Thursday, March 28, 2013

ဘယ်လိုဘလော့အမျိုးအစားတွေရေးကြမလဲ

 
Technology တစ်ခေတ်ဆန်းနေတဲ့ လက်ရှိကာလမှာ အင်တာနက်နည်းပညာကလည်း ကမ္ဘာအနှံ့မှာ ပေါ်ပြူလာ ဖြစ်နေပါတယ်။
အင်တာနက်ဆို မွေးကတည်းကရင်းနှီးပြီးသားဖြစ်နေတဲ့ ယနေ့ခေတ်လူငယ်တွေအနေနဲ့လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကလေး တွေ   ရေးသားလျက်ရှိလို့ အင်တာနက်ကွန်ရက်ထဲမှာ ဘလော့တွေဟာ အမျိုးအစားစုံလင်စွာ ရှိနေပါတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ်ကိုယ်ရေးတဲ့ဘလော့က လူစိတ်ဝင်စားတဲ့အကြောင်းအရာ ဒါမှမဟုတ် လူတွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတစ်ခုခုတော့ ဖြစ်ရပါမယ်။ ဒါမှ ကိုယ့်ဘလော့ထဲကို မှန်မှန်ဝင်ဖတ်မယ့် ပရိသတ်ရှိမှာ ဖြစ်လို့ပါ။ပထမဆုံးအနေနဲ့ မိမိရဲ့ဘလော့က ဘယ်လိုအကြောင်းအရာမျိုးကို တင်ဆက်ရေးသားနေတာလဲဆိုတာကို စဉ်းစားရပါမယ်။ ဘလော့တွေကို အတိအကျအဓိပ္ပာယ်သတ်မှတ်ဖို့တော့ခက်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်ဘလော့ကိုတော့ မိမိစိတ်ကြိုက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ကိုယ့်ဘလော့ထဲမှာ ထည့်သွင်းထားတဲ့စာပေအမျိုးအစား သို့မဟုတ် Contents ပေါ်မှာ မူတည်ပါတယ်။ ဘလော့တွေကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်ဆိုရာမှာ တချို့အတွက် ဘလော့ဆိုတာနေ့စဉ် ဒိုင်ယာရီ၊ တချို့အတွက်တော့ အပျော်တမ်း သတင်းစုံဝက်ဘ်ဆိုက်၊ တချို့အတွက်တော့နိုင်ငံရေး အသိပညာပေးဝက်ဘ်ဆိုက်၊ တချို့အတွက်တော့ နေ့စဉ်သတင်းသစ်တွေ ဖတ်နိုင်တဲ့နေရာ၊ တချို့အတွက်တော့ ကုန်ပစ္စည်းကြော်ငြာတဲ့ဝက်ဘ်ဆိုက်၊ တချို့အတွက်ကနာမည်ကျော် ငွေကြယ်ပွင့်တွေရဲ့ အကြောင်း ဖတ်ရှုနိုင်မယ့်နေရာ၊ တစ်ခါတစ်ရံဆိုညစ်ညမ်းရုပ်ပုံတွေ၊ စာတွေကိုပါဖတ်ရှု ကြည့်ရှုနိုင်တဲ့နေရာ စသည်ဖြင့် ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် များစွာစုံလင်လှပါတယ်။
တကယ်တော့ ဘလော့ -Blog ဆိုတဲ့စကားလုံးက WebLog ကနေ ဆင်းသက်လာတာပါ။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ အင်တာနက်ကွန်ရက်ပေါ်က မှတ်တမ်းမှတ်ရာတွေပေါ့။
အဲဒီဝေါဟာရကို စတင်အသုံးပြုခဲ့သူက ဂျွန်ဘာဂါ- JohnBarger ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကဖြစ်ပါတယ်။ ဘလော့တွေရဲ့ အဦးအစဟာလည်း ၁၉၉၇ ဝန်းကျင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဝန်းကျင်မှာ ဘလော့ရေးလိုသူတွေဟာ HTMLဆိုတဲ့ ဘာသာစကားကိုတတ်မြောက်ထားမှ ရေးနိုင်ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ ပထမဆုံး Blogging Application ဖြစ်တဲ့ Blogger ကို စတင်ဖန်တီးခဲ့ပါတယ်။ လက်ရှိမှာ ဂူဂယ်ကပိုင်ဆိုင်ထားတဲ့ Blogger ဟာအဲဒီအချိန်က Pyra Labsဆိုတဲ့နည်းပညာကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Pyra Labs ရဲ့ Blogger ထွက်ပေါ်လာပြီးနောက်မှာတော့အင်တာနက်မှတ်တမ်းတွေ ဖန်တီးလိုသူတွေဟာ HTML ဘာသာစကားတွေမသိလည်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုကို သပ်သပ်ရပ်ရပ် ဖန်တီးနိုင်သွားပါတယ်။
Blogger နဲ့ ဘလော့ရေးသူတွေဟာ Domain name Blogspot နဲ့ဘလော့တစ်ခုကို အခမဲ့ လွတ်လပ်စွာ ပိုင်ဆိုင်နိုင်ပါတယ်။ ဒီလိုနဲ့ ဘလော့ဖန်တီးပြုလုပ်ခြင်းတွေက အင်တာနက်ကမ္ဘာမှာ ကျယ်ပြန့်လာပြီး ဘလော့တွေကလည်း မျိုးစုံ ဖြစ်လာပါတယ်။ များသောအားဖြင့် စတင်ရေးကြတဲ့ ဘလော့အမျိုးအစားကတော့ နေ့စဉ် ဒိုင်ယာရီနဲ့ ခရီးသွားမှတ်တမ်းတွေဖြစ်ပြီး နောက်ပိုင်း မှာတော့ သတင်းတွေ ပုံမှန်  Update ပြုလုပ်တင်ပေးနေတဲ့ သတင်းဝက်ဘ်ဆိုက်တွေ ပေါ်ထွက်လာပါတယ်။
၂ဝဝ၁-၂ဝဝ၂ခုနှစ်ဝန်းကျင်မှာတော့နိုင်ငံရေးဘလော့တွေတစ်ခေတ်ရောက်လာပါတယ်။အနောက်နိုင်ငံတွေက ရေးတတ်တဲ့ နိုင်ငံရေး ဘလော့အများစုဟာ ကိုယ်စီနိုင်ငံရေး အတွေးအမြင်တွေကို ဆွေးနွေးကြတဲ့ Viewpoints တွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ ပေါ်ပြူလာဝက်ဘ်ဆိုက် အများစုက ကွန်ပျူတာနဲ့ အော်တိုမိုဘိုင်း (ကား) ဝက်ဘ်ဆိုက်တွေဖြစ်ပြီး ချစ်စရာ ခွေးပုံကြောင်ပုံတွေကိုမှန်မှန်တင်တဲ့ ဝက်ဘ်ဆိုက်တွေကလည်း လူဝင်များတာ တွေ့ရပါတယ်။
ဘလော့ရေးကြတဲ့ခေတ်က ပြီးခဲ့တဲ့ ၂ဝဝဝ နဲ့ ၂ဝ၁ဝ ဆယ်စုနှစ်တွင်းမှာ ပွင့်လန်းလာတာ ဖြစ်ပါတယ်။ Technorati.com ရဲ့စာရင်းအရဆို ၂ဝဝ၂ ခုနှစ်မှာ ဘလော့အရေအတွက်ပေါင်း သန်း၁၃ဝ ကျော်ရောက်ရှိခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဇွန်လမှာလူဝင် ကြည့်ရှု  မှုနှုန်းအရ ပြုလုပ်ခဲ့တဲ့ ထိပ်ဆုံးစာရင်းဝင် ဘလော့တွေက သတင်းဘလော့၊ နည်းပညာနဲ့လူမှုကွန်ရက်ဘလော့၊ နည်းပညာ
ဆိုင်ရာ စီးပွားရေးသတင်းဘလော့၊ဖျော်ဖြေရေးနဲ့ ပေါ်ပြူလာကြယ်ပွင့်တွေ အကြောင်းတင်ဆက်တဲ့ ဘလော့၊ ကြယ်ပွင့်တွေအကြောင်း အတင်းအဖျင်းနဲ့ ဖက်ရှင်တွေကိုဖော်ပြပေးတဲ့ ဘလော့နဲ့ စီးပွားရေးဆိုင်ရာ Business and Economics
ဘလော့တွေက အစဉ်လိုက်ရပ်တည်နေခဲ့ပါတယ်။
ဒီလို နာမည်ကျော် ဘလော့အမျိုးအစားတွေကို ဖော်ပြလို့ ကိုယ့်ဘလော့ဟာ ဒီလိုအမျိုးအစားထဲက ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်တကယ်ကို နှစ်သက်မြတ်နိုးရာ ဝါသနာတစ်ခုခုကို ရေးသားဖော်ပြတာအကောင်းဆုံးပါ။ဒါမှ ဘလော့ စဉ်ဆက်မပြတ် ရှင်သန်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။
အရင်ကဆိုဘလော့ရေးဖို့ဆိုတာ HTMLတတ်မှရေးနိုင်ပေမယ့် အခုဆို ဘလော့ရေးမယ်ဆို Web Application တစ်ခုခုနဲ့ ရေးနိုင်ပြီ ဖြစ်ပါတယ်။ Web Applicationတွေကလည်း ဒီနေ့ခေတ်မှာ Blogger အပြင် Wordpress နဲ့ Pepad စတဲ့  Platform တွေရှိနေပါပြီ။ ခုနောက်ပိုင်းမှာ ပိုမိုရိုးရှင်းလွယ်ကူတဲ့ Web Applicationတွေကိုပဲ အသုံးပြုလာပြီး Wordpress က ပိုပြီး ပေါ်ပြူလာဖြစ်လာပါတယ် ။ Blogging Application တွေကို အသုံးပြုရတာတကယ်ပဲ ရိုးရှင်းလွယ်ကူပါတယ်။
အရန်သင့် တည်ဆောက်ပြီးသား Websites ထဲကို မိမိစိတ်ကြိုက် Contents တွေကို ထည့်သွင်းခြင်းသာဖြစ်လို့ ဘယ်သူမဆို ဘလော့ရေးနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ ဘလော့ပို့စ်- Blog Post တွေ တင်ရတာလွယ်ကူကောင်းလွယ်ကူမှာ ဖြစ်ပေမယ့် နေ့စဉ်နဲ့အမျှ တင်နေဖို့ဆိုတာကတော့ ထင်သလောက်လွယ်ကူမှာမဟုတ်ပါဘူး။ အဓိကကတော့ ဘလော့ရဲ့ Sustainablityဖြစ်ပါတယ်။ တင်လိုက်မတင်လိုက်နဲ့ မှန်မှန် Update မပြုလုပ်တဲ့ ဝက်ဘ်ဆိုက်တွေကိုမှန်မှန်ဝင်ကြည့်သူလည်းရှားပါလိမ့်မယ်။ အပျော်တမ်းဘလော့ရေးသူပဲဖြစ်ဖြစ်၊ Professional ဘလော့ရေးသူပဲဖြစ်ဖြစ် မိမိရေးတင်မယ့် အကြောင်းအရာကို မိမိပိုင်နိုင်မှု၊ ဝင်ကြည့်သူတွေရဲ့ မက်ဆေ့ခ်ျ သို့မဟုတ် ဝေဖန်အကြံပြုမှု
စတာတွေကလည်း အရေးကြီးပါတယ်။
ဘလော့ရေးသူဟာ စာရေးဆရာ၊ ဓာတ်ပုံဆရာ၊ သတင်းထောက်၊ အယ်ဒီတာ၊ အနုပညာရှင်၊ နိုင်ငံရေးသမား စတဲ့ Professional
တွေထဲက တစ်ခုမဟုတ်လည်းဖြစ်နိုင်သလို အားလုံးလည်း ဖြစ်နေနိုင်ပါတယ်။
ဘလော့ရေးသူတချို့ကပေါ်ပြူလာဝက်ဘ်ဆိုက်တချို့ကိုဝင်ကြည့်ပြီး အဲဒီလိုအတုယူရေးတာမျိုးတွေရှိပေမယ့် အဲဒါဟာ မိမိဝါသနာပါရာ မဟုတ်ရင် ရေရှည်ဘယ်လိုမှတည်တံ့မှာ မဟုတ်ပါဘူး။ မိမိအမှန်တကယ် မြတ်နိုးသက်ဝင်တဲ့ အကြောင်းအရာ၊ ဝါ
သနာတစ်ခုခုကို ရေးသားဖန်တီးနိုင်မှသာ ကိုယ်တင် တဲ့ Blog post တွေလည်း သက်ဝင် လှုပ်ရှားမှုအပြည့်နဲ့ ရုပ်လုံးကြွနေမယ့်အပြင်ရေရှည်လည်း တည်တံ့မယ့် ဘလော့တစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။
ကလျာအိအိလွင်
 

No comments: