ခွက်ကို
မီးထွန်းပေးရလိမ့်မယ်။ အဲဒီတာဝန်ဟာ လူငယ်တွေက ကြိုး စားလုပ်ဆောင်ရမယ့်
တာဝန်ပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေပြီး ခေတ်နောက်ကျနေတဲ့ တိုင်းပြည်တွေ
ကမ္ဘာပေါ်မှာ အများကြီး ရှိတယ်။ အဲဒီတိုင်းပြည်တွေမှာ ဒုက္ခရောက်နေတဲ့
သန်းပေါင်းများစွာသော ဆင်းရဲသားတွေ ရှိနေကြတယ်။ အာဟာရချို့တဲ့နေတဲ့ ကလေးတွေ
ရှိတယ်။ သူတို့ကို ကယ်တင်ချင် တဲ့စိတ်စေတနာရှိရင် ပညာနဲ့သာ
အဲဒီကယ်တင်မှုကို လုပ်ဆောင်နိုင် တယ်ဆိုတာ နားလည်ကြရမယ်။ တိုင်း ပြည်ကို
ပညာနဲ့ကယ်တင်ပါ။
ကိုယ့်ထက်ရှေ့ကို ရောက်နေတဲ့သူတွေဟာ
ဘယ်လို လူတွေလဲ၊ နတ်သိကြားရဲ့ သား သမီးတွေလား၊ မဟုတ်ပါဘူး။ နတ် သိကြား
မဟုတ်တဲ့ လူသာမန်တွေရဲ့ သားသမီးတွေပါပဲ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။
သူတို့ဟာ ပညာတတ်ကြတယ်။ သင်ယူလေ့လာ ထားတဲ့ ပညာရပ်တွေကို
ကျွမ်းကျင်လိမ္မာစွာကိုပဲ တတ်ကြပါတယ်။ အဲဒီပညာတွေနဲ့ သူတို့ဟာ
သူတို့တိုင်းပြည်ကို ချမ်းသာကြွယ် ဝအောင်၊ ကမ္ဘာမှာ ရှေ့တန်းကို ရောက်အောင်
ကြိုးစားဆောင်ရွက်နေကြတယ်။ ဘယ်လောက်အား ကျစရာ ကောင်းသလဲ။
နံပါတ်တစ် ပညာ၊ နံ ပါတ်နှစ် ပညာ၊
နံပါတ်သုံး ပညာ လို့ သဘောထားနိုင်ကြရင် အင်မတန် ကောင်းပါတယ်။ ပညာသာ
အဓိကမို့ ပညာနဲ့ပဲ တိုင်းပြည်ကို ကယ်တင်နိုင်လိမ့်မယ်။
''ပညာနဲ့ တိုင်းပြည်ကို ကယ်တင်ပါ''
ထက်ကျော်
No comments:
Post a Comment