by တရားတော်များ (Notes) on Tuesday, March 19, 2013
လူသည် သေရမည်။ မြန်မာတို့အနေဖြင့် ဤဘ၀အတွက် နောက်ဆုံး အချိန်ဖြစ်သော မသေလွန်မီ နာရီ မိနစ် စက္ကန့်ပိုင်းအချိန်သည် နောက်ဘ၀ အကူးအဆက်အတွက် အလွန်အရေးကြီးသည်ဟုဆို၏။.
အပြေးပြိုင်ပွဲကြီးတွင် ပန်းဝင်ခါနီး အရေးကြီးသကဲ့သို့ဖြစ်၏။. ထိုအခါတွင် စိတ်ကောင်း စိတ်မြတ်ကပ်ရန် လိုသည်။ သေခါနီးအချိန်တွင် ဇောကောင်းစောနိုင်ရန်လို၏ဟု
လူတို့သည် သေခါနီးအချိန်တွင် စိတ်ကောင်းစိတ်မြတ်ကပ်နိုင်
ဘ၀တစ်သက်တာတွင် စိတ်ကောင်း စေတနာကောင်းရှိပြီး အများအကျိုးအတွက် ဆောင်ကြဉ်းသူသည် သေခါနီး ကာလ၀ယ် ဇောကောင်းကပ်နိုင်ရန် အခွင့်အလမ်း များပြားလှ၏။
ဘ၀တာတစ်ခုလုံး စိတ်ကောင်း စိတ်မြတ်ထားခဲ့ပါက သေခါနီး မရဏကာလတွင်လည်း စိတ်ကောင်း ဇောကောင်းကပ်နိုင်ရန် အခွင့်အလမ်း ပိုပြီးများကာ ထိုအချိန်တွင် ကောင်းသော အာရုံများလည်း ထင်ဟပ်လာနိုင်၏။
သေခါနီး ကာလတွေင် ပေါ်ပေါက်လာတတ်သော အာရုံသုံးမျိုးမှာ
- ကံနိမိတ် (ကံအာရုံ)
- ကမ္မနိမိတ်အာရုံ
- ကတိနိမိတ်အာရုံများဖြစ်၏။
၁။ ကံနိမိတ် (ကံအာရုံ)ဟူသည်မှာ ကုသိုလ်ကံ၊ အကုသိုလ်ကံများ ဖြစ်၏။ ထို ကုသိုလ်ကံနှင့် အကုသိုလ်ကံဆိုသည်မှာ ကောင်းသောစေတနာနှင့် မကောင်းသော စေတနာပင်ဖြစ်သည်။ စေတနာကို ကံဟုဆိုလို့ရပါ၏။
ထိုကောင်းသော စေတနာဟူသော ကောင်းကံနှင့် မကောင်းသော စေတနာဟူသော မကောင်းကံကို မည်သူမျှ မပြု၊ မိမိသည်ပင် ပြုလုပ်ခဲ့၏။ မိမိပင်လျှင် ပြောဆိုခဲ့၏။ မိမိပင်လျှင် ကြံစည် စိတ်ကူးခဲ့ခြင်းဖြစ်သည်။
ဤ ကံကောင်း၊ ကံဆိုးအမျိုးမျိုးတို့သည် သေခါနီးအချိန် မရောက်မီ အချိန်ပိုင်းလေးတွင်မှ ပြုလုပ်သည်များလည်း ဖြစ်နိုင်ပြီး ရက်ပေါင်း လပေါင်း နှစ်ပေါင်းများစွာ အတော်ကြာကပင် ပြုလုပ်သည်များလည်း ဖြစ်နိုင်သည်။
ဆိုလိုသည်မှာ လူတစ်ယောက်သည် သေနိုင်လောက်သော ရောဂါတစ်စုံတစ်ရာ ရရှိသောအခါတွင်မှ ကောင်းမှုကို ပြုလုပ် အောက်မေ့သူများရှိသလို နှစ်၊ ရက်၊ လ အတော်ကြာကပင် ကောင်းသည့်အမှုများကို ပြုလုပ်ခဲ့ကြသူများရှိ၏။
ယခုမှ ကောင်းမှု၊ မကောင်းမှုကို ပြုသည်ဖြစ်စေ အချိန်ကြာမြင့်စွာကပင် ပြုလုပ်ခဲ့သည်ဖြစ်စေ လူတွင်ကံကောင်းနှင့် ကံဆိုးဟူပြီး ရှိစမြဲဖြစ်၏။
ထိုကံကောင်း ကံဆိုးဟူပြီး ရှိသည့်အနက် ယခုကဲ့သို့ သေရာညောင်စောင်း လျောင်းစက်ရာ သေအံ့ဆဲဆဲအခါမျိုးတွင် ပဋိသန္မေအကျိုးကို ပေးနိုင်သည့် ကံသည် အကျိုးပေးခွင့် အလှည့်ကျသဖြင့် အများထဲမှ ရှေ့တန်းသို့ တိုးထွက်လာတာ ပေါ်လွင် ထင်ရှားလာတတ်သည်များ ရှိသည်ဟု ဆိုလို၏။
ထိုသို့ ထင်လာရာတွင် ရှေးက မိမိပြုခဲ့သော ကံကို အမှတ်ရသော အနေအားဖြင့်လည်း ထင်ဟပ်လာတတ်၏။ ယခု လောလောဆယ် အသစ်တစ်ဖန် ထပ်မံပြီး ပြုလုပ်နေရသကဲ့သို့သော အနေအထားမျိုးဖြင့်လည်း ထင်လာတတ်၏။
ဤသို့ ထင်မြင်လာခြင်းကို ကံနိမိတ်ဟူသော ကံအာရုံထင်ခြင်းဟု ဆိုရ၏။
၂။ ကမ္မနိမိတ်ဟူသည် ထိုကံကောင်း ကံဆိုးအမျိုးမျိုးတို့ကို ပြုလုပ်စဉ်အခါက အသုံးပြုသော အရာဝတ္ထုများ အခြံအရံ အခြင်းအရာများ ဖြစ်၏။
ထိုတွင် ကောင်းမှုစေတနာ၏ ကုသိုလ်ကံဆိုင်ရာတွင် ကျောင်း၊ ကန်၊ ဘုရားစေတီများ၊ သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ပန်း၊ ဆီးမီး စသည်တို့ ထင်လာတတ်၏။
မကောင်းမှု စေတနာ၏ အကုသိုလ်ကံဆိုင်ရာတွင် တုတ်၊ ဓါး၊ လေး၊ မြားစသည့် လက်နက် ကိရိယာများနှင့် သတ်ခဲ့ပုံ၊ ခိုးခဲ့ပုံ၊ ကျူးလွန်ခဲ့ပုံ အခြင်းအရာများ ထင်လာတတ်၏။ ဤသို့ ကံပြုစဉ်အခါက အဖြစ်အပျက် အရာဝတ္ထု စသည်များ ထင်မြင်လာခြင်းကို ကမ္မနိမိတ် အာရုံထင်ခြင်းဟု ဆိုရ၏။
၃။ ဂတိနိမိတ်ဟူသည် မိမိလာရောက်ရမည့် သွားရမည့်၊ ဖြစ်ရမည့် ဘုံဘ၀ဋ္ဌာနများမှ အာရုံများဖြစ်၏။
(ဂတိ= လားရောက်ရမည့် ဘုံဘ၀၏ + နိမိတ္တ = အာရုံအရိပ်နိမိတ်များ) ကောင်းသော ဘုံဘ၀ဋ္ဌာနကို သုဂတိဟုခေါ်။
မကောင်းသော ဘုံဘ၀ဋ္ဌာနကို ဒုဂ္ဂတိဟုခေါ်၏။
ကုသိုလ်စေတနာ၏ ကောင်းကံအတွက် ကောင်းကျိုးရမည်ဖြစ်သော ဘုံဘ၀ဋ္ဌာနက နတ်ဘုံဋ္ဌာန၊ နတ်ဘ၀ဖြစ်မည်ဆိုလျှင် နတ်တို့နေရာ ပဒေသာပင် ဥယျာဉ်ပန်းမန် ဘုံဗိမာန်များ ထင်လာတတ်၏။
လူ့ဘုံဋ္ဌာန လူ့ဘ၀ဖြစ်မည်ဆိုလျှင် အမိ၏ ၀မ်းရေ နီနီထွေးထွေး အဆင်းသဏ္ဍာန်များ ထင်လာတတ်၏။ အကုသိုလ် စေတနာ၏ မကောင်းကံအတွက် မကောင်းကျိုးရမည်ဖြစ်သော ဘုံဘ၀ဋ္ဌာနဖြစ်မည်ဆိုလျှင် အလျှံပြောင်ညီးငရဲမီးနျင့် ငရဲထိန်း စသည်များ ထင်လာတတ်၏။
ပြိတ္တာဘုံဘ၀ ရောက်မည်ဆိုလျှင် တောချောင်းမြစ်များ၊ တောင်ခြေ သမုဒ္ဒရာ ကမ်းများ စသည်အားဖြင့် ထင်လာတတ်၏။ ဤသို့ ထင်လာခြင်းကို ဂတိနိမိတ် အာရုံထင်ခြင်းဟု ဆိုရ၏။
မည်သူမဆို စုတေခါနီးတွင် ထင်လာသော ဤကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်သုံးပါးတွင် တစ်ပါးပါးကို အာရုံပြုပြီး စိတ်အစဉ် ဇောအစဉ်ဖြစ်နေရာတွင် အကျိုးပေးမည်ဖြစ်သော ကောင်းကံဆိုးကံ အားလျော်စွာ ဖြူစင်သော စိတ်အစဉ်၊ ဇောအစဉ်ဖြစ်စေ၊ ညစ်နွမ်းသော စိတ်အစဉ်၊ ဇောအစဉ်ဖြစ်စေ ထင်လာတတ်သည်။
(ဤခရီးနီးသလားစာအုပ်မှ ကောက်နုတ်ချက်)
Re-Post By ACM 20-3-2013
အေးချမ်းမွန် Credit & Copy From >> တရားတော်များ<< Thank
No comments:
Post a Comment