Sunday, March 24, 2013

သူတို့ပြောသည့် ငြိမ်းချမ်းရေးဆိုတာ

သူတို့ပြောသည့် ငြိမ်းချမ်းရေးဆိုတာ

ရန်ကုန်၊ မတ် ၂၄။

ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်မက် မရှိခြင်းကို ခေါ်ဆိုပြီး 
သေနတ်သံ အမြှောက်သံများအစား စာသင်ကျောင်းမှ 
ခေါင်းလောင်းထိုးသံများ၊ ဓမ္မကျောင်းမှ ဆည်းလည်း
သံများနှင့် ချိုမြိန်နေရမည်ဖြစ်ကြောင်း ၈၈မျိုးဆက် 
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောကြား
သည်။

"လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ဘာသာ တစ်ခုနဲ့ တစ်ခု ရန်ဖက်
ဖြစ်နေရ၊ အုပ်စုဖွဲ့ပြီး တိုက်ခိုက် ခံနေရ၊ မငြိမ်းမချမ်းနဲ့ 
ကျီးလန့်စာစား အသက်မွေးနေရ၊ နောက်ကျော မလုံတဲ့ 
ဘဝနဲ့ မြို့ပေါ်မှာ နေရတဲ့ ပြည်သူတွေရဲ့ ဘ၀က ငြိမ်းချမ်း
နေတယ်လို့ ကျွန်တော် မခံစားရဘူး" ဟု ယင်းက ဆက်လက်
ပြောကြားသည်။

မြန်မာပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်များသည် တိုင်းရင်းသားပြည်သူတို့၏ အခွင့်အရေးနှင့် များစွာသက်
ဆိုင်ကြောင်း၊ မည်သည့်တိုင်းရင်းသား၊ တော်လှန်ရေးသ
မားမဆို ၄င်းတို့ ပြည်သူများ ရသင့်ရထိုက်သည့် တိုင်းရင်း
သား အခွင့်အရေး မရရှိဘဲ လက်နက်များကို စွန့်ပြီး 
တော်လှန်ရေးကို ကျောခိုင်းရန်မှာ မဖြစ်နိုင်ကြောင်း ရခိုင်
တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးလှစောက ဆိုသည်။

"ကျွန်တော်တို့မှာ တိုင်းရင်းသား အခွင့်အရေးတွေ၊ ခံစားခွင့်
တွေ ဘာမှမရှိဘူး။ စစ်အာဏာနဲ့ အုပ်ချုပ်နေတဲ့ အခါမှာ 
ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ လက်နက်မှတပါး 
ဆွဲကိုင်စရာ မရှိတဲ့အတွက် လက်နက်ကိုင် တော်လှန်
ရေးတွေ ပေါ်လာခဲ့ရတာပါ။ ဗမာပြည်မှာ ပြည်တွင်းငြိမ်းချမ်း
ရေး ရဖို့ဆိုရင် တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို တိုင်းရင်းသား ပြည်သူတွေကို မပေးဘဲ
နဲ့တော့  ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာ ကျွန်တော်တော့ 
မမြင်ဘူး၊ ဗမာပြည်မှာရှိတဲ့ ခေတ်အဆက်ဆက် အုပ်စိုးလာတဲ့ စစ်အရာရှိကြီးတွေ ဒါကို လေးလေးနက်နက် စဉ်းစားဖို့ 
လိုပါတယ်" ဟု ယင်းက ဆက်လက် ပြောကြားသည်။

သာမာန်ပြည်သူ မှန်သမျှသည် ငြိမ်းချမ်းစွာ နေလိုကြပြီး 
ဘာသာ၊ သာသနာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ၊ မိမိ၏ အ
သိုက်အမြုံလေးကို မည်သူကမှ မပျက်ဆီးစေလိုကြောင်း၊ 
လူမျိုးရေး ဘာသာရေးစသည့် ခေါင်းစဉ်များတပ်ပြီး 
သွေးခွဲနေသည့် တရားခံများကို ရအောင်ဖော်ထုတ်သင့်
ကြောင်း၊ယင်းတရားခံများကို ပြတ်ပြတ်သားသား ငြင်းဆန်
သွားမည်ဖြစ်ကြောင်း မင်းကိုနိုင်က ပြောကြားသည်။

"မိတ္ထီလာမှာ စပြီးတော့ ဖောက်ခွဲလိုက်တာဟာ ရောင်နီထွက်
မယ် ကြံကာမှ တစ်ဘက်က လက်ကြမ်းကြီးနဲ့ ပုတ်ချလိုက်
တာဖြစ်တယ်။ ဒါဟာ သွေးရိုး သားရိုး မဟုတ်ဘူး။ မိတ္ထီလာ
ကန်ဘောင် ဖားကောက်ခဲ့ပါမယ် ဆိုတဲ့ သားချော့သီချင်းဟာ 
အခုတော့ မိတ္ထီလာကန်ဘောင် အလောင်းကောက်ခဲ့ပါမယ် ဆိုသလိုအဖြစ်မျိုး  ကျွန်တော်တို့ နောက်ထပ် အဖြစ်မခံနိုင်
ပါဘူး" ဟု ယင်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းစစ်ကို အဆုံးသတ်ရန်၊ စစ်မှန်သော ငြိမ်းချမ်းရေးရရန် တစ်ခုတည်းသော အဖြေမှာ ဖက်ဒရယ် စနစ်ကို ကျင့်သုံးခြင်းသာ 
ဖြစ်ကြောင်း၊ ဖက်ဒရယ်လစ်ဇင်၏ အဆုံးသတ်မှာ ၂၀၀၈ ဖွဲ့စည်း
ပုံဖြစ်ပြီး ယင်းကို ဥပဒေဘောင်တွင်းမှ ပြင်ဆင်သွားရန် လိုအပ်
ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် ကျွန်ုပ်တို့ ပခုံးပေါ်တွင် ရှိနေသည့် သမိုင်းတာဝန်အတွက် ညီညီညွတ်ညွတ် ရှေ့ဆက်သွားရန် 
လိုအပ်ကြောင်း ဦးလှစောက ပြောကြားသည်။

ရည်မွန်
ဓာတ်ပုံ - ဝေယံ

No comments: