Friday, March 22, 2013

တရားဥပဒေစိုးမိုးတခုတည်းကြည့်လို့မရနိုင်ပါ


ုမြန်မာနိုင်ငံသည် ပြည်သူကပြောင်းချင်သော ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွားသောနိုင်ငံမဟုတ်ပါ။ ပြည်သူကို နှစ်ပေါင်းများစွာ ဖိနှိပ်ပြီး တိုင်းပြည်ဘဏ္ဍာများကို နှစ်ပေါင်းများစွာခိုးယူထားသော စစ်ဝါဒီများနှင့် လက်ဝေခံအသိုင်းအ၀န်းက ပြည်သူ့ဆန္ဒလက်လျောသယောင်ပြပြီး လက်ဝါးချင်းရိုက်ကာ အာဏာအမွေဆက်ခံသွားခြင်းသာဖြစ်ပါသည်။
သို့အတွက် ပြည်သူများရဲ့ခါးသီးတဲ့အခြေအနေများသည် ဒီမိုကရေစီစနစ်ဆိုတာကို ပြောင်းလဲသွားသော်လည်း ဘ၀အာမခံချက်လုံးဝမရှိဘဲ လက်ဝေခံခရိုနီများ၏ မြေသိမ်းယာသိမ်းပိုက်ခြင်းကို အဆက်မပြတ်ခံစားနေရပြီး မြေမဲ့ယာမဲ့ဘ၀များဖြစ်ကာ ကိုယ့်ကိုကိုယ်သတ်သေဖို့ရန်သာ ရှိပါတော့သည်။ ပြည်သူတို့၏ခါးသီးသည့်ခံစားချက်များကို စိတ်ပိုင်းဆိုင်ရာကုစားခြင်း ရုပ်ပိုင်းဆိုင်ကုစားခြင်းမရှိဘဲ အရင်စစ်အစိုးရများနည်းတူ တရားဥပဒေစိုးမိုးရေးတခုတည်းသာ ကြည့်ပြီးပြောနေလျှင် ပြည်သူများ၏ခါးသီးသည့်အတွေ့အကြုံများသည် အဖန်ဖန်တလဲခံစားရပြီး သေမထူးနေမထူးဘ၀များနှင့် ပေါက်ကွဲလုလု ပူနွေးနေသောရမ်းအိုးကြီးကဲ့သို့ စနစ်တံမီးရှို့မည့်သူကို စောင့်နေခြင်းအခြေအနေသို့ ဆိုက်ရောက်နေမည်ဖြစ်သည်။
ဒီမိုကရေစီစနစ်၏အနှစ်သာရဖြစ်သည့် ပြည်သူကရွေးကောက်သော ပြည်သူ့အစိုးရသည် ပြည်သူတို့၏ဘ၀တိုးတက်သာယာရေးအတွက် အာမခံချက်ရှိသော စားဝတ်နေရေးကို တာဝန်ယူရပါသည်။  ပြည်သူကရွေးကောက်သော ပြည်သူ့အစိုးရဟုဆိုကာ ယခုအချိန်အထိ ပြည်သူ့အတွက်တာဝန်မယူဘဲ  တရားဥပဒေစိုးမိုးရေးခေါင်းစဉ်တပ်ပြီး အုပ်ချုပ်ရေးအမြင်နှင့်ကြည့်ကာ နှိပ်ကွပ်နေလျှင် ပြည်သူများ၏ စိတ်ကျေနပ်မှုကို ရရှိနိုင်မည်မဟုတ်သလို ပြဿနာများမပြေလည်ဘဲ အဖက်ဖက်က စိမ့်ထွက်နေသောယမ်းအိုးကြီးကဲ့သို့ ပေါက်ကွဲသွားနိုင်ပါသည်။
ယနေ့မြန်မာနိုင်ငံသည် စနစ်ပြောင်းသည်ဟုဆိုသော်လည်း ပြည်သူတို့၏ဘ၀အာမခံချက်မရှိဘဲ ပြယုဂ်တခုပြနေသော ဒီမိုကရေစီစနစ်ကို ဇွတ်အတင်းသွားနေခြင်းသာဖြစ်သည်။ ဥပမာ-ခရီးတခုသွားမည်ဆိုလျှင် အသက်အရွယ်ပေါင်းစုံပါမည်ဖြစ်သလို အသိအမြင်အတွေးပေါင်းစုံလဲပါဝင်ကြပါမည်။ အသက်အရွယ်ပေါင်းစုံပါသည့်အတွက် ကိုယ်ကာယအားကောင်းသော လူငယ်လူရွယ်များက ခရီးတွင်ပြီး လူကြီးများက ခရီးကြန့်ကြာမည်မှာ ဧကန်မလွဲဖြစ်ပါသည်။ ထို့အတူ စိတ်ပိုင်းဆိုင်ရာ အသိအမြင်ပညာကြွယ်သောလူများက အသိအမြင်ပညာအ၀န်းအ၀ိုင်းပိုမိုကျယ်ပြန့်စွာမြင်ပြီး ပိုမိုခရီးရောက်နိုင်သလို အသိအမြင်ပညာတိမ်သောလူများအတွက် အ၀န်းအ၀ိုင်းအသေးကိုသာ မြင်နိုင်စွမ်းရှိသဖြင့် ခရီးသည် သွားချင်တိုင်း မတွင်ကျယ်နိုင်ပါ။
မြန်မာနိုင်ငံလူဦးရေ၏၇၀%ကျော်သည် တောနေလူတန်းစား နွားနှင့်ဖက်ရုံးကာ စားဝတ်နေရေးဖြေရှင်းနေရသော တောင်သူလယ်သမားများဖြစ်ကြပြီး နှစ်ပေါင်းများစွာ အဖိနှိပ်ခံနင်းပြားဘ၀များဖြင့်သာ ဘ၀ဆုံးပါးသွားသူများဖြစ်ကြပါသည်။ ထိုသူတို့၏ဘ၀များကို ကိုယ်ချင်းစာ မြေထောင်မြောက်ပေးနိုင်မှသာ စစ်မှန်သော ဒီမိုကရေစီစနစ်ကို တိုင်းရင်းသားပေါင်းစုံ ခံစားရမှာဖြစ်ပါတယ်။
ယခင်ခေတ်အဆက်ဆက်က စစ်အုပ်ချုပ်ရေးကို တစ်ပါတီအုပ်ချုပ်ရေး -စစ်အုပ်ချုပ်ရေးအသွင်အမျိုးမျိုးပြောင်းပြ အုပ်ချုပ်သော်လည်း ပြည်သူများအပေါ်နှိပ်ကွပ်အုပ်ချုပ်မှု့သည် ပြောင်းလဲမသွားခဲ့ပါ။ ခေတ်အဆက်ဆက် ပြည်သူ့အခန်းကဏ္ဍမပါရှိဘဲ အုပ်ချုပ်ရေးတခုတည်းကိုသာ ကြည့်မြင်ကိုင်တွယ်ပြီး ပြည်သူ့များကို နှိပ်ကွပ်ခဲ့သည့်ခါးသီးသည့်အတွေ့အကြုံသာခံစားလာခဲ့ရတသည့်သူပြည်များသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင်လည်း ပြည်သူတို့၏ခါးသီးသည့်ခံစားချက်များကို အာမခံချက်မပေးမကုစားဘဲ တရားဥပဒေစိုးမိုးရေးကို တွင်တွင်ပြောကာ ယခင်အစိုးရများအတိုင်း အမြင်တူစွာကြည့်ပြီး ပြည်သူများကိုနှိပ်ကွပ်နေလျှင် အနည်းငယ်လွတ်လပ်ပွင့်လင်းသောကာလဖြစ်သဖြင့် ပြည်သူများ၏ခါးသီးသည့်အတွေ့အထိများသည် ပိုမိုတုံ့ပြန်မှုများကို ဖေါ်ထုတ်မည်သာ ဖြစ်ပါသည်။
အမှန်တကယ်ဒီမိုကရေစီစနစ်ကိုတည်ဆောက်မည်ဆိုလျှင် အခြေခံပြည်သူတို့၏ ခါးသီးသည့်စိတ်ခံစားချက်များကို အခြေခံလူ့အခွင့်အရေးများနည်းတူ အခြေခံဘ၀ရပ်တည်နိုင်ရေးကို အာမခံချက်ရှိရန် ပထမဦးဆုံးတည်ဆောက်ပေးရပါလိမ့်မည်။ ဆိုရိုးစကားအတိုင်း (အူမတောင့်မှ သီလစောင့်နိုင်ပါသည်) ၀မ်းတစ်ထွာအတွက် နေ့စဉ်ဖြည့်ဆည်းနေရပါသည်။ ထို့အတွက် ယနေ့ပြည်သူများ၏ အခြေခံစားဝတ်နေရေးအာမခံချက်မရှိဘဲ ဥပဒေစိုးမိုးတခုတည်းသာကြည့်နေလျှင် ယခင်စစ်အစိုးရအဆက်ဆက်အတိုင်း နှိပ်ကွပ်အုပ်ချုပ်တာနှင့် ဘာမျှကွာမည်မဟုတ်ပါ။ တရားဥပဒေစိုးမိုးနိုင်ရန် လူသားဖြစ်တည်မှု့ အာမခံချက်ရှိစေရန် အရင်ဆုံးလုပ်ဆောင်ပေးရပါမည်။
ဒီမိုကရေစီနိုင်ငံများဟုခေါ်ဆိုသော အရင်းရှင်နိုင်ငံများသည် အရင်းရှင်လူသားများကအနည်းစု ၁၀%လောက်သာ ရှိပါသည်။ ကျန်(၉၀%)သည် အခြေခံလူတန်းစားများသာ ဖြစ်ကြပါသည်။ လူသားတိုင်းကို လူအဖြစ်အသိအမှတ်ပြုခံကြရပြီး အခြေခံလူတန်းများ၏ဘ၀အာမခံချက် အပြည့်အ၀ရှိသော လူနေမှု့ဘ၀များပိုင်ဆိုင်ကြသလို အချမ်းသာဆုံးလူသားများအသုံးပြုနိုင်သောပစ္စည်းများမှလွဲ၍ လူသားတိုင်းအသုံပြုနိုင်သော လူသုံးကုန် အိမ်သုံးကုန်များကို တပြေးညီသုံးစွဲနိုင်ကြသလို ပြည်သူတို့၏ ကျမ်းမားရေးစောင့်ရှောက်မှု့ကိုလည်း ဆူးခြုံနှိမ့်မြင့်မခွဲခြားဘဲ သာတူညီမျှစောင့်ရှောက်မှုပေးကြခြင်းသည် လူသားတိုင်း တန်းတူအခွင့်အရေးရရှိခြင်းဖြစ်ပါသည်။
 
သို့
အယ်ဒီတာ (ဟစ်တိုင်)ခင်ဗျာ
ကျွန်တော်ရေးသားသော ဆောင်းပါးများသာ ကျွန်တော့နာမည်တပ်စေချင်ပါသည်။
ကျွန်တော်ဖတ်ပြီး ကောင်းသောဆောင်းပါးများကို အများဖတ်နိုင်ရန် ရေးသားသူနာမည်နှင့်တကွ ဖေါ်ဝပ်(ရှယ်)ပေးလိုက်ခြင်းဖြစ်ပါသည်၊ သို့အတွက် အမှန်တကယ်ရေးသားသူများ၏အမည်သာ တပ်ရမည်ဖြစ်သည်။ ကျွန်တော်ရေးတာမဟုတ်သောကြောင့် ကျွန်တော့နာမည်တပ်လျှင် မှားယွင်းမည်ဖြစ်သဖြင့် ဖေါ်ဝပ်မေးကို ရေးသားသူနာမည်အတိအကျ တပ်ပေးပါခင်ဗျာ။
ပေးပို့သူ ကျွန်တော့နာမည်တပ်လျှင် ရနိုင်ပါသည်။
ဒီမိုကရေစီအရေးအထောက်အကူပြုလျှက်
ဌေးဇော်(အင်းဝ)

No comments: