Friday, March 29, 2013

Shakers လား၊ -Movers လား၊- Doers လား



Shakers လား၊ -Movers လား၊- Doers လား
။သန္တာဝင်း -
-(၂၉-၃-၂၀၁၃)

နိုင်ငံတခု ပြန်လည်ထူထောင်ရာတွင် လိုအပ်သော လူ ၃ မျိုးရှိသည်။


Shakers --- ခရာမှုတ်ကြသူများ။ အိပ်ပျော်နေသူ၊ အိပ်မက်မက်နေသူ၊ အိပ်ချင်ယောင်ဆောင်နေသူများကို လှုပ်နှိုးကြသူများ။

Movers --- တွန်းတင်ကြသူများ။ အိပ်ချင်မူးတူးမျက်လုံးဖွင့်လာသူများကို ဆွဲထူဖို့ကြိုးစားကြသူများ။
Doers --- ပြန်လည်တည်ဆောက်ကြသူများ။ အိပ်ရာမှနိုးလာသူများကို မတ်တတ်ရပ်အောင် စွမ်းဆောင်နိုင်သူများ။ ကျွန်မတို့ ဘယ်အထဲမှာ ပါ ပါ သလဲ။

2011 နောက်ပိုင်းမှာသတင်းတွေဖတ်ရတာ နေ့စဉ်လိုလို အဆန်းတကြယ်။ အသစ်အသစ်သို့ ပြောင်းကြမည်ဆိုတော့ စနစ်ဟောင်းမှာ ကပ်တွယ်နေတဲ့ အဖွဲ့အစည်းမျိုးစုံ အစမ်းသပ်ခံကြရတာ သင်ခန်းစာ ယူစရာကောင်း သလို သံဝေဂ ရစရာလည်း ကောင်းမှကောင်း။
 

ပထမဆုံး ပစ်ကွင်းကတော့ လူတွေအားလုံးလက်တည့်စမ်းချင်လို့ သွေးကြွနေတုန်းမှာ ကားကားကြီးပေါ်လာတဲ့ ဆရာဝန်၊ ဆေးလောက အဖွဲ့ပါပဲ။ ပထမဆုံး ဘာလို့ ဖြစ်ရသလဲဆိုတော့ အများပြည်သူကြားထဲမှာ ထိုးထိုးထောင်ထောင်ထွက်နေလို့ပေါ့။ ခေတ်ဟောင်းစနစ်ဟောင်း ပညာရေးရဲ့ အကောင်းဆုံးအသီးအပွင့်များကို ရယူခံစားခဲ့တဲ့ အုပ်စုဟာ အာဏာရှင်စနစ်ကားလိပ်အဟောင်းကြီးချပြီး ဒီမိုကရေစီကားလိပ်အသစ်တင်ချိန်မှာ စင်ပေါ်မှာ အကာအကွယ်မဲ့ ဘွားဘွားကြီးပေါ်လာပါတယ်။ ဒါကြောင့်လဲ ခဲနဲ့အပေါက်ခံရပေတာပ။
ဟိုဆရာဝန်ကိုအရေးယူလိုက်ပြန်ပြီ၊ ဒီဆေးခန်းကို ဒဏ်ခတ်လိုက်ပြန်ပြီနဲ့ မကြားချင် အဆုံးပါပဲ။

လူနာများနဲ့ ဂျာနယ်များက Shake လုပ်လို့ အိပ်ချင်မူးတူးဖြစ်နေတဲ့ ဆရာဝန်အုပ်စု ဘက်ကလဲ အသံပြန်ကြားရပါတယ်။
အလုပ်ပင်ပန်းတယ်၊ လခ မလောက်ဘူး၊ အထူးကုဖြစ်ချင်တယ်။ အလုပ်မရဘူး၊ ဆေးကျောင်းစရိတ်ကြီးသတဲ့။ ဒါနဲ့ ၀န်ကြီး ခေါင်းတက်ဆောင့်ပါရော။
ဘတ်ဂျက် ၄%သာရတယ်ဆိုပဲ။ လွှတ်တော်ထဲက အမတ်မင်းများကလဲ အံ့ဖွယ်သုတပါပဲ။
ဟိုနားမှာ ဆေးရုံကလေးဆောက်ပေးမလား၊ ဒီနားကဆေးရုံမှာ ဆရာဝန်မှန်မှန်မလာလို့ ပြောပေးမလားနဲ့၊ ဖေဖေ မုန့်ဝယ်ပေးပါလို့ ပူဆာ နေကျထင်ပါရဲ့။
ဖေဖေကြီး မုန့်ဝယ်ကျွေးစရာ ပိုက်ဆံကိုတော့ တောင်းမပေးတတ်ကြရှာပေဘူး။
 

ကျန်းမာရေးက ၄%သာရပြီး ကာကွယ်ရေးက ဘာကြောင့် ၅၀%ဖြစ်ရသလဲလို့ မမေးချင်တာလား၊
မမေးတတ်တာလား၊ မမေးရဲတာလား၊
အဖြေသိပြီးသားမို့လား၊ အဖြေမရှိလို့လား၊
လားပေါင်းများစွာရဲ့အဆုံးမှာ ဆေးလောကအကြောင်း အသံတွေတိတ်သွားပါလေရော။
ပြသနာတွေငြိမ်းသွားလို့တော့ မဟုတ်ပါဘူး။
စိတ်ဝင်စားစရာအာရုံတွေက တခြားဖက်လှည့်သွားလို့သာပါပဲ။

ရထားတဲ့ ၅၀% နဲ့ လိုက်ဖက်ညီအောင် မြန်မာ့တပ်မတော်ကြီး တိုးတက်ထွန်းကား နေသလား ဆိုတော့လဲ ----------။

သမ္မတကြီးကတော့ပြောပါတယ်။
ကျပ် သန်းပေါင်း ၆၀၀၀ အကုန်အကျခံပြုပြင် ပေမယ့်လည်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကတော့ အရင်အတိုင်းပဲ တဲ့။
ဥပမာပေးပြီး အလိမ္မာနဲ့ ဆိုတာလားတော့ မသိ။
Shake လုပ်ဖို့အတွက် စတေးခဲ့ရတဲ့လူနာတွေ၊ အထောင်းခံခဲ့ရတဲ့ဆရာဝန်တွေ၊ ဆေးကုသရေးမှာ လုံးဝပျက်စီးသွားတဲ့ ယုံကြည်အားကိုးမှု။

ရင်းလိုက်ရတဲ့ တန်ဖိုးတွေပေါ်မှာ အရှူံးပေါ်သွားလိုက်တာ။ ပြီးခဲ့တဲ့နှစ်အတွင်းက လွှတ်တော်တွင်းဆွေးနွေးပွဲများမှာတောင် ကျန်းမာရေးကဏ္ဍ Move အဆင့်ကို ရောက်မလာ။
အခုအထိ ဘယ်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အတုခိုးရမှန်း မသိရှာပေဘူး။ စု တု ပြု ဆိုတော့ကာ အကောင်အထည်ဖော်ဖို့ကတော့ အိပ်မက်သာဆက်မက်ကြဦးစို့ရဲ့။

-- ဒုတိယအုပ်စုကတော့ စွမ်းအင်အဖွဲ့ပါ။ ပိုလွန်းလို့ ရောင်းသူကြီးကိုတော့ လတ်လတ်ဆတ်ဆတ် အနားပေးလိုက်ပါပြီ။ သူ့ခမျာလည်း ခိုင်းလို့သာလူကြမ်းလုပ်ရရှာတာ နေမှာပါ။ ရွေးခွင့်သာရှိရင်တော့ လူတိုင်းကျော်ဟိန်း လုပ်ချင်ကြမှာပါပဲ။
မျက်နှာမရ ခြေထောက်ရသွားတာ သနားစရာ။ မြစ်ဆုံစီမံကိန်း ခုချက်ချင်းရပ် လို့ ၀ိုင်းအော်တာနဲ့ ရပ်သွားလိုက်တာ။
လူတွေလဲ ပျော်မှပျော်။ တခါမှ မစားဖူးတဲ့ ဖွဲနုမုန့်ကလေးဆိုတော့ ချိုမှ ချိုပဲ။

တကယ်တမ်း တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ စွမ်းအင်ကိစ္စ ပြေလည်ပြီလား ဆိုတော့ -----------။
ဖယောင်းတိုင်နဲ့ နေကြပါလို့ အကြံပေးသူကြီးလဲ အခုတော့ တိတ်တိတ်နေ ထောင်တန်ဆိုတာ သိသွားပြီ။ ပြောပြီးပြီလေ။
သန်း ၆၀၀၀ သုံးပေမယ့် ထူးပါဘူးဆို။ ဘာလို့မထူးလဲဆိုတာ ယဉ်ကျေးအောင်ပြောရင်တော့ သိန်း ၆၀ တန်လောက်ကို သန်း ၆၀၀၀ ပေးဝယ်ထားမိလို့ပါ။

ပိုက်ဆံတွေကို ခြကိုက်သွားတာလေ။ အိန္ဒိယ ၀န်ကြီးချုပ်က ပြောဖူးသတဲ့။
ကျွန်တော်ဖြင့် ရှက်လွန်းလို့ မျက်နှာကို ဖွက်ထားရပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ခြအစားဆုံးနိုင်ငံများစာရင်းမှာ ပါနေလို့တဲ့။
(မသိလို့ မေးကြည့်ဦးမယ်။ ဖွတ်တွေဟာ ဦးခေါင်းကို အမြီးအောက်မှာဝှက်ထားတတ်တယ်လို့ ကြားဖူးတာ ဟုတ်လားဟင်။)

လေသူရဲကောင်းတဦးကတော့ အကြံပေးတယ်။ အိုဘားမား အဖိုးတို့ဇာတိ ကင်ညာနိုင်ငံကို အတုယူပြီး အမေရိကန် GE ကုမ္ပဏီကို ခေါ်လိုက်ပါတဲ့။ တနိုင်ငံလုံး မီးလင်းသွားမယ်ဆိုပဲ။
ကြားရတာနဲ့တင် အားရှိစရာ။
သမ္မတကြီးရယ် ဒီလထဲမှာ အမေရိကားသွားလည်ရင်းနဲ့ GE ရဲ့ CEO ကို ခေါ်ခဲ့ပါလားဟင်။
လေယာဉ်ပျံခ တယောက် တကျပ်ထည့်ဆို ထည့်ပါ့မယ်။
ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ် ဆိုတာကြီးကို သမ္မတကြီးလက်ထက်မှာ Correction pen အကြီးကြီးနဲ့ ဖျက်ခဲ့ပေးပါ။
တသက်လုံးကျေးဇူးမမေ့ပါဘူး။

- -- တတိယအုပ်စုကတော့ အကောက်ခွန်အဖွဲ့ပါ။ Supercustom ကားတွေ တရားမ၀င်ခိုးသွင်းတဲ့ကိစ္စ။ မြန်မာနိုင်ငံစက်မှုဇုန်က Supercustom ကားတွေထုတ်လုပ်နိုင်သတဲ့။ ဂုဏ်ယူစရာကြီး။ ရင်းနှီးမြှပ်နှံချင်လွန်းလို့ ရောက်လာမယ့် ဂျပန်တွေကိုခေါ်ပြကြည့်ရင် အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားမှာပဲ။ မယုံဘဲနဲ့ ယုံချင်ယောင်ဆောင်ပြီး ယာယီမှတ်ပုံတင်ထုတ်ပေးတဲ့ ကညန ကလဲတနွယ်ငင် တစင်ပါ။ ငထွားခါးနာရသူတွေကတော့ လက်ဝယ်ပိုက်မိသွားတဲ့ ပိုင်ရှင်များပါပဲ။ ဒဏ်ကြေးတနင့်တပိုးဆောင်ရ။ အကောက်ခွန်ဝန်ထမ်းတွေကတော့ နာမည်ပျက်နဲ့ အလုပ်ပြောင်းကြရ။ စက်မှုဇုန်ကားထုတ်လုပ်ရေးတွေ ကတော့ ခပ်တည်တည်ပဲ။ နောက်ကွယ်က အကောင်ကြီးကြီးများကတော့ ဘယ်နေရာခွေနေမှန်း မသိရပြန်ပါဘူး။ ထိပ်ဆုံးက တာဝန်ယူခဲ့တဲ့ ၀န်ကြီးဟောင်းများကလည်း တခြားတနေရာမှာ တခြားဝန်ကြီးပြန်ဖြစ်လို့။ အချိန်တန်လို့ စိတ်ဝင်စားမှုတွေ နေရာရွှေ့သွားပြန်တော့ Shake လုပ်ခဲ့ရတဲ့ အရင်းအနှီးတွေ မြောင်းထဲရောက်ပြန်ရော။ ကားပွဲစားအကိုကြီးတယောက်ကတော့ ပြောပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ နောက် ၂ နှစ်စောင့်ပါ တဲ့။ ၂၀၁၅ ကို မျှော်တာ သူတယောက်ထဲမဟုတ်ရှာဘူးပဲ။ နောက် ၂ နှစ်ဆိုတာသေချာရင် နှစ် ၂၀ စောင့်ခဲ့ရတာကို မေ့ပစ်နိုင်ပါတယ်လို့ ပြောလိုက်တယ်။ ဘ၀တူတွေပဲလေ။

-- နောက်တစုကတော့ လူဝင်မှုကြီးကြပ်ရေး ( လ၀က)ပဲ။ လ၀က ဟာ လာဘ်စားလို့ ရတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး တဲ့။ ပြောတဲ့ဝန်ကြီး ဦးခင်ရီကို အိမ်က ကလေးမရဲ့ မှတ်ပုံတင်သွားပြရမယ်။ ကလေးမလေးက ၀ လူမျိုး၊ လားရှိုးက။ ရန်ကုန်ကို ၈ နှစ်သမီးထဲက ရောက်နေတာမို့ နိုင်ငံသားကဒ်လုပ်ဖို့ လွန်ခဲ့တဲ့ ၅ နှစ်က ငွေ ၃ သောင်းပေးရတယ်။ သူ့ နာမည်နဲ့ ဓါတ်ပုံကလွဲရင် အားလုံးအတု။ ပြည်သူ့ခေတ်ဂျာနယ်ထဲမှာလည်း မြန်မာပြည်မှာ ၇ နှစ်နေသွားတဲ့ စင်္ကာပူနိုင်ငံသားက မြန်မာမှတ်ပုံတင်ရှိနေသတဲ့။ ဦးခင်ရီ တယောက် တိတ်တိတ်နေတာ ထောင်တန်တယ်ဆိုတာ မသိရှာသေးဘူး။ လှေကလေးထဲကနေ လှေကြီးထဲကိုကူးတဲ့ အမတ်မင်းက နိုင်ငံသားကဒ် စီစစ်ရေးတွေလုပ်ဖို့ အဆိုတင်ပြန်တော့ ပုလင်းတူဗူးဆို့များက ကန့်ကွက်မဲပေးကြပြန်ရော။ မငြိမ်မသက်ဖြစ်နေတုန်းမို့ မလုပ်သင့်ပါဘူးတဲ့။ ငြိမ်သက်ပြန်တော့လည်း အဖြူကဒ်တွေ စက်နဲ့လှည့်ထုတ်ဦးမှာလားဟင်။၂၀၁၀ ရွေးကောက်ပွဲ မဲလိမ်၊မဲခိုး၊ မဲညစ်များနဲ့ ဆက်စပ်နေပြန်တယ်ဆိုတော့လည်း ရာဇပလ္လင်မြဲဖို့အရေး တို့အရေးလို့ဆိုရမှာပေါ့။
 
- -- နောက်ဆုံးတော့ ရခိုင်တိုင်းရင်းသားများကို ကျေနပ်လောက်အောင် မနှစ်သိမ့်နိုင၊် လုံခြုံရေးကို တာဝန်မခံနိုင်တဲ့အမှုနဲ့ ဆုပ်လည်းစူး၊ စားလည်းရူး။ ဘင်္ဂါလီများကို ဒုက္ခသည်စခန်းကြီးနဲ့ လူမြင်သူမြင်ဆိုတော့ ရက်ရှည်လာတာနဲ့အမျှ နိုင်ငံတကာက မုတ်ဆိတ်ခေါင်းဆောင်များကို ခေါ်ပြရတာအလုပ်ကြီးတလုပ်။ လူ့အခွင့်အရေးလို့ပြောနေကြသူကြီးတွေကို ခေါ်သွားပါဆိုတော့လဲ ဟင့်အင်းတဲ့။ တိုင်းရင်းသားမို့ နယ်မြေရသင့်တယ်ဆိုသူများကိုတော့ OIC လူကြီးမင်းနဲ့သာ ထည့်ပေးလိုက်ပါ။ သူတို့မှာ သဲကန္တာရမြေပိုတွေ အများကြီးရှိတယ်။ ရာဇ၀င်သမိုင်းကြောင်းနဲ့ နှစ်ပေါင်းရာချီတင်နေတဲ့ အမုန်းကြွေးကို ဘယ်လိုရှင်းမလဲ၊ ဘယ်တော့ရှင်းမလဲ ဘယ်သူမှမသိ။ အခုအထိ အဖြေမရှိ။ Shake လုပ်တုန်းမှာ ပေးလိုက်ရတဲ့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဘယ်သူသုတ်ပေးမလဲ၊ အနာဂတ်ဘ၀များအတွက် အာမခံချက် ဘယ်မှာလဲ။ ရခိုင်မျိုးချစ် ဆရာဝန်တယောက်ကတော့ အကြံပေးတယ်။ ရခိုင်ပြည်နယ်မှာ စက်ရုံ အလုပ်ရုံများနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာများပြောင်းရွှေ့နေထိုင်ကြရင် လုံခြုံရေးလဲကောင်းလာမယ်။ တိုင်းပြည်ရဲ့ မြို့ပြစီမံကိန်းများမှာလည်း ဟန်ချက်ညီသွားမယ်။ ဘင်္ဂါလီများရဲ့ လူဦးရေတိုးနှုန်းကို ကာကွယ်ပြီးသားလဲဖြစ်၊ နယ်မြေတောင်းဆိုမှုကို ငြင်းဆန်ပြီးသားလဲ ဖြစ်သွားမယ်တဲ့။ ကဲ -- အနောက်ဘက်တံခါး ကျိုးပျက်ခြင်းလို့ အကျယ်ကြီးအော်နေကြတဲ့ ဆရာကြီးများ - မိသားစုလိုက်ပြောင်းနေပေးကြမလား။ သဘောင်္စီးလုံးငှားပေး မယ်လေ။ နောက်တမျိုးကို ဇောက်ထိုးတွေ ပြောကြည့်ဦးမယ်။ ရခိုင်မှာ ဘင်္ဂါလီမှန်သမျှ ကလေးမမွေးရလို့ ပေါက်ဖော်ကြီးတို့ထုံး နှလုံးမူလိုက်ရင်ကော။ တားဆေးတွေ ရောင်းကောင်းလို့ NGO မတုတ်တုတ်တို့ကတော့ ကျေးဇူးတင်မှာပဲ။ ဒါဆိုလဲ ဘင်္ဂါလီတွေ ရန်ကုန်ဆင်းပြေးတော့ ရခိုင်မှာ လူလျော့သွားမှာပဲ။ ဟုတ်ဘူးလား။ ( ခေါင်းကွဲခါတော့ နီးနေပြီ။)

ညောင်မြစ်တွေကို ဘယ်နေရာတူးတူး ပုတ်သင်ဥတွေက ဘာလို့ပေါ်ပေါ်လာပါလိမ့်။ သိပြီ။
ပုတ်သင်က နေရာတကာ လျှောက်ဥနေတာကိုး။
ဒါတွေအားလုံးဘာလို့ဖြစ်၊ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာလို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြီးပြီလေ။
စည်းမျဉ်း စည်းကမ်း နည်းဥပဒေတွေက စာအုပ်ထဲမှာအပြည့်အစုံ ရှိပြီးသား။

လူတွေခေါင်းထဲမှာ စိတ်ထဲမှာ ရင်ထဲမှာ မရှိတာ။ ပြောပြီးလို့ သိပ်မကြာပါဘူး။ တရားဥပဒေဆိုတဲ့ ဟာကြီး စမ်းသပ်ခံရပါရောလား။ လွှတ်တော်ကော်မတီများကို ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း မာရေကျောရေ ပြောမိလို့တဲ့။ အခြေခံဥပဒေ ခုံရုံးအဖွဲ့ကို နေရစ်တော့ကွယ် သွားတော့မယ် တီးလုံးကလေးတောင် မတီးပေးလိုက်ရဘူး။
တရားစီရင်ရေးအာဏာကို ၀င်ရောက်စွက်ဖက်တာ နိုင်ငံဧ။်အနာဂတ်အတွက် အန္တရာယ်တဲ့။
လွှတ်တော်ဟာ အခြေခံဥပဒေကို ချိုးဖောက်ပါတယ်ဆိုပဲ။ ကောင်းသားပဲ။
၂၄ နှစ်လုံးလုံး ခါတော်မှီရောက်လာတဲ့ စာအိတ်ဖွင့် ဖတ်ပြပေးတဲ့ အမိန့်ဖတ်တရားသူကြီးများနှင့် ၉၂% ထောက်ခံထားတဲ့ ဥပဒေကြီးကို ခြေနဲ့ကန်လိုက်တဲ့ ခြေကန်ဥပဒေပြုအာဏာရ လွှတ်တော် အမတ်မင်းများ။ ဘဲစား ဘဲကြေပဲ။

သူသေ ငါရှင် အပြိုင်တိုက်ကြတာ အကျင့်ပါနေကြသူကြီးများ။ ( ဦးတင်ထွတ်ကတော့ စစ်အလေ့အထ သူငယ်နာတဲ့။
ဒီတယောက်ပဲ အဂတိကင်းကင်းမြင်တတ်သေးတယ်။)
 

Agree to disagree ဆိုတာကို ပြည်သူလူထုကို စံနမူနာပြဖို့နေနေသာသာ၊ ညှိနှိုင်းလိုက်ကြပါလို့ အတိုက်အခံများ ကတောင် ၀င်ရောက်ဖြန်ဖြေနေတဲ့ကြားက feel good လား၊ make good လား မကွဲပြားကြသူများ။ ဒီမိုကရေစီဘက်တော်သားပါလို့ ပြောတဲ့ ဥက္ကဌကြီးနှင့် အဖွဲ့သားများကို ဒီမိုကရေစီဆိုတာ များတဲ့သူက နည်းတဲ့သူကို အင်အားသုံးတာ မဟုတ်တဲ့အကြောင်း ဘယ့်နှယ့်ရှင်းရပါ့။ ဦးသိန်းညွှန့်ကတော့ ရှေ့နေကြီးပီပီ လှလှကလေး ပြောသွားပါတယ်။
ဒီမိုကရေစီ အနိုင်ကျင့်ခြင်းမှ ကင်းဝေးအောင် တဲ့။ ဟဟ။
နောက်ဆို ဒီမိုကရေစီ အာဏာရှင်ဆိုပြီး ပေါ်လာခါနီးပြီလားမသိ။


- လွှတ်တော်ထဲထိုင်ပြီး အိပ်မက်မက်နေတာ မနိုးသေးတဲ့ အမတ်မင်းများကလည်း အားကျမခံပြောပါတယ်။
ငါ တို့က ပြည်သူထောက်ခံလို့ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်ထောင်စုအဆင့် အစစ်တဲ့။ မကျေနပ်ဖူးအချစ်ရယ် တစ်ကပြန်စပြီး ပြည်လုံးကျွတ်အထွေအထွေ ရွေးကောက်ပွဲကြီး လုပ်ကြည့်ပါလားကွယ်။
မှန်ထဲကြည့်ပြောတာ ကိုယ်တိုင်ယုံကြည်တယ်ဆိုရင်ပေါ့လေ။

ပြည်သူများဖြစ်တဲ့ ပဉ္စမ မဏ္ဍိုင်ရဲ့ အမြင်မှာတော့ ဒုတိယ မဏ္ဍိုင်နဲ့ တတိယမဏ္ဍိုင် ရှူံးထွက်ပွဲစဉ်ကြီးမှာ ခေါင်းချင်းပြိုင်ဆောင့်ကြတာ နှစ်ဖက်စလုံး ဟက်တက်ကွဲပြီးသွေးစက်လက်နဲ့ ကျန်ခဲ့တယ်လို့ပဲ နားလည်ပါတယ်။
Shake လုပ်လိုက်တာ လက်လွန်သွားလို့ Move တော့ လုပ်သွားတယ်။
ရှေ့ကိုတော့မဟုတ်ဘူး၊ တွင်းထဲကို။

ဆက်ပြီးတော့သာ တူးကြပါ။
ဂေါ်ပြားကလေးလိုရင် ငှားပါ့မယ်။

နောက်ဆုံးအဖွဲ့ကတော့ အတိုက်အခံများလို့ အမည်တပ်ထားတဲ့ အတိုင်းတိုင်းအပြည်ပြည် အမျိုးမျိုးအပြားပြားသော အဖွဲ့အစည်းပါပဲ။
ထိုင်းနိုင်ငံတခုထဲမှာတောင် အဖွဲ့ကွဲပေါင်း ၂၀၀ ကျော်ရှိပါသတဲ့။ ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲတာ တို့မြန်မာပါ။
သူတို့ရဲ့ ခံနိုင်ရည်စွမ်းအားနဲ့ အပြောင်းအလဲများပေါ်မှာ အလိုက်သင့်အလျားသင့် လိုက်ပါနိုင်ခြင်းရှိ မရှိ စမ်းသပ်ခံရမယ့် အချိန်ပါပဲ။

တချိန်က သူတို့မရှိအောင် ပျောက်သွားအောင် နည်းမျိုးစုံဖုံးကွယ်ထားခဲ့ပေမယ့် အခုတော့ အစိုးရသစ်ကိုယ်တိုင်က အားလုံးကို စင်ပေါ်တင် တေ့ပေးလိုက်ပါပြီ။
ဒါဟာ အစိုးရရဲ့ အင်မတန်လှပတဲ့ နိုင်ငံရေးကျားကွက်ဖြစ်ကြောင်း အတိအကျပြောသူတွေလည်း ရှိပါတယ်။
ဒါသာအမှန်ဆိုရင် ကန့်လန့်ကာနောက်ကွယ်က Master Brain ကို ချီးကျုးပါတယ်။
( ၂၀၁၀ မှာ မြန်မာသံတော်ဆင့် ဦးမြင့်ရွှေက စစ်အစိုးရသည် Level game တခု မဖန်တီးနိုင်သဖြင့် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေးအရ တလျှောက်လုံး အမြတ်ထွက်နေသည် လို့ ရေးထားပါတယ်။ ဦးတင်ထွတ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရှူံးရခြင်း သုံးသပ်ချက်မှာလည်း နှစ် ၂၀ အကျဉ်းခံရမှုအပေါ် ပြည်သူလူထုမှ ဂရုဏာသက်ခြင်းလို့ ဖော်ပြထားပါတယ်။ နောက်ကြောင်းအမဲစက်မကင်းတဲ့ ပြည်တော်ပြန်များအနေနဲ့လည်း အစိုးရရဲ့ လက်ဝါးရိုက် အာမခံချက်တခုမရှိပဲ ၀င်လာစရာအကြောင်းမရှိပါ။)

အခုတော့ Level Game တခုအဖြစ် တိုက်ကွက်ပြောင်းလိုက်ပြီမို့ အတိုက်အခံအားလုံး စင်ပေါ်မှာ လုံးဝ အကာအကွယ်မဲ့ ဟင်းလင်းကြီးပါပဲ။
အစိုးရက ပွဲစီစဉ်သူ၊ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ၊ ၈၈ မျိုးဆက် ဦးကိုကိုကြီးက ကချင်ပြည်နယ် မြောက်ပိုင်းဒေသ လူမဆန်မှုများနဲ့ပတ်သက်လို့ ဘယ်သူ့ဘက်ကပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် ဖော်ထုတ်ဖို့လိုတယ်လို့ ၂၀၁၂ မတ်လ အင်တာဗျုးမှာ ပြောထားတယ်။

မြောက်ပိုင်းအရိုးတွန်သံတွေကလည်း online ပေါ်မှာရောက်နေတာ လပေါင်းများစွာရှိနေပြီ။ သမ္မတကြီးခေါ်တယ်ဆိုလို့ အပြေးကလေးပြန်လာသူများ မရောက်ခင်အမှီ အမှုဖွင့် တရားစွဲသူကလည်း စွဲထားပါပြီ။

ပြည်တွင်းအတိုက်အခံများအနေနဲ့ ကိုယ့်အသားကို လှီးကြရပါတော့မယ်။ ပြည်သူများရှေ့မှာ တရားမှု မတရားမှုဆိုတာကို ခွဲပြဖို့အတွက် ဆန်ရင်းနာနာ ဖွတ်ကောင်းဖွတ်ရပါတော့မယ်။
ဦးကိုကိုကြီးပြောတဲ့ သိမ်မွေ့လှတဲ့ နိုင်ငံရေးအနုပညာကို နဖူးတွေ့ ဒူးတွေ့စတွေ့ ပါပြီ။ ရွေးစရာလမ်းမရှိပါ။

ရာဇ၀တ်မှုဖြစ်တာကြောင့် Diversity Unity လဲလုပ်လို့မရ။
ငွေအလွဲသုံးမှုတွေ၊ ဘင်္ဂါလီအရှူပ်တော်ပုံတွေကလဲ တွဲလျက်ပါနေပါသေးတယ်။
ပြည်ပမှာကျန်ရစ်သူများကလည်း နောက်တခါ သူတို့အလှည့်လားလို့ တုန်လှုပ်စပြုနေပါပြီ။
ဘယ်တုန်းက ဘယ်လိုအနစ်နာခံခဲ့တာ ဘာညာ ပြောနေချင်သေးသူများကိုတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားတခွန်း လက်ဆောင်ပါးချင်ပါတယ်။


"This is not sacrifice. This is a choice." နိုင်ငံခြားအထောက်အပံ့များကလည်း လုံးဝဖြတ်ချတော့မှာမို့ သိပ်မကြာခင် အတွင်းမှာ အမှန်စင်စစ် ကိုယ်ခံအား ကောင်းသူများသာ ကျန်ရစ်တော့မယ့် ၈၈ တော်လှန်ရေးသမား အင်အားစုလို့ မြင်ပါတယ်။
ကံကောင်းကြပါစေ။


- ၂၀၁၂ မှာ အကောင်းဆုံး Shakers ဆုကို ပူးတွဲချန်ပီယံအဖြစ် ဆွတ်ခူးသွားကြသူများကတော့ ပုဂ္ဂလိက ပြည်တွင်းမီဒီယာသမားများ နှင့် သမ္မတကြီး ဦးသိန်းစိန်အစိုးရ ဖြစ်ပါတယ်။ မီဒီယာသမားများအနေဖြင့် သူတို့ရဲ့ ညီညွတ်မှု၊ စွမ်းဆောင်မှု၊ ရဲရင့်မှုများအပြင် ၀ါရင့်များက လူသစ်များကို ကောင်းစွာတွဲခေါ်နိုင်စွမ်း ကြောင့် မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ လမ်းစကို နှစ် ၅၀ အတွင်းမှာ ပထမဆုံး ပြန်လည်မြင်တွေ့ကြရခြင်း ဖြစ်ပါတယ်။
Congratulation ပါ။ Movers အဆင့်မှာလည်း ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သမ္မတကြီးတို့အဖွဲ့ကတော့ အထူးပြောဖို့မလိုပါဘူး။ အများကြိုက်ထင်ရှားတဲ့ပြုပြင်မှုများနဲ့ အကန့်လိုက်လွတ်လပ်ခွင့်များကို ဖဲတွေ တချပ်ချင်းချခင်းသလို အကျိုးရှိအောင် သုံးသွားတာမို့ အမှတ်တွေ တရှိန်ထိုးတက်နေတာက သက်သေပါ။
တကမ္ဘာလုံးကတောင် မြန်မာ့နွေဦးကို စောင့်ကြည့်ပြီး သီအိုရီအသစ် ရေးရလောက်အောင် ဆွဲဆောင်မှုရှိပါပေတယ်။
ဗျုရိုကရေစီ ယန္တရားကို အောက်ခြေအထိ Shake လုပ်နိုင်ပြီး နောက် ၃ နှစ်ဆက်ထိန်းနိုင်ရင်တော့ ၂၀၁၅ ဟာ ရင်ခုန်စရာအကောင်းဆုံးပွဲတပွဲ ဖြစ်လာပါလိမ့်မယ်။
(အစိုးရရဲ့ မဟာဗျုဟာအသစ်ထက်သာအောင် ကွက်ကျော်နင်းနိုင်မယ့် ကစားသမားများ၊ ဗျုဟာမှူးများ၊ နောက်ခံလူများ NLD မှာ မရှိနေသေးပါ။ NLD မှာလည်း ခေတ်နောက်ပြန်ဆွဲသူများ အိမ်ပြန်သင့်တဲ့အချိန်၊ အမေ့ထမီစ ဆွဲလိုက်သူများ ရင့်ကျက်ချိန် ရောက်နေပါပြီ။)

တဆက်တည်းမှာပဲ ပြောင်းလဲမှုများဟာ အောက်ခြေကိုမရောက်သေးဘူး၊ ဘာမှလဲ ထူးခြားမလာဘူးလို့ အပြစ်တင်ကြသူများလည်း ရှိကြပါတယ်။
စကာင်္ပူဖြစ်လာဖို့ တရုတ်ဖြစ်လာဖို့ ဘယ်နှစ်နှစ်အချိန်ယူရသလဲလို့ သိရဲ့သားနဲ့ အခုမှ Shaking လုပ်တုန်းရှိသေးတာ ဘယ်လိုလုပ် Moving ဖြစ်နိုင်ပါ့မလဲ။
 
ဒီလူတွေအနေနဲ့လည်း ကစားကွက်အဟောင်းကြီးဖြစ်တဲ့ Blame Game ကို ရပ်ပြီး အောက်ခြေအထိ ရောက်အောင် ဘယ်လိုပြောင်း မလဲဆိုတာ အဖြေ၀ိုင်းရှာပေးတဲ့ ကစားနည်းအသစ်ကို ပြောင်းသင့်ပါတယ်။

ကိုယ့်ရဲ့ စိတ်ခံစားမှုကိုပဲ ရှေ့တန်းတင်နေတတ်တဲ့ အကျင့်ကိုသာ တလလောက် အချိန်ယူပြီး အရင်ပြောင်းကြည့်ကြပါဦး။
ငါ သာ လုပ်ပေးရမယ်ဆိုရင် ဘာတွေလုပ်မလဲဆိုတဲ့ အမြင်မျိုးကို မပြောင်းနိုင်ရင် ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ရမှာပါပဲ။

- နောက်ဆုံးမေးခွန်း တခုကျန်ပါတယ်။ နောက်တခါ ဘယ်သူ့အလှည့် ဖြစ်မလဲ။

သန္တာဝင်း-
မှဝေ ပေးပို့ သူ။ -- ကိုကြိုင်ဝင်း

No comments: