by Shwe Pyi Soe (Notes) on Thursday, October 11, 2012 at 12:43am
မီးကြိုးများသွယ်ဆိုင်းနေသော ယောက်ကျားကြီးများဘေးတွင် ကလေးငယ်များ
ပြေးလွှားဆော့ကစားလျှက်ရှိသည် ။ တစ်ချက် တစ်ချက် ကလေးများ အော်ဟစ်
ငြင်းခုံသံမှ လွဲပြီး လူအများ အလုပ် လုပ်ကိုင်နေသည်ဟု မထင်ရလောက်အောင်ပင်
လမ်းကလေးသည် တိတ်ဆိတ်လျှက်ရှိသည် ။ လူပ်ရှားမူတိုင်း တွင်လေးပင်ကာ
ပြောမပြနိုင်သော စို့ နင့်မူများဖြင့် လမ်းကလေး ရဲ့ ဇာပန အခမ်းအနား အတွက်
လူအယောက်စီတိုင်း ၀မ်းနည်း နေကြသည် ။ အမြဲ တမ်း ကျောခင်းကြိုဆိုတတ်သူ
တစ်ဦး နှင့်ထာဝရ ခွဲခွါ ရတော့ မည်ဖြစ်သောကြောင့် ပင်ဖြစ်မည် ။
လမ်းအလယ်ခေါင်တွင် မိန်းမကြီးငယ်များ သည် စားပွဲဝိုင်း တစ်ခု ချကာ လမ်းသူ
လမ်းသား အားလုံး အတွက် ညစာ ပြင်ဆင်နေကြသည် ။ တတ်အား သရွှေ့ ထည့်ဝင် သော
ငွေကြေးများကို စုဆောင်းကာ နောက်ဆုံး ညစာကိုတော့ဖြင့် သူတို့  အတူတူ စား
သောက် ကြမည် ဖြစ်သည် ။
လှီးချွတ်ပြင်ဆင်နေသော မိန်းမများဝိုင်းသည်ပင် တိတ်ဆိတ်လျှက်ရှိသည် ။ အထိတ်ထိတ် ကြောက်လန့် ခဲ့သော အဖြစ်အပျက်သည် လက်တွေ့ အကောင်အထည်ပေါ်လာခဲ့ယုံသာမက မနက်ဖန်ဆို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြရတော့မည်ဖြစ်သောကြောင့်ပင်ဖြစ်သည် ။ အလံတိုင် အနီများ လာရောက် စိုက်ထူသော တစ်မနက်ခင်းကို သူတို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ ။ ငါတို့ တွေတော့ မပါလောက်ပါဘူး ဆိုပြီး ဘယ်လိုဖြေသိမ့်ကာ အချင်းချင်း နှစ်သိမ့်ပြောဆိုဖြေသိမ့်ကြသော်လည်း နောက်ဆုံးတွင်တော့ အားလုံးကြိုတင်မျှော်လင့်သော နေ့ကို ရောက်ရှိလာခဲ့ပြီးဖြစ်သည် ။ မနက်ဖန် နောက်ဆုံး သည်လမ်းကလေးကနေ အားလုံးပြောင်းရွှေ့ ပေးရပါမည်တဲ့ ။ ကျူးကျော်ရပ်ကွက် လည်းမဟုတ်ပဲ ဘိုးဘေးဘီဘင် အဆက်ဆက်ကပင် နေထိုင်လာသော နေရာလေး တွင်သူတို့ ကို ဘယ်လိုမှ ဆက်လက်နေထိုင်ဖို့ အတွက် ခွင့်မပြုနိုင်တော့ပါဘူးတဲ့ ။
“ ရန်သူမျိုးငါးပါးဆိုတာ အလကား ဘုရားဟောခဲ့တယ်များ မှတ်လို့ အေ ” ဟု အဘွားအိုကြီး တစ်ဦးမှ သူနိုင်သော အလုပ်လေးများ လုပ်ကူရင်းဆိုသည် ။
“ မင်းမိန့်ဆိုတော့ ကျုပ်တို့  နာခံယုံကလွဲ ဘာတတ်နိုင်လိမ့်မတုန်းအေ ”
အိမ်ကြီးရခိုင်ဖြင့်နေထိုင်သော ထိုအဖွားသည် သည်လမ်းကလေးမှ သူနေထိုင်သော အိမ်ကြီး အတွက်ရော်ကြေးငွေ မဖြစ်စလောက်လေးကို ကိုင်ကာ အိမ်ထောင်ရှင် သူ့ သမီးအိမ်သို့ တတ်ရောက် နေထိုင်မည်ဖြစ် ကြောင်းစကား ဆိုသည် ။ သူ့ ခင်ပွန်းသည် ခေါင်းချသွားသော နေအိမ်လေးကို သံယောဇဉ်သိပ်ကြီးသော အဖွား သည် သားသမီးများ ဘယ်လို ပင်လိုက်နေဖို့ ပင်ခေါ်သော်လည်း လိုက်ပါနေထိုင်ခြင်းမရှိပါပဲ တစ်ဦးတည်း ထိုအိမ်တွင်ပင် ခင်ပွန်းသည် ကွယ်လွန်ပြီးကတည်း တစ်ဦးတည်း ပင် ဆက်လက်နေထိုင်ခဲ့သည် ။
“ အဘိုးကြီး စိုက်ခဲ့တဲ့ သစ်ပင်တွေ ငါသမြောလိုက်တာအေ .. ” ဟုဆိုကာ အဘွားမျက်ရည်သုတ်သောအခါ မိန်းမသူ တစ်ချို့ သည်လည်း မျက်ရည်ကျကြတော့သည် ။ အားလုံးအတွက် အမှတ်တရ အသီးသီးတို့ သည် လမ်းကလေးနဲ့ အတူ မနက်ဖန်ဆို ပျောက်ကွယ်ရတော့မည်ဖြစ်သည် ။ သည်လမ်းသူ ပါ သည်လမ်းသားပါ ဆိုပြီး ဂုဏ်ယူပြောဆို ကြသူတို့ အတွက် အကြီးမားဆုံး ဆုံးရူံးမူလည်းဖြစ်သည် ။ စည်းလုံး ညီညွှတ် ချစ်ကြည် သူများ ၊ ကိုယ့်အကြောင်း ကကြီးမှ အထိသိကာ စိတ်ချပေါင်းသင်းခင်မင် နိုင်သူများ ၊ ဆန်တစ်ပြည်ဆီတမူတ် အတွက် အားကိုး အားထားပြုနိုင်ကြသူများ ၀ါးအစည်းပြေပြီဖြစ်သည် ။ လဲမို့ လေးများ လေသယ်ဆောင်ရာ လိုက်ကြရသလို ဝေးဝေး လွှင့်ကြမည့်သူတွေ ၊ နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ ဖို့ ခက်မည့် ချစ်ခင်သူတွေ ။
“ ကျွန်မ တို့ .. တော့ အဲ့သည့်နားပဲ တတ်နိုင်လို့ ရှင် ။ မြို့ သစ်ဆိုတော့ အကုန်ဝေးတယ် ။ ဈေးဝေး ။ ကျောင်းဝေး ၊ ဘတ်စကား ဂိတ်ဝေး နဲ့  ကလေးတွေ ကျောင်းတတ်ဖို့ ခက်မှာ စိတ်အညစ်ဆုံးပဲ ရှင် ။ ”
မြို့ သစ်တွင် သွားရောက်အချေချမည့် အမျိုးသမီးကတော့ ကြုံတွေ့ ရမည့် အပူတွေ ၊ အခက်အခဲတွေကို ကြိုတင်စိတ်ညစ် ကာ အားလျော့ချင်ချင်ဖြစ်နေပြီဖြစ်သည် ။ သားသမီးလေးတွေ အတွက် ပညာရေးကသီလင်တ ဖြစ်မှာကတော့ အမှန်ပင်ဖြစ်သည် ။ စာသင်နှစ် တစ်ဝက်မှာပင် ကျောင်းပြောင်း တတ်ရမည့် ကလေး တွေအတွက် အခက်အခဲသည် မိခင် အတွက် အပူမီးဖြစ်သည် ။ သည်တစ်ခါ စာသင်နှစ်ပြီးမှ ပြောင်းရွှေ့ ဖို့ ၊ ဆက်လက်နေထိုင်ခွင့်ပေးပါရန် တာဝန်ရှိသူ တစ်ဦး ကို သွားရောက် တောင်းပန်သည့်နေ့က အဖြစ်အပျက် ကိုလည်း သူမ ဘယ်တော့မှ မမေ့နိုင်ပြီဖြစ်သည် ။ သားသမီးဇောဖြင့် လုပ်မိလုပ်ရာ ဖြင့် စီမံကိန်းအတွက် တာဝန်ရှိသူ ဆိုသူကို သွားရောက်တွေ့ ဖို့ ဆုံးဖြတ်ခဲ့သည် ။ ၀င်ရောက်တွေ့  ခွင့်ရဖို့ နှစ်နာရီခန့်စောင့်ဆိုင်းအပြီးတွင် တာဝန်ရှိသူ ဧ။်ရုံးခန်းထဲသို့ ဝင်ခွင့်ရခဲ့သည် ။ ထိုသူက ထိုအချိန်တွင်တော့ တွန့် ဆုတ်ကြောက်ရွ့ံ နေပြီဖြစ်သော သူမကို မော့ပင်မကြည့်ပဲ လာရင်း ကိတ်စ အကြောင်းအရင်းကိုမေးသည် ။ အဖြစ်အပျက်ကို မပြေမပျစ် သော ၀ါကျများဖြင့် တုံလူပ်စွာပြောဆိုပြီး ချိန်တွင်တော့ ထိုသူက မျက်လုံးများ တ၀င်းဝင်း တောက်ကာ အ၀င်ဝမှ ၀င်ခွင့်ရဖို့ သူမတောင်းပန် ခဲ့ရသောသူ နာမည်ကို အော်ဟစ်ပြီးခေါ်လေသည် ။
“ သည် .. စောက်ရေးမပါတဲ့ ကိတ်စတွေ ကို မင်းဘာသာမင်းမရှင်းတတ်ဘူးလား ” ဟူသော အသံ အဆုံးတွင်တော့ အစတည်းက ကြောက်ရွ့ံနေသောသူမ သည် မျက်ရည်များ ကျလာခဲ့ပြီးဖြစ်နေသည် ။ ထိုသူ က သူမ လက်မောင်းကို ဆွဲကိုင်ကာ အခန်းပြင် တွန်းထိုးထုတ်လာခဲ့သည် ။ ငါကလေးတွေ ကျောင်းပညာရေးက သူ့ အတွက် စောက်ရေးမပါတဲ့ ကိတ်စ ဆိုတဲ့ စကားသည် အသည်းထဲထိ ဆူးသော စူးဖြစ်သည် ။ ညဘက်ရောက်တော့ ခင်ပွန်းသည်ကို ပြန်လည်ပြောပြသော အခါ သူမကို ပြန်လည်ပြုံးပြအားပေးသော ခင်ပွန်းသည် ၊ မျက်လုံး အ၀ိုင်းသားဖြင့် “ သားတို့ ကျောင်းပြောင်းတတ်ရမှာလား မေမေ ” ဆိုသော ကလေးတွေ ရှေ့ တွင်တော့သူမ ပြန်လည်ပြီး တည်ငြိမ်နိုင်ပြီဖြစ်သည် ။ လုပ်သလို မဖြစ်သမျှ အတွက် ဖြစ်သလိုလုပ်ပြီး သည်မိသားစု အဆင်ပြေဖို့ သူမ ခွန်အားလုံလ ရှိသလောက် ၊ အသိဥာဏ် ရှိသလောက်တို့ ဖြင့် ထူမပ်ကာ မတ်မတ် ရပ် ရတော့ မည့် အတွက်ဖြစ်သည် ။
အမျိုးသမီးများက ကူညီလုပ်ကိုင်ပေးယုံသာလိုပြီး ချတ်ပြုတ်ကြမည့် သူများကတော့ အမျိုးသားများဖြစ်ကြသည် ။ အာပြဲခြောက် ငရုတ်သီးကြော် ၊ ဘဲဥပဲကုလားဟင်း ကိုချတ်ပြုတ်မည့် ယောက်ကျားများ သည် မီးဖိုကြီးကို လမ်းမလယ်ချကာ မီးမွှေးနေကြသည် ။ လူကြီးများမမြင်အောင် ကာလသား တစ်ချို့ က ခိုးဝှက်ပြီး အရက်သောက်ကြသည် ။ ညဦးပိုင်း အစောက မူးရစ်ပြီး ထိမ်းမနိုင် သိမ်းမရ အော်ဟစ်ဆဲဆိုနေသော သူပင် အမူးပြေကာ မီးဖို မီးတောက်ရန် ယပ်ခတ်ပေးကာနေသည် ။ ထပ်မံပြီးသောက်ပါ ဦးဟု ခွက်ကမ်းသူကို သူကငြင်းလိုက်သည် ။ သူ လမ်းကလေးထဲ နောက်ဆုံးညကို မသိလိုက်ပဲ မူးရူးမနေချင်ပါဟုဆိုသည် ။ အမြဲ မူးရူးပြီး မိဘ ကို ဒုတ်ခပေးသူဟု လမ်းထဲ နာမည်ဆိုးတဲ့သူ့ ကို အားလုံးက ရွံကြောက် ကာကင်းကင်းနေချင်ကြသည် ။
“ ကျွန်တော်လည်း သည်လမ်းသားပါဗျ ၊ ထမင်းချက်စားဖို့ ပိုက်ဆံ ကျွန်တော့်ဆီကလည်း ကောက်ပါဗျ ” ဟု အစချီကာ ပြောင်းရွှေ့ ရဖို့ အတွက် စီစဉ်သူဟု သူ ဥာဏ်မှီသလောက်တွေးလို့ ရသူများကို အော်ဟစ်ဆဲဆို သည် ။ သူ့ ဆိုးမျိုးခံနေကျ လမ်းသူလမ်းသားများကိုလည်း သူ အလွန်ပင်ချစ်ပါသည်ဟု ဆိုသည် ။ ညနေတစ်ခင်းလုံး အော်ဟစ်သောင်းကျန်းသော သူ့ ကို မမြင်သလိုပင်ထားကာ ဆော့ကစားနေသော ကလေးတွေက ကစား ၊ တာဝန်ကိုယ်စီဖြင့် အလုပ်များနေသော လူကြီးတွေက များ ဖြင့် သူ့ အတွက် ဖက်ပြိုင်ကာပြောဖို့ ဘက်မရှိသော အခါ မောပြီး လမ်းလယ်ခေါင် လှီးချွတ်ပြင်ဆင်နေသော မိန်းမ များနားတွင် အိပ်ပျော်သွားခဲ့သည် ။ ယခု နိုးလာသော အခါတွင်တော့ မီးကူမွှေးကာ မီးဖို မီးမလျော့ ဖို့ သူတာဝန်ယူ စောင့်ကြည့်ပါမည်ဟုဆိုသည် ။
“ ကျွန်တော်ဆိုးလို့ ရလို့ ဆိုးတာပါ အဘရာ ။ မွေးတည်းက မြင်ဖူးသိလာကြတော့လေ အကုန် ကိုယ့်အမျိုးတွေလို ဖြစ်နေတော့ အကုန်လုံးကို ကိုယ်ဆိုးလို့ ရတဲ့သူတွေလို့ ချည်းထင်နေတာဗျ ” ဟု ပဲဟင်းအိုးကို ဦးဆောင် ချက်မည် အဘကြီးကိုပြောသည် ။
“ အေးပေါ့ သားရ ။ ခင်ရာဆွေမျိုးတွေကိုး ကွာ ။”
အော်ဟစ် ဆော့ကစားနေသော ကလေးငယ်များသည်လည်း မောလို့ ငြိမ်ကာ ထိုင်ပြီး စကား ပြောနေ ကြပြီဖြစ်သည် ။ နောက်နေ့ တွေ တွေ့ ရမှာမဟုတ်ဘူးဆိုတာ မေ့လျော့ပြီး သည်နေ့ နင်လိုက်ခလှည့် နဲ့  ပြီးတာနော် နက်ဖန် ကျ နင်မငြင်းရဘူး နော်ဆိုသော ခါတိုင်းကဲ့သို့ နောက်တစ်မနက် မိုးလင်းလျှင် တွေ့ ခွင့် ရဦးမည်ထင်ကာ ပြောသော ကလေးငယ် တစ်ဦးကို ၀ိုင်းလှောင်ပြောင် ကာ အော်ဟစ်ရီမောနေကြသည် ။ မွေးစငယ်စဉ် ကတည်းက တွေ့ ခွင့်ရသော သူငယ်ချင်း များသည် နောက်သည်လို ပြန်ဆုံဖို့  မဖြစ်နိုင်မှန်းသိပေမယ့် သည်အချိန်တွင်တော့ ညဥ့်နက်သည်ထိ သူတို့ အတူရှိနေခွင့်ရခြင်း အတွက် ကျေနပ်မိကြသည် ။ “ နင်လာ လည်မှာလား ” ဟု ကောင်မလေးက သူ့ ဘေးက ကောင်လေးကိုမေးသည် ။ “ အေးပေါ့ . . ငါလာမှာပေါ့ ” ဟုဖြေဆိုပြီးကာမှ ကောင်မလေးပြောင်းရွှေ့ နေထိုင်မည့် နေရာကို သူမသွားတတ်မှန်း သတိရပြီး “ ငါ .. ငါ့အမေကို လိုက်ပို့ ခိုင်းမှာပေါ့ ” လို့ ပြောင်းလဲဖြေဆိုသည် ။ မနီးမဝေး ပြောင်းရွှေ့ ကြမည့် သူတွေ ရှိသလို ကောင်မလေးလို သူတို့ နာမည်ပင် မကြားဖူးသော နေရာသို့ ပြောင်းရွှေ့ မည်သူတွေလည်းရှိသည် ။ “ ငါက ကားစီးရင်ခေါင်းသိပ်မူးတာဟ . . ဒါပေမယ့် ငါနင်တို့ဆီလာဖို့ ကားစီးရင် ခေါင်း မူးလည်း ငါ မမူးဘူးပြောပီး အမေ့ကို လိုက်ပို့ ခိုင်းပါ့မယ်ဟ ” ဟု ဆိုသည် ။ ကောင်လေးသည် သူပြောသော စကားကို သူကိုယ်တိုင်တော့ဖြင့်မယုံပေ ။
သူ အမေက ကောင်မလေး နှင့်သူ တွေ့ ဖို့ အတွက်သပ်သပ်ဖြင့်တော့ ကားနှစ်ဆင့်စီးပြီး နှစ်နာရီခန့် သွားရသောနေရာကို လိုက်ပို့ လိမ့်မည်မဟုတ်ပေ ။ အိမ်မူ ကိတ်စများဖြင့် အမြဲလို အလုပ်ရူပ်နေသော ၊ ကလေးငယ်လေး တစ်ယောက်ဝေယျာဝစ်စတွေ တာဝန်ရှိနေသော အမေသည် သားဖြစ်သူ သူငယ်ချင်းဖြင့် တွေ့ ဆုံဖို့ ကိတ်စကိုမည့်သို့ မှ အရေးစိုက်မည် မဟုတ်မှန်း သူသိသော်လည်း ကောင်မလေးကိုတော့ဖြင့် လာပါမည် ဟူသော ကတိကိုသာပေးချင်သည် ။ ပြောင်းရွှေ့ နေထိုင်ရမည့် ကျောင်းအတွက် စိတ်ပူ သောကရောက်နေသော သူငယ်ချင်းမလေး အား မည်ကဲ့သို့ နှစ်သိမ့်ပြော ဆိုရပါမည်နည်းဟု စဉ်းစား မရသမျှသည် “ မီးပုန်းလေးတွေ ချိတ်ဆွဲတော့မယ်ဟေ့ ”ဟု အော်ဟစ် အသိပေးလိုက်သော အသံ တစ်သံအောက်တွင်တော့ အားလုံးပြန်လည်မေ့လျော့သွားပြီဖြစ်သည် ။
အိမ်တိုင်း ရှေ့ တွင် မီးပုံးလေးတစ်ခုစီ ချိတ်ဆွဲထားသည် ။ အနီ ၊ အပြာ ၊ အ၀ါ ၊ အစိမ်း အရောင်စုံလှသော မီးပုံးလေးများသည် သွယ်တန်းကာချိတ်ဆက်ထားသော မီးကြိုးတိုင်တစ်လျောက် လှပစွာ တည်ရှိနေကြသည် ။ နှစ်စဉ် သီတင်းကျွတ်မီးထွန်းပွဲ တွင်မှ ထုတ်ယူကာ အသုံးပြုသော သည်မီးပုံးလေးများကို ယခု လမ်းကလေး ဧ။် နောက်ဆုံး ညနေခင်း အတွက် ထုတ်ယူ အသုံးပြုကြခြင်းဖြစ်သည် ။ သီတင်းကျွတ်မီးထွန်းပွဲ တွင် အတူတကွ ရှိမနေနိုင်တော့ မယ့် သူတွေ အတွက် နူတ်ဆတ်ညချမ်း ကလေးကို တတ်နိုင်သလောက် လှပသော အမှတ်တရလေး ဖြစ်စေချင်ကြသည် ။ ညချမ်းချိန် မှောင်ရီအောက်တွင် တောက်ပသော ရောင်စုံမီးပုံးကလေးများ ဖြင့် လမ်းတလျောက် ထိန်လင်းတောက်ပလျှက်ရှိသည် ။ လုပ်လက်စ အလုပ်များ ကို အကုန် ပစ်ချကာ လူကြီး ၊ လူငယ်အကုန် သည် လမ်းကလေး တလျောက် ထိုထို သည်သည်နေရာများမှ ရပ်လျှက် မီးပုံးလေးများဖြင့် လမ်းကလေးကို ကြည့်ရူနေချိန်တွင်ပင် လျှက်စစ်မီး ပျက်တောက်သွားခဲ့သည် ။ ဆဲဆို အော်ဟစ်သံများ စီခနဲ ထွက်လာလျှက်ကပင် စနောက်ပြောင်သော အသံများ အဖြစ်သို့ ပြောင်း လဲသွားကာ အော်ဟစ်ရီမော ကြသည် ။ ကလေးငယ် များသည် အချင်းချင်း တွန်းတိုက်ကစားလျှက် ၊ လူကြီး များသည်လည်း ယခင်လုပ်လက်စ အလုပ်များကို ဆက်လက်လုပ်ကိုင်လျှက် လျှက်စစ်မီး ပြန်အလာကို စောင့် စားကာ လမ်းကလေး အတွက် မီးပုံးလေးများ ပြန်လည် ထွန်းညှိပေးကြပါဦးမည်ဟုဆိုသည် ။
နောက်တစ်မနက် မိုးလင်းချိန်မတိုင်မှီ လျှက်စစ်မီး ပြန်လည်ရရှိကာ မီးပုံးလေးများထွန်းညှိ နိုင်ပါလိမ့်မည်ဟု သူတို့ အားလုံး ယူဆယုံကြည်လျှက်ရှိကြပါသည် ။

No comments:
Post a Comment