Tuesday, March 26, 2013

မြန်မာပြည်သို့ အိတ်ဖွင့်ပေးစာ



            ဒီရက်ပိုင်းအတွင်း ကိုယ့်တိုင်းပြည်က သတင်းတွေနားထောင်ပြီး စိတ်ပူပန်သောကရောက်၊စဉ်းစားတွေး
တော၊သတင်းအချက် အလက်စုနေရတာနဲ့ ရေးလက်စ ကျန်းမာရေးဆောင်းပါးတွေတောင် မရေးဖြစ်ပါ။ အားလုံး
တိုးလို့တန်းလန်း။ပြသနာတစ်ခုဖြစ်လာရင် မှန်ကန်မျှတစွာ ဆင်ခြင်သုံးသပ်နိုင်ဖို့က အချိန်အတိုင်းအတာတစ်ခုလို
တယ်။ သတင်းအချက်အလက်စုံလင်အောင် ရှာမှီးပြီး သုံးသပ်နိုင်ဖို့လိုတယ်။ ပြီးတော့ ရင်ထဲကလာတဲ့ ကိုယ့်ပုဂ္ဂိုလ် ရေးခံစားချက်တွေကိုလည်း ပညာဥာဏ်နဲ့ ထိန်းဖို့ အချိန်ယူရသေးတယ်။ ၀ါသနာအရသာ စာရေးရတာ စာရေးဆရာ
ဆိုတာလည်း လူထဲကလူမဟုတ်ပါလား။သူ့မှာလဲ သူယုံကြည်ရာ၊အတ္တဆိုတာရှိတာပဲ။ ဒါပေမယ့် အများလက်ခံ နိုင်မယ့် စာရေးဆရာဆိုတာ ကျယ်ပြန့်စွာမြင်နိုင်မှ၊မျှတစွာတွေးတတ်မှ ရေရှည်တည်မြဲနိုင်မယ်မဟုတ်လား။ဒါကြောင့် ကိုယ့်နိုင်ငံ
ထဲက ဘာသာရေးအခြေခံပြသနာတွေနဲ့ ပတ်သတ်ပြီး ကိုယ့်ထင်မြင်ချက်ကို ချက်ချင်းမရေးနိုင်ပါ။ ဘယ်သူမှ တာဝန် ပေးထားတာမဟုတ်ပေမယ့် စာရေးဆရာရဲ့ အလုပ်ဟာတာဝန်ကြီးတယ်။ ပရိသတ်ကို စိတ်အညစ်အကြေးဖြစ်စေ မယ့်ဟာတွေမရေးသင့်ဘူးလို့ ခံယူထားတာမို့ အခုဖြစ်နေ တဲ့ ပြသနာတွေနဲ့ ပတ်သတ်ပြီး ချက်ချင်းမရေးနိုင်ပါ။
            ဘာသာရေးဆိုတာဟာ ထိလွယ်၊ရှလွယ်၊လူမုန်းခံရလွယ်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်လို့ အများကခေါင်းရှောင်ချင်
 ကြပေမယ့် ကျွန်တော်ကတော့ (ကိုယ့်ဘာသာကိုယ် ကာကွယ်လိုစိတ် အပြည့်ရှိသော်လည်းပဲ)ကိုယ့်နိုင်ငံသားများ
အတွက် ၊ကိုယ့်နိုင်ငံ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ဖို့အတွက် ဘာသာ၊လူမျိုးမခွဲခြားပဲ အမုန်းခံပြီးရေးပါရစေ။
ကိုယ့်အားကိုယ် ကိုးရမယ်         
          ပြည်ပကသတင်းဌာနတွေမှာ မြန်မာပြည်ဟာ လူနည်းစုမူစလင်တွေကို အကြမ်းဖက်နေတယ်လို့ပဲ ဖော်ပြကြ
တယ်။ဘာလို့ဒီလိုဖြစ် တာလဲ။          
နံပါတ်(၁) ကျွန်တော်တို့ မြန်မာတွေဟာ ကိုယ့်ဘာသာစကားနဲ့ပြောဆိုတဲ့ အသိုင်းအ၀ိုင်းလေးထဲမှာပဲ ရန်ဖြစ်နေရတာကို
ပျော်မွေ့နေကြသူ တွေ ဖြစ်တယ်။ကမ္ဘာကြည့် ကြည့်မြင်ဖို့ အားနည်းကြတယ်။
နံပါတ်(၂) မူစလင်များဟာ အင်မတန်ကိုမှ စည်းလုံးတဲ့ ဘာသာဝင်များဖြစ်တယ်။သူတို့အတွက် အမျိုးသားရေး၊လူမျိုးရေး ဆိုတာမရှိဘူး။ ဘာသာရေး ဆိုတာပဲရှိတယ်။ဒါကြောင့် သူတို့ရဲ့ သတင်းဖြန့်ဝေမှုက ပိုများတယ်။
နံပါတ်(၃) ပြည်ပမှာ နေထိုင်နေကြတဲ့ မြန်မာဗုဒ္ဒဘာသာဝင်များအနေနဲ့လည်း ဒီလိုအခြေအနေမျိုးမှာ ဘာသာ၊သာသနာ
အတွက် ဆန္ဒဖော်ထုတ်ဖို့ မလွယ်ကူပါဘူး။ဘာဖြစ်လိုဲ့လဲဆိုတော့ ဒီမိုကရေစီဖွံ့ဖြိုးပြီးသား နိုင်ငံများမှာ ဘာသာရေး၊လူမျိုးရေးခွဲခြားမှုဟာ အင်မတန်မှကိုနည်းပါးတယ်။ စင်္ကာပူလို ဒီမိုကရေစီနိုင်ငံမဟုတ်တဲ့ စည်းကမ်းတင်းကျပ်တဲ့ နိုင်ငံများမှာတောင် Regardless of Race and Religion ဆိုပြီး လူမျိုး၊ဘာသာမခွဲခြားစတမ်းလို့ ဆိုင်းဘုတ်ကြီးကြီး တပ်ထားတာရှိတယ်။ဒါပေမယ့် Nationality ကို မခွဲခြားဖူုးဆိုတာတော့မပါဘူး။ သူတို့နိုင်ငံသားဖြစ်ရင်တော့ ဘယ် ဘာသာ၊လူမျိုးဖြစ်ဖြစ် အခြားနိုင်ငံသားနဲ့ ယှဉ်ရင် ဦးစားပေးမယ်ဆိုတဲ့ သဘောပဲ။
            အဲဒီတော့ ကိုယ့်ပြည်တွင်းမှာ ဖြစ်တဲ့ပြသနာကို ဖြေရှင်းဖို့က ကျွန်တော်တို့နိုင်ငံသားတွေမှာပဲ တာဝန်ရှိတယ်။ကိုယ့်အားကိုယ်ကိုးရမယ်လို့ပဲ ပြောချင်ပါတယ်။
နိုင်ငံသားတိုင်း အတူတူပါ
            အမှန်တော့ ယနေ့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံအားလုံးလိုလိုမှာ နိုင်ငံသားအရေးဆိုတဲ့ စကားလုံးကိုပဲ သုံးပါတယ်။ လူမျိုးရေး၊ဘာသာရေးဆိုတဲ့ ဟာတွေကို မသုံးကြတော့ဘူး။ဒီလိုပြောလိုက်လို့ မြန်မာပြည်လဲ လိုက်ကျင့်ကြံရမယ်မဆိုလိုပါ။ ဒါပေမယ့် ဒီမိုကရေစီစံနှုန်းကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာပြည်ဟာ သူ့နိုင်ငံသားများအရေးကို
တော့ အပြည့်အ၀တာဝန်ယူတယ်ဆိုတဲ့ ဂုဏ်ပုဒ်ရှိဖို့လိုအပ်ပါတယ်။
            နိုင်ငံတစ်နိုင်ငံဟာ တရားဥပဒေစိုးမိုးမှုရှိမှ၊လုံခြုံမှုရှိမှ တခြားနိုင်ငံတွေက လေးစားမယ်။ အထင်ကြီးမယ်။ စစ်အုပ်ချုပ်မှုအောက်က လွတ်မြောက်လာတဲ့ မြန်မာပြည်ဟာ စစ်တပ်အုပ်ချုပ်မှုကင်းလွတ်သွားတာနဲ့ စည်းကမ်းမဲ့ လူမျိုး
ရေး၊ဘာသာရေးဖိနှိပ်မှုတွေ ဖြစ်တော့တာပဲလို့အထင်မြင်ခံရရင် ဘယ်ကောင်းပါ့မလဲ။ ဒါပေမယ့် ယနေ့ကမ္ဘာ့မီဒီယာမှာ
တော့ မြန်မာပြည်ဟာ အဲဒီလိုဖြစ်နေဆဲပါလို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး ပြောပါရစေ။
            ယနေ့ ရွှေဘုံသာလမ်း၊တာမွေအ၀ိုင်းက မူစလင်ကုလားလေးဟာ မြန်မာတွေ ဘယ်တော့လာရိုက်မလဲလို့ ကျီး
လန့်စာစားခံစားနေရ သလို မလေးရှားလို၊ဒူဘိုင်းလို မူစလင်အင်အားကြီးနိုင်ငံများက မြန်မာအလုပ်သမားလေးဟာလဲ ခုနကုလားလေးထက်မနည်းတဲ့ စိုးရိမ်မှုမျိုးနဲ့ နေနေရတယ်ဆိုတာ ကျွန်တော်တို့ မမေ့ဖို့လိုတယ်။တစ်ခုတော့ကွာတယ်။ ရွှေဘုံသာလမ်းက ကုလားလေးက မြန်မာနိုင်ငံသား၊မလေးရှားက မြန်မာလေးကတော့ နိုင်ငံခြားသား။ ကိုယ့်တိုင်းပြည်က လုံခြုံမှုမပေးနိုင်လို့ (လုံခြုံမှုပေးတယ်ဆိုတာ အစားအစာ၊ရေ၊အ၀တ်အထည်စတာတွေ ပြည့်စုံတာလဲပါတယ်။ တိုင်းပြည်က ဆင်းရဲရင်၊ညံ့ရင် သူ့နိုင်ငံသားဟာ လုံခြုံမှု မရှိတော့ဘူး) သူများတိုင်းပြည်မှာ ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်နေရတဲ့ ကိုယ့်သွေးချင်းများရဲ့ မျက်နှာကို ထောက်နိုင်တဲ့ အမြင်ရှိဖို့လိုတယ်။
ကျွန်တော်တို့ ဘာလုပ်သင့်သလဲ
            ယနေ့ ပြသနာများကို လှုံ့ဆော်ဖန်တီးနေသူများရှိနေတယ်။ အဲဒီထဲမှာ တပ်မတော်လည်းပါနေတယ်လို့ ဝေဖန်နေကြသူတွေရှိတယ်။ဘယ်သူတွေ လှုံ့ဆော်ဆော်၊သူများလှုံ့ဆော်ခံရလောက်အောင် ဓားဆွဲ၊ဒုတ်ဆွဲပြီး လမ်းပေါ်ကို ရောက်လာတဲ့သူဟာ ကိုယ်ပိုင်ဥာဏ်နည်းလို့ပဲဖြစ်တယ်။ ဆူပူချင်တိုင်းဆူပူ၊မင်းမဲ့စရိုက်ဖြစ်ခဲ့ကြလို့သာ လက်နက်ကိုင်
တပ်ဖွဲ့တွေ လမ်းပေါ်ရောက်လာတာဖြစ်တယ်။ အကြမ်းဖက်လိုတဲ့လူစုကြောင့်သာ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေ လမ်းပေါ်ရောက်လာခွင့်ရတာဖြစ်တယ်။ ပုဒ်မတွေ ထုတ်ပြန်ရတယ်ဆိုတာဟာ ကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်ကိုက တိုင်းပြည်တည်ငြိမ်ရေးကို လိုလားမှုအားနည်းကြလို့၊စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအားနည်းလို့ ဖြစ်ပါတယ်။
            ကုလား-ဗမာ ဟိုအရင်ကတည်းက အတူတူနေလာတယ်။မနေ့ကလဲ ဒီလူတွေပဲ။ဒီနေ့လဲ ဒီလူတွေပဲ။မျက်နှာမမြင်ချင်ရလောက် အောင်နေ့ချင်းညချင်းမုန်းသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မနေ့တစ်နေ့ကမှ ရောက်လာတဲ့ ရခိုင်ပြည်က ဘင်္ဂလီတွေကို လက်မခံနိုင်တာတော့ ဟုတ်တယ်။ ကိုယ့်နိုငံသားမဟုတ်ဘူး။ မဂိုလမ်းမှာ မွေးကတည်းကနေ
လာတဲ့ မူစလင်ကုလားလေးကို နိုင်ငံတကာမှာ အစ္စလာမ်အစွန်းရောက်တွေများလာလို့ နင်ဟာလဲ အတူတူပဲဖြစ်ရမယ်ဆိုပြီး သတ်ပစ်ချင်လို့ ဘယ်ဖြစ်ပါ့မလဲ။
            မှန်ပါတယ်။ တချို့နေရာများမှာ လူကိုသေစေလောက်တဲ့အထိ တစ်ဘက်နဲ့တစ်ဘက် လွန်ကျူးမှုတွေ ဖြစ်ပြီးကြပြီ။ ကျွန်တော်တို့ ဒီလိုပဲ သတ်နေကြရုံနဲ့ ဒီပြသနာဟာပြီးသွားမလား။အားကောင်းမောင်းသန် ယောင်္င်္ကျားကြီးမို့လို့  ခွန်အားကြီး
တယ်၊သေရဲတယ်၊သတ်ရဲတယ် ဆိုပေမယ့် ပြသနာတွေဖြစ်ကြပြီဆိုရင် အသက်ဆုံးရှုံးအတိဒုက္ခဖြစ်ကြတာ သက်ကြီး
ရွယ်အို၊အမျိုးသမီးနဲ့ ကလေးငယ်တွေပဲ ဖြစ်ပါတယ်။
            ကျွန်တော့်သဘောကတော့ အခုဖြစ်နေတဲ့ပြသနာတွေကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းမယ့်အစား ကြေအေးလိုက်ကြ
ပြီး မြန်မာနိုင်ငံသားများဟာ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များရဲ့ အကူအညီမလိုပဲ တိုင်းပြည်ကို အေးချမ်းတည်ငြိမ်လုံခြုံ
အောင် လူထုအားနဲ့ ဆောင်ရွက်နိုင်သူများဖြစ်တယ်လို့ ဒီအချိန်မှာ ကမ္ဘာကို ပြသနိုင်ဖို့လိုပါတယ်။
ပြသနာများရဲ့အစ
            အမှန်တော့ ဒီပြသနာတွေရဲ့အစဟာ ကျွန်တော်တို့ တတွေညံ့ခဲ့လို့ပဲ ဖြစ်ခဲ့ကြတာ။ နိုင်ငံခြားသားတွေကို လာဘ်
ငွေယူပြီး နိုင်ငံသားဖြစ်စေခဲ့တဲ့ တာဝန်ရှိသူတွေ၊အများပြည်သူ ရပ်ကွက်တွေထဲမှာ ဘာသာရေးအဆောက်အဦးတွေ ဆောက်လုပ်ခွင့်ပေးခဲ့တဲ့ တာဝန်ရှိသူတွေဟာ ကျွန်တော်တို့ဗုဒ္ဒဘာသာမြန်မာတွေပဲ များတယ်မဟုတ်လား။အမှန်တော့
ယနေ့အချိန်မှာ အမျိုး၊ဘာသာ၊သာသနာစောင့်ထိန်းဖို့ ကြွေးကြော်လှုံ့ဆော်နေကြတဲ့ ကျွန်တော်တို့လူငယ်တွေဟာ ဗုဒ္ဒ
ဘာသာဝင်တစ်ဦး အခြေခံအကျဆုံးလိုက်နာစောင့်ထိန်းရမယ့်  ငါးပါသီလတောင် လုံကြရဲ့လား။သေချာတာကတော့ ရှေ့ကသွားနှင့်တဲ့ မျိုးဆက်က ငါးပါးသီလကို မလုံခြုံခဲ့တဲ့အခါမှာ ကိုယ့်ဘာသာရေးဟာ အခုလို ခြိမ်းခြောက်ခံသွားရတာပဲ။
            ဒီတော့ ယနေ့ကိုယ့်တိုင်းပြည်ထဲက ပြသနာတွေဟာ ဘယ်ကနေမှ စီးဆင်းလာတာမဟုတ်ဖူး။ဘယ်သူကမှ လှုံ့ဆော်နေတာ မဟုတ်ဖူး။ကိုယ်လုပ်ခဲ့တဲ့ တစ်ချိန်က အတိတ်ကံများကြောင့် အခုဒီလိုဖြစ်နေတယ်ဆိုတဲ့ တရားတော်လာ ဆုံးမမှုများအတိုင်းတွေးကြည့်ရင်  မြင်သာပါတယ်။
ရေစုန်မလိုက်ကြဖို့
            မြန်မာတွေဟာ ပြီးလွယ်ပျောက်လွယ်တယ်။ လက်ရှိပြသနာတွေ ကြီးထွားလာမှာစိုးရိမ်သလို ရွှေမြန်မာများရဲ့
ဝသီအတိုင်း မေ့ပျောက်လွယ်သွားမှာကိုလဲ စိုးရိမ်တာပါပဲ။ဘာသာ၊သာသနာကို ကာကွယ်ရမယ်။ ဒါပေမယ့် မြတ်ဗုဒ္ဒအလို
ကျ မေတ္တာတရားနဲ့၊သီလသမာဓိနဲ့ ကာကွယ်ရမယ်။တချိန်တည်းမှာလဲ ရှိနှင့်ပြီးသား ကိုယ့်နိုင်ငံသားမူစလင်များအတွက် လုံခြုံမှုပေးနိုင်ရမယ်။ နှစ်ဦးနှစ်ဘက် အပြန်အလှန်ယုံကြည်မှ ငြိမ်းချမ်းရေးဆိုတာရမယ်။ မြန်မာပြည်ထဲမှာ အရင်လို ဆက်
နေနိုင်ဖို့ တာလီဘန်ခေါ်စရာမလိုဘူး။ဆော်ဒီကို အသနားခံစာမလို ဘူး။ဒါဟာ ငါတို့နိုင်ငံပဲဆိုတဲ့ စိတ်ဓာတ်မျိုး မြန်မာနိုင်ငံ
ဖွား မူစလင်များမှာ ရှိနေဖို့ လိုပါတယ်။အဲသလို ရှိနိုင်အောင်လဲ ဗုဒ္ဒဘာသာဝင်တွေက ကူညီပေးရမယ်။
            တစ်ဘက်ကိုတစ်ဘက် ပျက်စီးရာ ပျက်စီးကြောင်း ဘာသာရေးကျောင်းများမှာ သင်ကြားပို့ချတယ်သံသယရှိရင် ထင်သာမြင်သာအောင်  အများလေ့လာခွင့်ပြုလိုက်ပါ။ ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများရဲ့ ယဉ်ကျေးလိမ္မာသင်တန်း
များကို ဘယ်သူမဆို တက်ရောက်လေ့လာခွင့်ရှိရင် အစ္စလာမ်ဘာသာရေးကျောင်းများက စာပေပို့ချမှုများကိုလည်း
ဘယ်သူ့ကိုမဆို လေ့လာခွင့်ပေးလိုက်ပါ။
            ဗုဒ္ဒဘာသာဝင်အများစုရှိတဲ့ တိုင်းပြည်၊ တခြားဘာသာဝင်တွေ အင်အားကြီးမားလာတာမနှစ်မြို့ရင်လဲ ဒီမိုကရေစီနည်းလမ်းအတိုင်း လွှတ်တော်ထဲမှာ မဲခွဲပြီး တရားဥပဒေနည်းလမ်းကျကျ နည်းဥပဒေများနဲ့ တရားဝင်ပြဌာန်းဖို့ ကြိုးစားပါ။ ဥပမာတစ်ခုပြရရင် မွတ်စလင်ဘာသာအရ မိန်းမလေးယောက်ယူခွင့်ရှိတယ်ဆို ဟုတ်ပြီ ဘာသာရေးကိုတော့ မတားမြစ်ပါ။ဒါပေမယ့် ဒီနိုင်ငံထဲမှာ နေရင် မိန်းမတစ်ယောက်ထက်ပိုယူရင် အခွန်နှစ်ဆပိုဆောင်ရမယ် ဥပဒေပြဌာန်း
လိုက်ပါ။ ဘယ်ဘာသာဝင်ယူယူ ဥပဒေဟာတစ်ခုထဲပဲ။ဒီလိုနဲ့ ထိန်းသိမ်းလို့ မရနိုင်ဘူးလား။
            ဒါပေမယ့် ဒီလို နည်းဗျူဟာမျိုးဟာ အစိုးရအဖွဲ့အစည်းများအတွင်းမှာပဲ သိပ်သည်းစွာ စီမံချက်ချရတာမျိုးဖြစ်
တယ်။ လူပုံအလယ်မှာထုတ်ဖော်ပြသနေရမယ့် ကန့်သတ်ချက်ဥပဒေတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာပညာရှိတွေ
ဟာ ဘာသိဘာသာသိပ်နေနိုင်ကြတယ်။အကြောင်းရင်းကလည်း သိတဲ့တတ်တဲ့သူက အကြံဥာဏ်ပေးရင် ဘေးထိုင်ဘုပြော
ဖို့လောက်ပဲ အသိဥာဏ်ရှိသူတွေများတာကိုး။
ယဉ်ကျေးမှုတော်လှန်ရေး
            ဒီအချိန်ဟာ မြန်မာပြည်က လူငယ်များအတွက် တော်လှန်ရေးလုပ်ရမယ့်အချိန်ဖြစ်တယ်။ တော်လှန်ရေးဆိုလို့ လက်နက်စွဲကိုင်တော်လှန်တာမျိုးမဟုတ်ဖူး။ မကောင်းမှုကိုတော်လှန်မယ်။ မတရားမှုကိုတော်လှန်မယ်။ လာဘ်စားမှု ကိုတော်လှန်မယ်။အကြမ်းဖက်မှုကို တော်လှန်မယ်။ မြှောက်ထိုးပင့်ကော်သမားတွေကို တော်လှန်မယ်။တိုင်းပြည် တိုးတက်ရေးအတွက် ခေတ်နောက်ကျနေတဲ့ အတွေးအခေါ်ခံယူချက်တွေကို တော်လှန်မယ်။
            တိုင်းပြည်တိုးတက်အောင်လုပ်ဖို့ လုပ်စရာတွေ အများကြီးရှိနေတဲ့ ဒီလိုအချိန်မျိုးမှာ ရန်ဖြစ်နေတာတွေ ရပ်ကြ
ရအောင်။ဗုဒ္ဒဘာသာဝင်များအနေနဲ့လည်း ကိုယ့်ဘာသာ၊သာသနာကို ကာကွယ်ချင်ရင် ကိုယ်ကျင့်သီလဆိုတဲ့ အိမ်ခေါင်
ကို လုံခြုံစွာအရင်ဆောက်။ဘာသာရေးနဲ့ ပတ်သတ်တဲ့ လုံခြုံရေးကို တရားဝင်ဥပဒေများနဲ့ ပြဌာန်းပြီး နည်းမှန်လမ်းမှန်
လုပ်။ထစ်ကနဲရှိ တုတ်ဓားဆွဲတဲ့ အကျင့်ကိုဖျောက်။ မီးလောင်တဲ့နေရာမျိုးမှာ တချို့အလစ်ဝင်သုတ်တတ်တဲ့ အကျင့်ဆိုး
တွေကို ဖျက်ဆီးပစ်။ ကိုယ့်တာဝန်ကိုယ်ကျေတဲ့ လူငယ်မျိုးဆက်များဖြစ်အောင်ကြိုးစား။
            တစ်ဘက်က နိုင်ငံသားမူစလင်လူငယ်များအနေနဲ့ အကြမ်းဖက်၊အစွန်းရောက်ဝါဒတွေ ကိုယ့်ဘာသာထဲ
စိမ့်ဝင်မခံရအောင် ကာကွယ်တားဆီး။ ဘာသာအယူအဆကိုးကွယ်ရာကို ဦးစားပေးသလို မြန်မာနိုင်ငံသားဖြစ်ခွင့်ကို
လည်း တန်ဖိုးထားပြီး ကိုယ့်နိုင်ငံကိုယ်ကာကွယ်ကြရင်ဖြင့် အဆင့်အတန်းမြင့်မားသော လူမှုအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာမည်ဟု မျှော်လင့်မိပါကြောင်း။
            (၂၆/၃/၂၀၁၃)

No comments: