ဖိုးထက်
မတ်လ ၃၀၊ ၂၀၁၃
ပြီးခဲ့တဲ့ တစ်ပါတ်က ဆရာချစ်ဦးညိုရဲ့ “ သုဝဏ္ဏဘူမိဝေဒနာ” ဆိုတဲ့
စာအုပ်လေးကို ဖတ်ဖြစ်တယ်။ ဆရာရေးတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ သဘင်ပညာနဲ့
ပါတ်သက်တဲ့ စာတမ်းတွေ အများကြီး ရှိတယ် လို့သိပါတယ်။ ဒါပေမယ့် အကုန်
မဖတ်ဖြစ်သေးဘူး။ ဆရာ့ စာအုပ်တွေ ဖတ်ထားမိခဲ့တာ လက်ဆယ်ချောင်းတောင် ပြည့်မယ်
မထင်ပါဘူး။ ဒီစာအုပ်လေးတောင်မှ ပီဒီအက်ဖ် တွေ့တာနဲ့ ဖတ်ဖြစ်လိုက်တာ။
ဆရာက စာရေး အလွန်ကောင်းသလို စာပေဟောပြောပွဲတွေမှာလဲ တကယ့် ကဝေကြီး တစ်ယောက်လို ဟောနိုင်၊ ပြောနိုင်၊ ဆိုနိုင်သူပါ။ ဆရာရေးတဲ့ “လင်္ကာဒီပချစ်သူ” ဆိုတဲ့ စာအုပ်ကတော့ စာဖတ်ဝါသနာပါသူရော၊ မပါသူတွေပါ ဖတ်ဘူးကြသူများပါတယ်။ လူအများစု မြင်နေကြ မြင်ထောင့်နဲ့ မတူနဲ့ အမြင်ထောင့်တွေနဲ့ ခံစားပြီး ရေးဖွဲ့တတ်သူ။ လည်လည်ပါတ်ပါတ် သိပြီးသား အကြောင်းအရာတွေကို ဆရာရေးဖွဲ့လိုက်ရင် အသိ၊ အမြင် အသစ်တိုးစေတာ ဆရာ့ရဲ့ ပညာဥာဏ် ပါရမီလို့ ပြောရ မလားပါဘဲ။ အမေကြီးရဲ့ ညအိပ်ရာဝင်ပုံပြင်တွေထဲက ကျွန်တော့်ဇာတ်လိုက်ကြီး ရာမကိုကျော်ပြီး ဆရာ့ လင်္ကာဒီပ ဖတ်ပြီးမှဘဲ ဘီလူး မဖြစ်ရတာ နာချက်ကွာလို့ တွေးမိတယ်။
အခုလဲ ဆရာ့ရဲ့ သုဝဏ္ဏဘူမိ ဝေဒနာ စာအုပ်လေးကို ဖတ်ပြီး မွန်ဘုရင်ကြီး မနူဟာ မင်းကြီးကို ပိုမိုခံစား ကိုယ်ချင်းစာမိလာတယ်။ မွန်တွေဆိုတာ အခု ကျွန်တော်တို့ ခေတ်မှာသာ ကျယ်ကျယ်လောင်လောင် အသံမကြားရတဲ့ လူမျိုးတွေ ဖြစ်နေတာမို့လား။ ကျွန်တော်ဆိုလိုတာက ကရင်ဆိုရင် KNU၊ DKBA၊ မာနယ်ပလော စတဲ့ နာမည်တွေနဲ့ ပါတ်သက်ပြီး ပိုပြီးတော့ သတိထားမိတယ်။ ရခိုင်ဆိုရင် ရိုဟင်ဂျာ အရေးအခင်းကြီးနဲ့ ပါတ်သက်ပြီး လူတွေ ပိုသတိထားမိလာတယ်။ ကယားလူမျိုးနဲ့ မွန်လူမျိုးဆိုတာ အခု လက်ရှိ အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ သတိမထားမိလောက်အောင် နားအေး၊ ပါအေး ငြိမ်းငြိမ်းချမ်းချမ်းရှိနေပါတယ်။
ဆရာ့ စာအုပ်လေးကို ဖတ်ပြီး မွန်လူမျိုးတွေ သမိုင်းကို ဥာဏ်မှီသလောက်တွေးမိတယ်။ မြန်မာနိုင်ငံမှာ မွန်တွေဆိုတာ ဟိုး ရှေးရှေးကတည်းက ယဉ်ကျေးမှုမှာ ရှေ့တန်း အကျဆုံးလို့ ပြောလို့ရမည်။ ကုန်းတွင်းပိုင်းမှာ ရှိတဲ့ ဗမာလူမျိုးတွေနဲ့ ဆယ်စုနှစ် တွေ ချီပြီး သူတပြန်၊ ကိုယ်တပြန် စစ်တိုက်လာခဲ့ကြတဲ့ လူမျိုးတွေ။ သူရဲကောင်းဘုရင်တွေ၊ ပညာရှင်တွေ အလွန်ပေါများခဲ့တယ်လို့ စာတွေထဲမှာ ဖတ်ဘူးခဲ့တယ်။
ပထမမြန်မာနိုင်ငံတည်ထောင်သူ အနော်ရထာဘုရင်ကြီး ပုဂံမှာ အရည်းကြီးတွေရဲ့ ဘာသာကို ကိုးကွယ်နေရချိန်မှာ မွန်တိုင်းဌာနီမှာတော့ ဗုဒ္ဓဘာသာက ခိုင်ခိုင်မာမာကြီး အခြေတည်နေပြီ။ ပိဋ္ဋိကတ်သုံးပုံ ဆိုတာ ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းသဘောပေါက်နေခဲ့ ကြပြီးပြီ။ ကျွန်တော်တို့ရဲ့ ကျောင်းသုံး သမိုင်းစာအုပ်တွေထဲမှာ သထုံကို ပိဋ္ဋိကတ်သုံးပုံ ကော်ပီတောင်းတော့ မပေးလို့ အနော်ရထာတို့ စစ်ပြုခဲ့ရပါတယ်လို့ ဗမာလူမျိုးတွေ ရေးတဲ့ သမိုင်းကို ဖတ်ပြီး ဗမာလူမျိုး ကျွန်တော်က နှစ်ထောင်းအားရ ဖြစ်ခဲ့ဘူးတယ်။ ဒါပေမယ့် အခု ဆရာ့စာအုပ်လေးကို ဖတ်ပြီးမှ “သြော်..ဒါသဘာဝကျပါတယ်လေ” ဆိုတဲ့ အတွေးကို ရစေပါတယ်။
ဆရာချစ်ဦးညိုကြီး (ချစ်လွန်းလို့ ကြီး ထည့်မယ်ဗျာ) ရဲ့ စာအုပ်လေးထဲမှာ တကယ့်သမိုင်းနဲ့ ဆရာ့ လက်ရာကို တွဲဖက်ပြီး ဖတ်ရတာ အရသာ အလွန်ရှိပါတယ်။ ပုဂံကို ကျွန်တော် မကြာခဏ ရောက်ဘူးပါတယ်။ မနူဟာဘုရားကို ရောက်တိုင်းလဲ ဖူးဖြစ်ပါတယ်။ ကျဉ်းကျဉ်းကျုပ်ကျုပ် ဘုရားကြီးကို ကြည့်၊ ဘေးက ကလေးလေးတွေ ရှင်းပြတဲ့ စကားသံစာစာလေးတွေကို နားထောင်ပြီး ကိုယ်သိမ်းပိုက်လာခဲ့တဲ့ ဘုရင်ကိုတောင် ဘုရားတည်ခွင့်ပေးတဲ့ အနော်ရထာကြီးပါလား ဆိုတဲ့ အတွေးက ပိုမိုနေမိခဲ့တယ်။ ပါတော်မူ ဘုရင်တစ်ပါးရဲ့ စိတ်ခံစားမှုကို ခပ်ရေးရေး၊ ခပ်ဖော့ဖော့သာ တွေးမိခဲ့တယ်။
တကယ့် သမိုင်း အဖြစ်အပျက်တွေ နဲ့ မဖြစ်နိုင်တဲ့ ပါးစပ်ရာဇ၀င်တွေကိုပါယ်ပြီး ယုတ္တိကျတဲ့ အဖြစ်အပျက်တွေကို ရောယှက်ဖွဲ့သီသွားတဲ့ ဆရာ့ စာအုပ်ကို ဖတ်ပြီးချိန်မှာတော့ ပုဂံကို နောက်တစ်ခေါက် သွားချင်စိတ်တွေဖြစ်လာတယ်။ မနူဟာ ဘုရားကြီးကို ပိုင်ပိုင်နိုင်နိုင်ကြီး ထပ်ဖူးချင်လာတယ်။ ပြီးတော့ ဆက်စပ်ပြီး အတွေးတွေက တသီတသန်းကြီး ပေါ်လာတော့တယ်။
သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း စာတွေထဲမှာ မကြာခဏဆိုသလို ကျွန်တော် ဖတ်ဘူးတယ်။ နိုင်ငံတစ်နိုင်ငံကို အားကြီးတဲ့ နိုင်ငံ တစ်နိုင်ငံက သိမ်းပိုက်နိုင်ကောင်း သိမ်းပိုက်နိုင်မယ်။ ဒါပေသိ စစ်ရှုံးနိုင်ငံရဲ့ အနုပညာ၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု က အရမ်းကြီး အားကောင်းနေရင် လူ့သဘာဝအရ စစ်နိုင် နိုင်ငံရဲ့ လူမျိုးတွေဆီကို အဲဒီ ယဉ်ကျေးမှုတွေက အလိုလို ကူးစက်သွားတယ်။ သိမ်းပိုက်လိုက်တယ်လို့ ဖတ်ဘူးတယ်။ မွန်တွေကို အနော်ရထာတို့ စစ်နိုင်ခဲ့တာဘဲ ဖြစ်မှာပါ။ တစ်ချိန်တည်းမှာဘဲ မွန်ဘာသာ၊ စာပေ၊ ကိုးကွယ်ရာ ဘာသာ တရားတွေက နွားသတ်ပြီး ယဇ်ပူဇော်နေတဲ့ ပုဂံသားတွေကို သိမ်းပိုက်လိုက်တာဘဲ မို့လား။ ပိုပြီး ယဉ်ကျေးတဲ့လူတွေ၊ အနုပညာခံစားမှု မြင့်မားလာအောင် မွန်တွေက ပြန်ပြီး သင်ပြပေးခဲ့တာဘဲမို့လား။
လူပိုပီသစေတဲ့ ဘာသာရပ်တွေကို အကူးအစက်ခံခဲ့တဲ့ ပုဂံသားတွေရဲ့ စိတ်ထားကလဲ အလွန်လှခဲ့လို့လဲ ပါမှာပါလေ။ ကျွန်တော်တို့ရဲ့ ခေတ်ကြီးမှာရော ဘယ်လိုပါလိမ့်လို့ အတွေးနယ်ချဲ့ မိပြန်တယ်။ လုံလုံခြုံခြုံ၊ ဖုံးဖုံးဖိဖိ ၀တ်စားရမယ်လို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ရှိနေပါလျက်နဲ့ ဖော်လိုက်ရမှ၊ ပြလိုက်ရမှ စားဝင် အိပ်ပျော်ကြတဲ့ အတ္ထိယ တွေကြတော့ အနောက်ယဉ်ကျေးမှုက အရမ်းဘဲ အားကောင်းနေပြန်လို့လား။ ဒီလိုတော့လဲ ဟုတ်မယ် မထင်။ “ဟဲ့ နင်တို့ ယောင်္ကျားတွေ လက်မောင်းအိုးကြီးတွေ၊ ရင်အုပ်ကြီးတွေ ကြီးတာကို စွပ်ကျယ် လက်ပြတ်ဝတ်ပြီး ကြွားချင်သလို ငါတို့လဲ ငါတို့ရှိတာ ငါတို့ကြွားတာ ဘာဖြစ်သလဲ” လို့ ပြောကြလေမလား။ ကြွားချင်ကြတာ များလား။
ဒီလိုဆိုပြန်တော့ ကောင်းတာ၊ မကောင်းတာ အပထား။ အားကြီးသော ယဉ်ကျေးမှုက ကိုယ်ခံအားနည်းသော လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို အလို အလျောက် စီးဝင်လာတာ ဖြစ်မည်။ ကျွန်တော့်အတွေးတွေက တောင်ရောက်၊ မြောက်ရောက်။ အစီအစဉ်မကျ ဆက်လက် ဖြစ်နေသည်။
ဘာသာတရားမှာကျတော့ရော။ မွန်တွေရဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုက မြန်မာနိုင်ငံကြီးရဲ့ အဓိက ဘာသာတရားကြီး အဖြစ် ပြောင်းလဲလာခြင်းက ဗုဒ္ဓဘာသာ ကျွန်တော့်အတွက်တော့ အလွန်ကောင်းသည်ပေါ့။ လူသူ အရောက်အပေါက်နည်းပြီး လူနေမှုနိမ့်ကျရှာသည့် တောင်တန်းတွေပေါ်က ကျွန်တော်တို့ သွေးသားတွေဆီသို့ မစ်ရှင်တွေ၊ ခရစ်ယာန်ဘုန်းတော်ကြီး တွေနဲ့အတူ ယေရှူခရစ်တော် ကိုးကွယ်ယုံကြည်သည့် လူတွေများလာတာလဲ အငြင်းပွားစရာ၊ ရန်ဖြစ်စရာ မလိုဘူး ထင်ပါသည်။
အခု လက်ရှိ ပြဿနာတက်နေသည့်၊ လူစုတ်ပဲ့တွေ ပုံဖော်ဖို့ ကြိုးစားနေသည့် မွတ်ဆလင်ဘာသာနဲ့ ဗုဒ္ဓဘာသာ အရေးအခင်းကြီးကို ကျွန်တော့် အတွေးတွေက နယ်ကျွံလာသည်။ မွတ်ဆလင်ဘာသာကရော မြန်မာနိုင်ငံကို ဘယ်လို ရောက်လာပါလိမ့်။ ကျွန်တော် ဥာဏ်မှီသလောက်သာဆိုလျှင် အာရပ်တွေ ကိုးကွယ်ယုံကြည် အားထားသော ဘာသာကြီးဟု ဆိုကြသည်။
ပုဂံ အာနန္ဒဘုရားရဲ့ စေတီအောက်ခြေ ခါးပါတ်တစ်နေရာမှာ ကုလားအုပ်ပုံ စဉ့်ခွက် ရှိနေတာကို တိုးဂိုက်တစ်ယောက်က နိုင်ငံခြားသား တွေကို ရှင်းပြနေတာကို မယောင်မလည်ဖြင့် ကျွန်တော် ခိုးနားထောင်ဘူးသည်။ ကုလားအုပ်ဆိုတာ ကျွန်တော်တို့ အရှေ့တောင် အာရှက သတ္တ၀ါမဟုတ်။ သဲကန္တာရတွေထဲမှာ ရေမသောက်ဘဲ အကြာကြီး ခရီးသွားနိုင်သော သတ္တ၀ါတွေ။ အာရပ်တွေရဲ့ အသဲစွဲ သတ္တ၀ါ။ ထိုင်းတွေ၊ မြန်မာတွေ ဆင် ဆိုသည့် သတ္တ၀ါကို သံယောဇဉ်ရှိသလို အာရပ်ကြီးတွေလဲ ကုလားအုပ်တွေကို တန်ဖိုးထားကြသည်။ အာနန္ဒာဘုရားမှာ ကုလားအုပ်ပုံရောက်နေတာ ပုဂံခေတ်ကတည်းက အာရပ်တွေနဲ့ အဆက်အသွယ်ရှိနေပြီလို့ သတ်မှတ်ရမည်လား။ ဒီလိုသာဆိုလျှင် အာရပ်တွေကိုးကွယ်သော အလ္လာအရှင်မြတ်ရဲ့ ဘာသာတရားကြီးက မြန်မာနိုင်ငံနှင့် အဆက်အသွယ်ရှိနေပြီပေါ့။ ကျွန်တော့် အတွေးတွေက ကြောင်တောင် တောင် ဖြစ်လာသလား မသိ။
ကိုရီးယားတွေ၊ တရုတ်တွေက သူတို့ကိုယ်သူတို့ Buddhism လို့ ပြောကြသည်။ ထေရ၀ါဒ ကိုးကွယ်သော မြန်မာ၊ ထိုင်း၊သီရိလင်္ကာ လူမျိုးတွေက အောင့်သက်သက်နှင့် သိပ်မကြည်ကြ။ ခရစ်ယာန်ဘာသာမှာလဲ ဂိုဏ်းကွဲတွေ၊ အသင်း အဖွဲ့တွေ အလွန်များတာ ကျွန်တော် သတိပြုမိသည်။ သမ္မာကျမ်းအဟောင်းနှင့် အသစ်။ မွတ်ဆလင် ဘာသာကြီးမှာရော ရှိသလား မရှိသလား ကျွန်တော် ထပ်လေ့လာအုံးဖို့ လိုပါလိမ့်မည်။ သို့သော် အာရပ်တွေကိုးကွယ်သော မွတ်ဆလင်ဘာသာနှင့် ဥရောပဖက် ပိုနီးသော တူရကီတွေ ကိုးကွယ်သည့် မွတ်ဆလင် ဘာသာ မတူခြင်းကိုတော့ ကျွန်တော်သိသည်။ တူရကီတွေက မွတ်ဆလင် ဘာသာ ကိုးကွယ် ယုံကြည်ရာမှာ နူးနူးညံ့ညံ့ ရှိသည်။ အာရပ်တွေ ကိုးကွယ်ပုံကြတော့ နည်းနည်း ပြင်းထန်လွန်းသည်ဟု ဘာသာ ခြားတစ်ယောက်အမြင်နှင့် ကျွန်တော် မြင်မိသည်။
Youtube ပေါ်မှာ အင်တာနက်ပေါ်မှာ မွတ်ဆလင် ဘာသာဝင်တွေ ကိုယ့် ကိုယ် ကိုယ် သံဆူးကြီးတွေနှင့်ရိုက်ပြီး ဘာသာတရားအတွက် ပြုမူနေတာ တွေ့ရတော့ စိတ်မကောင်းဖြစ်မိသည်။ ဒီလောက်ကြမ်းတမ်းတဲ့ အယူသီးမှုမျိုး မကြိုက်နှစ်သက်ခြင်းမှာ အလာအရှင်မြတ်နှင့် ကျွန်တော်နှင့် သဘောထား တူညီမည် ထင်သည်။ “ချစ်သား.. ငါနဲ့ မင်းနဲ့ အတူတူဘဲကွ” လို့ ပြောမှာ အသေအချာဖြစ်သည်။ လောင်းကြေးထပ်ချင်စိတ်တွေ ပေါက်လာ၏။
စိတ်သဘောထားကြီးသော မွတ်ဆလင် ဘာသာဝင်တစ်ယောက်ကို စိတ်ဆိုးကာမှ ဆိုးရော ဘာကြောင့် အစ်နေ့ဆိုရင် အကောင်တွေသတ်နေတာလဲလို့ မေးဘူးသည်။ သတ်ချင်ရင်တောင် ကလေးတွေရှေ့မှာ မသတ်ပါနဲ့တော့လားဟယ်ဟု ပြောမနော ဆိုမနာ တွေပီပီ အထွန့်ဆက်တက်မိခဲ့ သည်။ သို့သော် သူ၏ ယထာဘူတကျကျ ဖြေပုံလေးကို ကျွန်တော့် စိတ်ထဲ စွဲနေခဲ့သည်။
သူဖြေပုံက…“တစ်ခြား ဘာသာတွေလိုပါဘဲဗျာ။ လူတွေက ကိုယ်လိုရာ ကိုယ်ဆွဲပြီး လုပ်ကြတာနဲ့ တူပါတယ်။ ဗုဒ္ဓဘာသာမှာလဲ လူတွေ ငတ်နေတာကို ပြစ်ထားပြီး ဘုရားအကြီးကြီးတွေ တည်မှ ကုသိုလ်ရတယ်လို့ ထင်ကြသလိုမျိုးနေမှာပေါ့။ ကျွန်တော်တော့ အကောင်တွေသတ်ပြီး အစ်လုပ်ရတာ ဘယ်တော့မှ မလုပ်ဘူး။ အဲဒီနေ့ ဗလီသွား ဘုရား ၀တ်ပြုတာဘဲ လုပ်တယ်ဗျ။ ဖြစ်နိုင်တာက ကျွန်တော်တို့ ဘာသာက အာရပ်တွေဖက်ကနေ ကူးစက်လာတာမို့လား။ အာရပ်တွေဆိုတာ စိတ်ကြမ်း၊ လူကြမ်း၊ အမြဲစစ်တိုက်၊ လူသတ်နေတဲ့ လူတွေလေ။ ဒီတော့ သူတို့ ကလေးတွေကိုလဲ တိုက်ရဲ၊ ခိုက်ရဲလာအောင် ကလေးတွေ ရှေ့မှာ သတ်ပြ၊ ဖြတ်ပြရင်း၊ တစ်လွဲယူကြရင်း အကျင့်ကြီး ဖြစ်လာတယ် ထင်တယ်ဗျ။ ခင်ဗျား လျှောက်မပြောနဲ့နော်။ ကျုပ်ထင်တာ ကျုပ်ပြောတာဗျ။ စာဖတ်ပြီးမှ သေချာ ပြန်ဖြေမယ်ဗျာ” ဟု ဆိုကာ ကျွန်တော့်ကို ဆန့်တငန့်ငန့် ထားပြစ်ခဲ့သည်။
ကျွန်တော့် အတွေးတွေကို အဆုံးသတ်ဖို့ လိုမည်ထင်ပါသည်။ ကိုယ်မမှီတာတွေ တွေးရင်း ဂေါက်သွားပြီဟု အပြောခံလာရကိန်းရှိသည်။ ဒီတစ်ခေါက် မြန်မာနိုင်ငံ ပြန်ဖြစ်လျှင် ဆရာချစ်ဦးညိုကို ကြိုးစားသွားတွေ့ပြီး ကန်တော့ချင်သည်။ ပြီးတော့ ဆရာ့ဆီမှာ သုဝဏ္ဏဘူမိဝေဒနာ စာအုပ် လက်ကျန်ရှိသေးရင် ရောင်းဖို့ ပူဆာရအုံးမည်။ ပြီးလျှင် စာအုပ်လေးကို ဆွဲပြီး ပုဂံမှာ ရှိသော မနူဟာ ဘုရားကို သေသေချာချာ ထပ်ဖူးချင်သည်။ စာအုပ်လေး ဖတ်လိုက်၊ ဘုရားကြီးကို မော့ကြည့်လိုက်။ ဘယ်လောက်များ အရသာ ရှိလိုက်လေမလဲ။
ပြီးလျှင် လူသူရှင်းလင်းသည့် ဘုရားထောင့်တစ်နေရာမှာ သွားပြီး အတွေးတွေ ဆက်ချင်ပါသေးသည်။ ပြီးတော့ တစ်ယောက်ထဲ ခပ်တိုးတိုးလေး ဆုတောင်းရအုံးမည်။
“အာရပ်တွေ ကိုးကွယ်တဲ့ မွတ်ဆလင်ဘာသာကို မြန်မာနိုင်ငံ မယူခဲ့ကြပါစေနဲ့ ဘုရား။ စိတ်ကြမ်းလူကြမ်း မူဆလင်တွေ မဖြစ်ကြပါစေနဲ့ ဘုရား။ မေတ္တာထားတော်မူသည့် အလ္လာရှင်တော်မြတ်ရဲ့ သားတော်၊ သမီးတော်တွေ ဖြစ်ကြပါစေဘုရား။ လူသတ်၊ မီးရှို့ကြသည့် ဗုဒ္ဓဘာသာဝင်တွေ မဖြစ်ကြပါစေနဲ့ ဘုရား။” ဟု ဆုတောင်းရပေအုံးမည်။
ကောင်းရာ ဘုံဘ၀မှာ ရောက်ရှိနေမည့် မနူဟာ ဘုရင်မင်းမြတ်ကြီးကတော့ ကျွန်တော့်ဆုတောင်းကို သဘောကျနေမှာလား။ ကူညီဖို့ စဉ်းစားနေမည်လား။ ဒါမှမဟုတ် “အို..ရှုပ်ရှုပ်ရှက်ရှက် လာမလုပ်နဲ့” ဆိုပြီး သူ့ဘုရားပေါ်ကများ မောင်းချ လေမလား။
No comments:
Post a Comment