Saturday, March 30, 2013

“အညာကို ပြန်ချင်တယ်”


by Soe Min (Notes) on Friday, March 29, 2013 at 12:14pm
          “နွေမိန်တပေါင်း ကြွေချိန်ပြောင်း ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီလေ။” ဆိုတဲ့ သီချင်းကလေးဟာ ငယ်ငယ်တုန်းကတော့ သည်ရာသီမှာ လာနေကျပါ။ “လက်ပံပွင့်ကောက်” တဲ့။ နားထဲကို စွဲနေတာပဲ။ အဲဒါပြီးရင် ဒေါ်မေလှမြိုင်ရဲ့ “နှင်းငွေ့ကျန် လေပြန်လောင်း ဟေမာန်ဆောင်း ပြောင်းခဲ့ပါပြီတဖန်။ သာတပေါင်း ညှာညောင်းကြွေ နွေရတုကိုဖန်။” ဆိုတဲ့ “နွေဦးတေးသံ” ကလေးလည်း လာတတ်တယ်။ ဦးအံ့ကြီးရဲ့ “သူနဲ့သာတူညီ ဖူးလိုက်ချင်ရဲ့ ဦးခိုက်တင်ပါတဲ့ သဲပုံစေတီ။” ဆိုတဲ့ “မိန်ရာသီ” သီချင်းလေးလည်း ကြားရတတ်တယ်။ မကြည်အောင်ကတော့ “ရာသီတော်ဦး” သီချင်းထဲမှာ “နွေဦးပြောင်းလို့ အောင့်မေ့သည်။” တဲ့။ ချိုပြုံးကဆို “နေ့ပေါင်းများစွာ လပေါင်းများစွာ ကြာခဲ့သော်လည်း ကိုယ်မမေ့သည်သာ။” လို့ “မုန်းရစ်လေဦး” ထဲမှာ ဆိုတယ်။ စတူရီယိုထဲမှာဆိုရင်တော့ ကိုငှက်ပြန်ဆိုတဲ့ “နွေဦးကံ့ကော်များ” ပေါ့။ မေဆွိကတော့ “နွေဟာ အချစ်ပုံပြောလိမ့်မယ်။ ချစ်လျက်ဝေးသူ နှစ်ဦးအကြောင်း..။” ဆိုပြီး ကျောင်းတံခါးပိတ်ချိန်ကို “နွေပုံပြင်” သီချင်းနဲ့ လွမ်းပြမှာ။ လူငယ်ဆိုတာ ပညာရှာတဲ့အရွယ်မို့ ကျောင်းသားဘ၀မှာပဲ ရှိသေးတယ်လေ။ တစ်နှစ်တစ်ခါ နွေရာသီရောက်တော့မှ ကျောင်းကြီးတွေ ပိတ်ပြီး မိဘရပ်ထံပြန်တဲ့သူပြန်၊ ကျောင်းနေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခွဲခွာကြရတာ။ အဲဒါကြောင့် ဥတုသုံးပါးထဲမှာ နွေရာသီဟာ လွမ်းစရာအကောင်းဆုံးပဲ လို့ ထင်ကြတယ်။ သူများတွေတော့ လွမ်းတော်မူလို့ စာကိုစီကြတာ ဘယ်ဆီသို့ ဘယ်ရွာသို့ ဘယ်သူသို့ ဘယ်ဝါသို့ လွမ်းကြလေတယ် မသိပါဘူး။ ကိုယ်လည်းပဲ လွမ်းတော့လွမ်းတာပေါ့။ အခုလို ပူပြင်းသော့ထွေ ဂိမ္မာန်နွေဆို ကိုယ့်စိတ်က အတိတ်ဆီကို ပြန်လွမ်းတယ်။ သာလို့ ကောင်းလို့ ငြောင်းလိုငြိမ့်လို့ တတမ်းတတ လွမ်းနေတာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း၊ အဟောင်းကို အဟောင်းအတိုင်း မက်မက်စက်စက် ဆွတ်ဆွတ်ကြင်ကြင် လွမ်းတယ်။ အဲဒီအလွမ်းထဲမှာ နေသူရိန် ပူရှိန်ပြင်းတာလည်းပါတယ်။ လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့် တက်တာလည်းပါတယ်။ နောက်ဆုံးတော့ သန်းထွန်းလေးလိုပဲ “အညာဌာနီ တစ်ခါလာမည် ကျွန်တော့အတွက်တော့ မေ့မရပါလေပြီ။” လို့ ဟစ်ပလိုက်ရတယ်။
          ငယ်ငယ်တုန်းကတော့ နွေရာသီဆိုတာ တစ်နှစ်တစ်ခါ အညာပြန်ရတဲ့ ရက်တွေပေါ့။ အမေရောအဖွားရော အညာသူတွေမို့ သူတလှည့် ကိုယ်တလှည့်ပြန်ကြပေမယ့် ကိုယ်ကတော့ ဘယ်သူပြန်ပြန် လိုက်တာကိုး။ အဲဒီခေတ်က ခရီးလမ်းပန်းက ခုခေတ်လို လွယ်ကူအဆင်ပြေလှတာ မဟုတ်ပါဘူး။ ဘတ်စကားအိုကြီးနဲ့ ကုန်အိတ်တွေအပေါ်မှာ ခြေတွေကျဉ် ခါးတွေနာလာအောင် စီးရတယ်။ ရန်ကုန်ကညနေ သုံးနာရီလောက်ထွက်ရင် ရေနံချောင်းကို နောက်တနေ့မနက် ဆယ်နာရီသာသာလောက် ရောက်တယ်။ အဲဒီကမှ အနောက်ဘက်ကမ်းကူးရပြန်ရော။ မော်တော်နဲ့ ကုန်းဇောင်းအထိပဲ ကူးကူး၊ သမ္ဗာန်နဲ့ နန်းတော်ကျွန်း၊ ငါးခြောက်ကျွန်း၊ ထူး ဘက်ကိုပဲ ကူးကူး၊ နေခိုတာနဲ့ဘာနဲ့ ရွာကိုမှောင်ရီပျိုးမှ ရောက်ချင်ရောက်၊ မရောက်လည်း ကုန်းဇောင်းတစ်ညအိပ်ပြီး နောက်တစ်နေ့မှ ရောက်တယ်။ ဒါကြောင့် အညာခရီးဟာ လမ်းတင် အသွားနှစ်ရက် အပြန်နှစ်ရက်ကုန်တယ်။ ရွာရောက်ရင်လည်း တစ်ပါတ်လောက် အမောအပန်းဖြေမှ ပြန်ဖို့ အားပြည့်တယ်။ တကယ်တော့ အမောဖြေတာ မဟုတ်ပါဘူး။ အသားကျအောင် ပြန်ကျင့်ယူရတာပါ။ ရောက်ကာစမှာ သောက်ရတဲ့ရေကိုက အရသာတစ်မျိုးဖြစ်နေလို့ အာသာမပြေဘူး။ တွင်းရေလေ။ အဖွားကတော့ မုန်းချောင်းထဲက ရေကိုမှ သောက်ချင်တာ။ အိမ်သာကလည်း တွင်းအိမ်သာ တုတ်ခနောင်းနဲ့။ ကားပေါ်တက်စီးကတည်းက ၀မ်းချုပ်သွားတာ ရွာရောက်တော့လည်း အသားမကျဘူး။ မျက်စိကလည်း ညဘက်မှောင်ကြီးထဲနေတဲ့အကျင့်ကို ပြန်ကျင့်ရတယ်။ အဲဒီတုန်းက ရွာမှာ ဘက်ထရီအိုးတောင် မရှိဘူး။ ရေနံဆီမီးခွက်ပဲ ထွန်းတာ။ နှစ်ရက် သုံးရက်လောက်ဆို နေသားကျလာပါတယ်။ တခါတခါ မီးခွက်ရှေ့ စာအုပ်တစ်အုပ် သည်းကြီးမည်းကြီးဖတ်နေတုန်း ညှော်နံ့ထွက်လာမှ ဆံပင်တွေ မီးကျွမ်းသွားမှန်းသိတယ်။ အညာကပြန်လာလို့ ရန်ကုန်ရောက်ရင်လည်း ညဘက်ကျ လင်းကြောင်ကြောင်နဲ့ မျက်စိစူးတာ၊ အသံတွေ ဆူညံတာ၊ အိုက်စပ်စပ်ကြီးနေတာကို နေသားကျအောင် ပြန်ကျင့်ရတာပါပဲ။
          အစားအသောက်ကအစ ရန်ကုန်နဲ့တော့ ဘာမှ မတူပါလေဘူး။ မုန့်ဟင်းခါးဆိုတာများ ရွာမှာစားကာစဆို မျက်ရည်တောင်လည်မယ်။ မုန့်ဖတ်က အရောင်မွဲညစ်ညစ်၊ ရှမ်းခေါက်ဆွဲအလုံးလောက်တုတ်တယ်။ ဟင်းရည်က ငါးတစိမှမပါ။ ပဲနှစ်ပြစ်ပြစ်ကြီး။ နှစ်ရက် သုံးရက်လောက် ဆက်စားလိုက်မှ ဆီချက်နံ့မွှေးမွှေးလေးကို အရသာခံတတ်သွားမယ်။ နောက်တော့လည်း ရန်ကုန်က လိုက်မမီတဲ့ အညာမုန့်တွေ အရသာတွေ့လာတာပါ။ မင်းဇံက မုန့်လုံးကလေးတွေဆို ငှက်ပျောဖက်မှာ ကပ်လို့ ဆီကလေးနဲ့ ခွာယူရတယ်။ စေးလို့အိလို့။ မုန့်ပေါင်းပူပူကလေးတွေဆို ဆီနံ့မွှေးမွှေးကလေးနဲ့။ ကျောင်းတော်ရာဘုရားက ၀က်မြေဥကလေးတွေဆို ချိုလိုက်တာများ ဆိမ့်နေတာပဲ။ အဖွားကတော့ အဲဒီက မုန့်သြဇာကလေးတွေကို လူကြုံရှိတိုင်း မှာစားတယ်။ ရွာမှာရှိတဲ့ အဖွားများ အဒေါ်များကတော့ ရန်ကုန်သားဧည့်သည်ကလေးလာရင် ရွာမှာ နွားမသားပေါက်တဲ့အိမ်က နွားနို့မှာမှာထားတယ်။ ကျိုလိုက်ရင် အဆီတွေတောင် ဝေ့လို့။ ကိုယ်ရောက်နေရင် ရွာစဉ်လျှောက်ရောင်းတဲ့ အသား၊ငါးသည်များတောင်မှ အိမ်နားတ၀ဲလည်လည် ဟိုဟာဝယ်ပါဦး။ သည်ဟာဝယ်ပါဦး။ တွန်းတွန်းထိုးထိုး ရောင်းကြတယ်။ ကလေးဘ၀ ရွာမှာပျော်တာလည်း မပြောနဲ့လေ။ မိုးလင်းကမိုးချုပ် ပါးစပ်နဲ့အစားပြတ်တယ်လို့မှ မရှိပဲကိုး။
          ပွင့်ဖြူမြို့နယ်ထဲမှာ ရှိတဲ့ ကိုယ်တို့ရွာကလေးဟာ အနီးဆုံးမှာ အထင်ကရရှိတာကို ပြောရရင် လယ်ကိုင်း၊ ကျောင်းတော်ရာဘုရား အနားမှာ လို့ ပြောရတယ်။ ကျောင်းတော်ရာဘုရားက ငါးထွေကြီးတွေ အစာကျွေးတဲ့ ဗူးသယ်ဆိပ်ကနေလာ၊ မင်းဇံရွာ၊ သရက်တောရွာ၊ သမင်ခြံရွာကလေးတွေ လွန်ရင်ရောက်ကရော။ ပေတောရွာတဲ့။ ပွင့်ဖြူ၊ ကုန်းဇောင်းဘက်ကနေလာရင် ရွာခိုင်တို့ ရှောက်တောတို့၊ ရွာသာညွန့်၊ ပန်းတုန်းကြီး ပန်းတုန်းလေးတို့ ကျော်လာရတယ်။ လယ်ကွင်းပြင် တမျှော်တခေါ်ကိုဖြတ်သွားရင် မြစ်နားစုလို့ခေါ်တဲ့ နန်းတော်ကျွန်း၊ ငါးခြောက်ကျွန်း၊ ထူးရွာကလေးတွေကို ရောက်တယ်။ မြေပြန့်လွင်ပြင်ကျယ်ကြီးမှာ တစ်ရွာနဲ့တစ်ရွာ လယ်ကွက်ကြီးတွေ၊ မုန်းချောင်းကလေး၊ မဲဇလီဆည်ကလွှတ်တဲ့ တူးမြောင်းကလေးတွေနဲ့ ခြားထားတယ်။ တောအုပ်တောတန်း မရှိဘူး။ လယ်တွေကိုင်းတွေ၊ တလင်းတွေပဲ ရှိတယ်။ နှစ်သက်ရှည်ကြာလှတဲ့ ရွာကြီးတွေမို့လို့ သစ်ကြီးဝါးကြီး စိမ်းစိမ်းအုပ်အုပ်တွေ့ရင် ရွာ၊ ကြားထဲကဟာ လယ်ယာတလင်း လို့သာမှတ်။ တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ထားတာ ကားလမ်း မဟုတ်ဘူး။ နွားလှည်းပဲ သွားလို့ရတယ်။ ဒါကြောင့် ငယ်ငယ်ကဆို ရွာကကလေးတွေ လယ်ထွန်စက်လာရင် ထွက်ကြည့်ကြတယ်။ အခုလို ဆိုင်ကယ်တ၀ီဝီ မဖြစ်ခင်တုန်းကတော့ စက်ဘီးကလေးတွေ စီးကြတယ်။ ဒါတောင် ကျောင်းဆရာ ဆရာမလောက်ပဲ စီးတာ။ သူသူကိုယ်ကိုယ် လမ်းလျှောက်ကြတာ မိုင်တွေများစွာ။ ဘယ်ရွာဝင်ဝင် ရွာထိပ်မှာ နားစရာ ဇရပ်ကလေး။ အရိပ်ကောင်းကလေး၊ ရေချမ်းစင်အေးအေးလေးတွေ ရှိတယ်။ ဘယ်အိမ်မှ ၀င်းတံခါးပိတ်ထားတာ မရှိဘူး။ ခွေးလေးဘာလေးကြည့်၊ မြင်တဲ့အိမ် ၀င်နား၊ စိမ်းစိမ်းကျက်ကျက် အခါးရည်ကလေးတော့ တိုက်၊ ဆေးလိပ်ကလေးတော့ တည်လိုက်မှာ။ အချိန်မတော် မှောင်ရီပျိုးလို့ မိုးချုပ်သွားလည်း အိပ်ယာလိပ်ပါရင် ဇရပ်မှာတည်း၊ မပါရင် ဘုန်းကြီးကျောင်း ၀င်လျှောက်လိုက်၊ မှတ်ပုံတင် ပြစရာမလိုဘူး။ ကိုယ်တို့ရပ်ကိုယ်တို့ရွာ စတုဒီသာ လေးမျက်နှာက လာချင်တဲ့သူလာ၊ အဝေရာဟောတု ဖြစ်ပြီးသား။
          ရွာရဲ့သဘောက တစ်အိမ့်တစ်အိမ် အူမချေးခါးကအစ သိပြီးသားမို့ မျက်နှာစိမ်းများ ရွာထိပ်ကဖြတ်သွားရင် နောက်ကတကောက်ကောက် လိုက်မကြည့်သော်ငြား ဘယ်သူ့ မေးလိုက်မေးလိုက်၊ ပုံပန်းသဏ္ဍန်၊ ထူးခြားလက္ခဏာ၊ ဘယ်သူနဲ့စကားပြောပြီး ဘယ်ဘက်ကိုခရီးဆက်သွားတယ် ခရေစေ့တွင်းကျ ပြောပြတတ်တယ်။ လူမှုအသိုင်းအ၀ိုင်းက စုစုစည်းစည်းရှိလွန်းလို့ တရုတ်များကုလားများတောင် မူးလို့ရှုစရာ မရှိဘူး။ (ရေလည်းမကြည် မြက်လည်းမနုပဲကိုး)။ ရွာထိပ်မှာ အင်္ဂလိပ်ခေတ်က စစ်ပြေးရင်းကျန်ခဲ့တဲ့ ပန်ချာပီကြီး တစ်ယောက်တော့ရှိတယ်။ အခုတော့ သူတို့လည်း ကိုယ်နဲ့ အမျိုးစပ်လို့ရနေပြီ။ တစ်ရွာလုံးက ဟိုဘက်ကလှည့်တော်၊ သည်ဘက်ကလှည့်တော်၊ အမျိုးတော်ကြတယ်။ မိသားစုတိုင်းက မွေးချင်းပေါက်ဖော် ခုနှစ်ယောက် တစ်ကျိပ်ရှိတယ်။ တစ်ဝမ်းနှစ်ဝမ်းကွဲသွားရင် ပြန်ဖူးစာဆုံတယ်။ လူချင်းတွေ့လို့ ဇဝေဇ၀ါဖြစ်နေရင် “နင် ဘယ်သူလဲ။” ဘယ်တော့မှ မမေးဘူး။ “နင် ဘယ်သူ့သားသမီးလဲ။” မေးလိုက်ရင် ဇာတိဇစ်မြစ် အကုန်သိပြီ။ အနောက်တိုင်းသားတွေလို မျိုးရိုးနံမယ် ဆက်ခံမထားပေမယ့် မွေးချင်းညီအကိုချင်းမှန်း နံမယ်ခေါ်လိုက်ရင် သဘောပေါက်တယ်။ သားကြီးကို ဘိုကေ လို့ မှည့်လိုက်ရင် နောက်မွေးသမျှ ဘိုရှေ၊ ဘိုတေ၊ ဘိုဖေ ဖြစ်သွားတယ်။ မိန်းကလေးကျ ခင်ရီ၊ ခင်မှီ၊ ခင်သီ၊ ခင်ကြည်ပေါ့။ (အဲသလောက်ကို ကာရံငဲ့တာ)။ လူမှုအသိုင်းအ၀ိုင်းချင်းက ဘူတန်နဲ့တော့ တော်တော်တူတယ်။ ရွာမှာ တရုတ်၊ ကုလား မရှိသလိုပဲ၊ မိန်းမရှာ၊ ပြည့်တန်ဆာ မရှိဘူး။ သူခိုးမရှိတာကတော့ မအံ့သြလောက်ပါဘူး။ ဘယ်အိမ်တက်ခိုးခိုး အိုးစုတ်ခွက်စုတ်၊ အ၀တ်စုတ်ချင်း အတူတူနဲ့အနူနူ။ လူထက်နွားကတန်ဖိုးကြီးလို့ နွားခိုးပူတာလောက်ပဲ ရှိတယ်။ (အဲဒါ မြစ်အရှေ့ဘက်ကမ်းက လာခိုးတာ) အသောက်အစား လောင်းကစားရှိရင် လူပြောသူပြောခံရတယ်။ တစ်ပင်လဲမူ တစ်ပင်ထူတာတောင်မှ ငယ်လင်ငယ်မယား မဟုတ်ဘူးဆိုပြီး ခြောက်ပြစ်ကင်းသဲလဲစင် စာရင်းကဖျက်တယ်။ ပွေတဲ့ရှုပ်တဲ့သူဆိုရင်တော့ သူမပြောနဲ့ သူ့သားသမီးများ အရွယ်ရောက်လို့ မိဘ၀တ္တရား တောင်းရမြန်းရတဲ့အခါ မျက်နှာငယ်ရတယ်။ ဒီဝါသနာမျိုးက မျိုးရိုးလိုက်သလို ထင်ကြတယ်။
          အစွဲအလမ်းတွေနဲ့ ပတ်သက်ရင်တော့ ကိုယ်တို့အရပ်က နည်းနည်းထူးခြားပါတယ်။ မိဆိုင်ဖဆိုင် ရိုးရာကို ကိုးတော့ကိုးတယ်။ တခြားအရပ်တွေလို ပူနောင်ချပ်ချိမ်း လုပ်လေ့မရှိဘူး။ နတ်ကန္နားပွဲ ဘယ်ရွာမှာမှ မရှိဘူး။ ဒါပေမယ့် နတ်ကတော်အဖွားကြီးတွေတော့ ရှိတယ်။ လက်ဘက်တစ်ရိုး ကျွမ်းတစ်ရိုးကိုးပြီး နတ်မေးရင်ဟောတယ်။ ရှင်လောင်းနတ်ပြရင် ဆန်တစ်ပြည်ငွေတစ်မတ်ကိုးရတယ်။ ရွာကလူတွေက နတ်ကိုအဲလောက် မကြောက်ဘူး။ သရဲကိုပိုကြောက်တယ်။ ညဘက် သုဿန်မသွားရဲဘူး။ အသုဘအိမ်ဘက် ခြေဦးမလှည့်ရဲဘူး။ ရွာမှာ နာရေးရှိရင် ကိုယ့်အိမ်ကိုယ်တောင် တစ်ယောက်တည်း မအိပ်ရဲဘူး။ တစ္ဆေပုံပြင်တွေ ဝေေ၀ဆာဆာ ပြောပြတတ်ကြတယ်။ အပူးတွေအကပ်တွေကိုလည်း ယုံတယ်။ အဲဒါကြောင့် ငယ်ငယ်တုန်းကတော့ ရွှေရင်ကျော်ဂိုဏ်းဆိုတာ အဲဒီဘက်မှာ သိပ်နံမယ်ကြီးတယ်။ မကြာသေးခင်ကလည်း ကျောက်ခဲအန်ပြတာတွေ အဲဒီဘက်ကလာတယ်။ ယုံလွယ်ကြတယ်လို့ပဲ ပြောရမှာပဲ။
          တကယ်တော့ ကိုယ့်ရွာကို ပြန်အမွှန်းတင်ပြီး ကြွားစရာ ဟုတ်ဟုတ်ငြားငြား ဘာဆိုဘာမှ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်အတွက် ဘာနဲ့မှ လဲလို့မရတာ တစ်ခုတော့ရှိတယ်လေ။ ဆွေတွေမျိုးတွေပေါ့။ ဇာတိနွယ် လို့ ခေါ်ရမယ်။ မိဘဘိုးဘွားအားလုံး အဲဒီရွာကနေ ဆင်းသက်လာတာကိုး။ အဖွားရော အမေရောဟာ ပုဝါပါးကိုကြက်သားထုပ်သွားကြပေမယ့် ရွာကိုတော့ စွန့်သွားတဲ့အထဲ မပါဘူး။ ကိုယ့်သားသမီးလေးတွေ အပါခေါ်ပြီး ရွာကို အရောက်ပြန်ကြတယ်။ ရွာကအမျိုးတွေနဲ့ စိမ်းမသွားအောင် ထားတယ်။ အဲဒီအလုပ်ကို သမီးကလေးတစ်ကောင်တည်း မွေးထားမိတဲ့ ကိုယ်တောင် မလုပ်နိုင်ဘူး။ ကာဠုဒါယီ ဂါထာပေါင်းများစွာနဲ့ ပြည်တော်ပြန်ပင့်သလို အာကာကိုလွှာပုံပြုလည်းပဲ သည်သမီးကတော့ သည်ခရီးကို လိုက်ချင်မယ် မဟုတ်ဘူး။ အဲဒီမှာ သူနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မရှိဘူးလေ။ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ နွေးထွေးတဲ့ အရိပ်အာဝါသဆိုတာ သူမခံစားတတ်သေးဘူး။ သူ့အဖေကို ဘယ်သူနဲ့မှ မျှဝေပြီး မချစ်နိုင်တဲ့သမီးဟာ ၀မ်းကွဲမွေးချင်းတွေနဲ့ အပျော်တွေကို ဝေမျှခံစားနိုင်မှာလည်း မဟုတ်ဘူး။ အလှပြင်ဆိုင်မှာ ခြေသည်းအလှဖော်ထားတဲ့ ဖ၀ါးအစုံနဲ့ ဖုန်အလိမ်းလိမ်းဖွေးတဲ့ မြေပြင်ကိုနင်းဖို့လည်း ခက်မှာပေါ့လေ။
          သူ့အဖေကတော့ ရွာကို မခေါ်ချင်ပဲ ဘယ်နေပါ့မလဲလေ။ ဆေးကျောင်းရောက်တဲ့အထိ နွေကျောင်းပိတ် ရွာပြန်ရင် ခင်မိခင်ရာ သူငယ်ချင်းတွေကို ရွာအလည်ခေါ်သွားနေကျ။ ကျောင်းသက်တ၀က်လောက်မှာ ကိုစိုးသူနဲ့ သူငယ်ချင်းဖြစ်တော့ ရွာကလူတွေဖြင့် စိတ်တွေပူလို့။ မတော်လို့ ခေါ်များလာရင် ဘယ်နေရာမှာသွားထားရပါ့မလဲ အားတွေကိုနာလို့။ တို့ရွာကလူတွေ တစ်ယောက်တစ်တို့ ၀ိုင်းတို့ရင်တောင် အဲသည်မင်းသား လုံးပါးပါးလောက်တယ်တဲ့။ နောက်ဆုံးတော့ လူအလည်မခေါ်နိုင်တာနဲ့ ပြက္ခဒိန်လေးတွေပဲ အလည်ခေါ်သွားရတယ်။ တို့ရွာမှာ အိမ်ပေါက်စေ့ စိုးသူပုံချိတ်တယ်။ ရွာကလူတွေ မင်းသားချစ်ရင် တဆုံးတစပဲ။ ဘာတွေပြော၊ ဘာတွေဝတ်၊ ဘာတွေလုပ်ပြသလဲ တစ်ခုမှမသိဘူး။ တနေကုန် ပင်ပန်းလာတာ ညဘက်ကျ ခွေထဲ သူ့မျက်နှာကလေးတွေ့လိုက်ရရင် အမောကိုပြေလို့တဲ့။ ကားသစ်မထွက်ရင် အဟောင်းသာပြ။ ကြည့်ဦးမှာ။ သီချင်းကိုတော့ လူငယ်ပိုင်းလောက်ပဲ နားထောင်တယ်။ လူကြီးပိုင်းက ခုထက်ထိ “ကိုသိန်းတန်၊ စိုး သင်္ဘောပေါ်တက်ခဲ့မယ်။” ပဲ ရှိသေးတာ။ စိန်အောင်မင်းကြီးတောင် “ယာတောရဲ့အလယ်မှာ ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်ဦး။” ဆို ချင်းကလေးဖဝေးဇာတ်ထုပ် မပြီးသေးဘူး။ ရွာမှာ ဦးညွန့်ဝင်းကြီးလည်း ကိုတင်မောင့်သားအကြီးကောင် ဘ၀က မတက်သေးဘူး။
         နှစ်တွေအများကြီး ကြာလာခဲ့တဲ့နောက် ကမ္ဘာကြီးက ရွာထဲကို မ၀င်သေးပေမယ့် ရွာထဲကလူတွေကတော့ ကမ္ဘာအနှံ့အပြား ရောက်ကုန်ပါပြီ။ စင်္ကာပူ မလေးလောက်တော့ စကားထဲထည့်မပြောကြတော့ဘူး။ အင်္ဂလန်မှာ ပညာသင်နေတဲ့ နံမယ်ကြီး ဗီဒီယိုဂျာနယ်လစ်ကလေးတစ်ယောက်နဲ့ ဖေ့စ်ဘုတ်ပေါ် မိတ်ဆွေဖြစ်သွားတော့ သူက ရှောက်တောသားတဲ့။ ရုရှားမှာ ပညာသင်နေတယ်ဆိုတဲ့ တောင်ရွာက ဆွေမျိုးစပ်လာသူတစ်ဦးလည်း တွေ့ခဲ့တယ်။ နံမယ်ကျော် ဘလောက်ဂါကြီးတစ်ယောက်ကလည်း ကိုယ့်ရွာသားတင်မဟုတ်၊ ဆွေမျိုးတောင်တော်နေတာကို တနေ့ကမှ သိလိုက်ရတယ်။ နောက်ပေါက်မွေးချင်းတွေထဲက အမေကြီးကားကို ယောင်နောက်ဆံထုံးပါသွားတဲ့သူ၊ ပါရီမှာ ကာဖီသောက်နေတဲ့သူတွေလည်း ရှိခဲ့ပြီ။ သူတို့တတွေရော။ ရွာကို သတိရသေးရဲ့လား မသိ။
         ကိုယ်ကတော့ သတိရရုံတင်မဟုတ်။ ပြန်ကိုပြန်ချင်နေတာပါ။ ကမ္ဘာကျော် တရုတ်စစ်သူကြီးတစ်ယောက် ပြောဖူးတာကတော့ “လူဆိုတာ ဘ၀မှာ ဘယ်လောက်ပဲ အောင်မြင် အောင်မြင်၊ ကိုယ့်မွေးရပ်ဇာတိရွာကို ပြန်ပြီး အဲသည်အောင်မြင်မှုတွေကို မပြနိုင်လို့ရှိရင် ၀ါးလုံးခေါင်းထဲမှာ လသာနေရသလိုပဲ။ ဘာအဓိပ္ပါယ်မှ မရှိဘူး။” တဲ့။ ကိုယ့်အမေတွေ အဖွားတွေကတော့ စုမိဆောင်းမိရှိလို့ အလှူအတန်းလုပ်ရင် ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်လှူပြီး မိဘဘိုးဘွား ဆွေမျိုးညာတကာတွေကို အမျှဝေတယ်။ ကိုယ့်စိတ်သဘောကတော့ ရွာကလူတွေဆီပြန်ပြီး ပလွှားကြွားဝါပြတာမျိုးလည်း ၀ါသနာ မပါဘူး။ ဝေငှပေးကမ်း လှူဒါန်းလောက်အောင်လည်း လူတန်းမစေ့ဘူး။ ဒါပေမယ့် တတ်ထားတဲ့ပညာကလေးနဲ့တော့ ကိုယ့်နယ်ကိုပြန်ပြီး ဆေးကုပေးချင်တဲ့စိတ်တွေ လောက်ကိုင်မှာကတည်းက ဖြစ်တယ်။ သူများရပ်ရွာမှာ တခါတလေ အုပ်စုအားကိုးနဲ့ အနိုင်ကျင့်ကြတာတွေ၊ ပညာပြတာတွေ ကိုယ်လည်း ခံရတာပါပဲ။ နောင်ကျတော့ မေ့ပလိုက်တယ်ဆိုပေမယ့် အဲသလို လူတဘက်သားက သရော်မော်ကား ရမ်းကားရိုင်းပြတဲ့ အပြုအမူတွေကို သည်းညည်းနေခံရတဲ့အခါဆိုရင် သည်လူတွေကို ငါ့ပညာနဲ့အလုပ်အကျွေးပြုမယ့်အစား ငါ့ရပ်ငါရွာမှာ ငါ့ဆွေငါ့မျိုးတွေကိုပဲ ပြန်ကုပေးလိုက်ရရင် ကုသိုလ်မရတောင် ပီတိတော့ ဖြစ်ရမှာပဲလို့ အောင့်မေ့မိတယ်။ ဆွေရိပ်မျိုးရိပ်ကို ပြန်တမ်းတတယ်။ ၀န်ထမ်းဘ၀ဆိုတာကတော့ ထားရာနေ စေရာသွားရတာကိုး။ နောက်ဆုံးတော့ ရောက်တဲ့အရပ်က တွေ့တဲ့သူကို ကိုယ့်ဆွေကိုယ့်မျိုးလို သဘောထားရတယ်။ အသက်မွေးဝမ်းကျောင်းဘ၀ကို လူနာတွေပိုင်တယ်။ ပုဂ္ဂလိကဘ၀ကိုတော့ သမီးကပိုင်တယ် လို့သဘောထားပြီး အဲသည်နှစ်ခုကြားမှာ ချိန်ခွင်လျှာ ညှိရတဲ့အတွက် ရန်ကုန်မှာ ပြန်နေရတယ်။ ဒါပေမယ့် ကိုယ့်စိတ်က နယ်မှာ ပိုပျော်တယ်။ ရွာကို ပိုလွမ်းတယ်။ သည်ဘ၀မှာ ကိုယ့်နယ်ကိုယ်ပြန် ဆေးကုမပေးနိုင်သေးသရွေ့ ဆရာဝန်ဖြစ်ရကျိုးနပ်ဦးမှာ မဟုတ်ဘူး လို့ အကြွေးစာရင်းမှတ်ထားတယ်။ မသေခင်တော့ ဆပ်ချင်ပါသေးရဲ့လေ။

No comments: