Friday, March 22, 2013

ခံနိုင်မှုကို တွေးတောခြင်း

ခံနိုင်မှုကို တွေးတောခြင်း

၆၂ စစ်အာဏာသိမ်းတော့ ရှေ့ဆုံးကသေပြီး ပြည်ပကိုရောက် တောထဲကိုရောက်  
ရောက်ချင်ရာရောက် ပြေးခဲ့ကြသူတွေလဲ ကျောင်းသားတွေကအများစုဖြစ်၏၊
ဦးနေ၀င်း မဆလ ပါတီထောင် ဟိုဥပဒေ ဒီဥပဒေလေးတွေဆွဲပြ ၊ အာဏာသိမ်းတုံးက
 ပါခဲ့တဲ့ စစ်ခေါင်းဆောင်တွေကလဲ အရပ်ဝတ်တွေဝတ်ပြီး ဆိုရှယ်လစ်လူဘောင်နဲ့ လွတ်ငြိမ်းချမ်းသားနဲ့ မျှားခေါ်လိုက်တာ ဒီမိုကရေစီ ၀န်ကြီးချုပ်လို့ခေါ်တဲ့ ဦးနိုကြီးလဲ အ၇ည်ပျော်ကျ၊ 
ဒီမိုကရက်တစ်တွေလဲ ပြေးဖက်ကြနဲ့ ပြန်ပြေးဝင်ကြတာ သတင်းစာ ကော်လံမဆန့်အောင်ဖြစ်ခဲ့၏။
ဦးနေ၀င် အုပ်ချုပ်မှု အမှားယွင်းကို အသက်သွင်းခဲ့ကြတာ ခွေးကတက်မှာပဲနေရနေရ တဲအိုပျက်မှာပဲသေရသေရ ပမညတ တို့လဲ မဆလထဲ အိုလံပစ် နောက်ဆုံးစံချိန်နဲ့ ၀င်လာလိုက်ကြတာ သောက်သောက်လဲ၊ ကွန်မြူနစ်တွေလဲ ကွန်ညိုညစ်တွေဖြစ်ကုန်သတဲ့။
ဦးနေ၀င်းဖဲထုတ်ကို ၀င်ရိုက်လိုက်ကြတာ တိုင်ပြည်သွက်သွက်ခါအောင်မွဲလေသတည်း။
၈၈ ရောက်တော့ ရှေ့ဆုံးက ဘယ်သူတွေလဲ? ကျောင်းသားတွေကပဲ ရှေ့က နွဲကြပြန်တယ်၊ 
သေတော့လဲ ကျောင်းသားတွေပဲအများပြား၊ ထွက်ပြေးကြ ၊ ဖမ်းဆီးခံရကြ၊ ဘ၀တွေပျက်ကြတာလဲ ကျောင်းသားတွေပဲ၊
ပြည်သူတွေပဲ၊ လူကြီငယ်တွေပဲ။
ပြေးမလွတ်သူတွေ၊ အပြေးနောက်ကျသူတွေ၊ထောင်ထဲရောက်ကြ။နေ့တဓူဝ ဒုက္ခတွေ 
သောက တွေ ခံစားရတာလဲ ကျောင်းသားတွေ လူငယ်တွေက အများဆုံး ရှေ့ဆုံးကပါပဲ။
မဆီမဆိုင် ကိုယ့်ကိုလဲ ပေးတာမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု
ပေးတော့ လက်ပန်းမောင်းထခတ်ကြလို့ ၈၈က ရွက်ပုံးသီးတွေ ထောင်ထဲရောက်ကြပြန်၏။
ဘာပဲပြောပြောယုံကြည်ချက်က ခိုင်မာတော့ စစ်အစိုးရက အကျဉ်းထောင်တွေ ပြည့်လျံနေအောင်
 ဖမ်းထဲ့ထားလိုက်တာ အသက်တောင် မနည်းဝအောင် ရှူခဲ့ရကြရတယ်။ 
ထောက်လှမ်းရေးဌာနတွေရဲ့ စစ်ကြောရေးမှာလဲ ငယ်သံပါအောင် မခံနိုင်တဲ့် အဆုံး အော်နေကြတာ ကမ္ဘာ တခုလုံး ဟီးဟီးတုန်နေသလားလို့တောင် ပြောလို့ရတယ်၊ သူ့ကို ဆော်နေပြီ ဟိုလူ့ကို
 စစ်နေပြီ၊ ဘုရားဘုရား ငါ့အလှည့် လာတော့မှာပါလားလို့ ဆူပွက်နေတဲ့ အသံတွေကြားက
 ရွတ်လိုက်ရတဲ့ ဘာသာရေးဂုဏ်တော်တွေ၊ တလိုက်ရတဲ့ ဘုရားသခင် ပေါင်းစုံ ကုန်ရောပါပဲ။ 
ဒါပေမယ့် ကိုယ့်အလှည့်ကတော့ မလွဲပဲ ရောက်ကို ရောက်လာခဲ့ပါတယ်။ 
စစ်ကြောရေးအကြောင်းပြောရင် ကမ်ဘောဒီးယားက ခမာနီတွေတောင် မျက်ရေ အတောက်လိုက် ကျသွားလောက်အောင်ကို ဆူပွက်ခဲ့ပါတယ်။
 မိသားစုတွေပျက် ဘ၀တွေပျက်ပြီး ထောင်က လွတ်တာနဲ့ ရောက်ရာပေါက်ရာ ထွက်ပြေးတော့ 
ထိုင်းနိုင်ငံမှာ၊ အန္ဒိယမှာ၊ တရုတ်နယ်စပ်မှာ နိုင်ငံအသီးသီးမှာ စကားကမတတ်၊ အစားကလပ်နေတာမို့ မျောက်က 
ဆင်းသက်လာတဲ့ လူသားဘ၀ တွေ မျောက်ဘ၀ကို ပြန်ရောက်သွားသလို တရိစ္ဆာန်ကတောင် 
လူမွေးသူမွေးပြောင်ပြောင်ရောင်ရောင်နဲ့ ကိုယ့်ထက်တောင် သာနေသလို့ မြင်ခဲ့ရတယ်။
ရှိရှိသမျှ အတွေးခေါ်တွေကိုခင်းချ ယူအန်ဒုက္ခသယ် ဘ၀ကို လူမွေးမပြောင်တော့တဲ့သိက္ခာ နဲ့ 
လဲပစ်ကြရတယ်။ 
၈၈လေးလုံးပြီးတော့ ၉၉လေးလုံး တပြည်လုံးပြောင်းလဲတော့မယ်လို့ ၀မ်းသာအားရ ရှိရှိသမျှအားအင်တွေနဲ့ အဝေးကနေ ၀င်ဖြေကြည့်လိုက်တာ တိုင်းတပါးသားတွေရဲ့ အချုပ်ခန်းတွေ အကျဉ်းစခန်းတွေမှာ စာမေးပွဲအခါခါကျရပြန်တယ်။
ကျလိုက်တဲ့ တိုက်ပွဲပေါင်းများစွာကို ပြန်တောင် မစဉ်းစားရဲလောက်အောင် ဒဏ်ရာတွေက 
ပြင်းတယ်။ ထိမှန်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်လေ တို့ ခေါင်းဆောင်တွေအားလုံးလွတ်ရင် တွန်းဖြိုဖို့ အားတခုအဖြစ်နဲ့ ရတဲ့နေရာ ရတဲ့ထောင့်ကစောင့်ရင်း အချုပ်ထောင်ပေါင်းစုံရဲ့ ထမင်းဟင်းက ကိုယ့်လိုလူတွေအတွက် အသက်ဆက်ဖို့စားပြီး ရှိရှိသမျှအားနဲ့ စောင့်ခဲ့ပါတယ်။ 
ခေါင်းဆောင်တွေလဲလွတ်ရော အားရ၀မ်းသာနဲ့ ဆော်ဖို့လဲကြံရော “နောက်ပြန်လှည့်သွားမှာ
 ကြောက်ရတယ် မလုပ်ကြနဲ့” ဆိုပြီး ဟိုလူ့ကို စွပ်စွဲ ဒီလူကို စွပ်စွဲနဲ့ အပျော်တန်း ၀င်ကန်နေမိတဲ့
 ဘောလုံးပွဲလိုဖြစ်သွားတယ်။
အပျော်တန်း ဘောလုံးပွဲက ဂိုးသွင်းဖို့မလိုဘူး ခွေးရူးတွေလို ဘောကွင်းတခုလုံး 
လှုပ်လှုပ်ရွရွလေးဖြစ်နေဖို့ပဲလိုတဲ့ ပွဲမျိုးပါ။
“ငါတို့ လက်ရှိအနေထားလေးကပဲ ပြောင်းလဲမှုကို သွားနိုင်မယ် နို့မဟုတ်ရင် အားလုံး ဒုက္ခပြန်ရောက်သွားမယ် မလုပ်ကြနဲ့၊ ဒီအချိုးကွေ့လေးက အရေးကြီးတယ် ငြိမ်ငြိမ်လေး မျောလိုက် “ဆိုတဲ့ လက်ယာဝါဒီအဖြစ်ကို ချက်ခြင်း ပြောင်းလိုက်ကြပြီး ပြည်ပက ပြည်တော်ပြန် လင်းတတွေနဲ့ ဒီမိုကရေစီကို လမ်းပြောင်ပြန် လိုက်မောင်းလိုက်ကြတော့တယ်။
သူတို့ ပါစပ်တွေမို့ ပြောထွက်တာ အံသြတယ်၊ ယခင်ကလဲ ဒီလူတွေပဲအုပ်ချုပ်တာ၊ အခုလဲပဲ 
ဒီလူတွေပဲဆိုတာ မမြင်ရလောက်အောင် ညအမှောင်ထဲက ကြက်မျက်သင်ရောဂါတွေ ရကုန်တယ်။ ၆၂ က ဗိုလ်နေ၀င်း အခု ၈၈က ဗိုလ်သန်းရွှေ တို့ရဲ မာယာကို သာယာနေကြလေတယ်လို့ ဆိုရမှာပဲ။ 
လုပ်ကိုင်ပုံ အလုံစုံ တထပ်ထဲမကျရင်တောင် လုပ်နည်းလုပ်ဟန်က ကုလားကြီးကို အရာကြီးပြောင်းခေါ်သလိုပါပဲ၊
နောက်ထပ် ၂၅ နှစ် ထပ်စောင့် ဒီမိုကရေစီလူမွေးပေါက်ပါမလားလို့ စဉ်းစားရင်း ရင်မောမိတယ်။

မြန်မာပြည်က အထူးခြားဆုံး ၀ိသေသရောဂါ တခု နောက်ဆုံး သွားတွေ့ရတယ်၊ ကျောင်းသား၊ နိုင်ငံရေးသမား ၊ အားလုံးသော ပူရိသများနှင့် နိုဘယ်လ်ဆု၇ှင်ပါမကျန်၊သတ္တ၀ါအပေါင်းတို့သည်
 ဆင်းရဲသော ဒဏ်ကို ကျားကုတ်ကျားခဲ သီလ မြဲစွာ ခံနိုင်ကြပြီး ချမ်းသာသော ကျော်ကြားသော အခြွေရံပေါသော လောကဓံကိုတော့ မည်သူမှ မခံနိုင်ကြပါသေးသတည်း။

ကျေးဇူးတင်ပါတယ်
ဂိုလ်ရှယ်လေး

No comments: