Tuesday, March 26, 2013

“အဆိုတော်မွန်းအောင် ရဲ့ နိုဘယ်လ်ဆု ကင်ပိန်း”



“အဆိုတော်မွန်းအောင် ရဲ့ နိုဘယ်လ်ဆု ကင်ပိန်း”

သမတဦးသိန်းစိန် နိုဘယ်ဆု ရာထားချက် စာရင်းထဲ ထပ်ပါမလာအောင် လာမဲ့မေလအတွင်း တေးဂီတနဲ့ လှို့ဆော်တဲ့ ကင်ပိန်းတခု လုပ်သွားမဲ့အကြောင်း နော်ဝေးနိုင်ငံမှာနေထိုင်နေတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောပါတယ်။
“ ဦးသိန်းစိန်ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်သူမဟုတ်ဖူး၊ မြန်မာပြည်မှာ သူ့ထက်ပိုပြီး ထိုက်တန်သူတွေ အများကြီးရှိတယ်၊ ဒီမိုကရေစီကို နှိပ်ကွပ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း တယောက်ကို နိုဘယ်ဆုအတွက် ရာထားတာကိုက သိတ်ပြီးရှက်စရာ ကောင်းနေပြီ” လို့ ကိုမွန်းအောင်က ပြောပါတယ်။
မြန်မာ သမတ နိုဘယ်လ်ဆုစကာတင် ရွေးချယ်တဲ့ အဆင့်ထိ တက်မလာအောင် အဆိုတော်ကိုမွန်းအောင်နဲ့ အတူ သူ့မိသားစုနဲ့ နော်ဝေးရောက် မြန်မာမျိုးချစ်တွေစုပေါင်းပြီး အော်စလိုမြို့လည်မှာ နိုင်ငံရေးတေးသီချင်းတွေ သီဆို လှို့ဆော်မဲ့ အစီအစဉ်တွေလုပ်သွားမယ်လို့ သိရပါတယ်။
“ကျနော်တို့ တီရှပ်တွေဝတ်ပြီး သီချင်းဆိုမယ်၊ ဘယ်သူမဆိုလွတ်လွတ်လပ်လပ်ဆိုလို့ရအောင် ဂစ်တာနဲ့ မိုက်ကရိုဖုံးတွေ တပ်ဆင်ထားမယ်၊ ဦးသိန်းစိန်ကို ဘာကြောင့် ကျနော်တို့ ကန့်ကွက်နေရသလဲဆိုတဲ့ အကြောင်းရှင်းပြထားတဲ့ စာရွက်တွေ လိုက်ဝေငှမယ်၊ ပိုစတာတွေထောင်ပြီး မတရားအစိုးရ ဆန့်ကျင်ရေး ကင်ပိန်းတွေလုပ်မယ်” လို့ တချိန်က မြန်မာပြည်မှာ နာမည်ထင်ရှားခဲ့တဲ့ အဆိုတော် ကိုမွန်းအောင်က ပြောပါတယ်။ မြန်မာနိုင်ငံသမတ ဦးသိန်းစိန်ကို ၂၀၀၈ခုနှစ်ရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်နိုင်ငံသမ္မတ Martti Ahtisaari က ၂၀၁၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အတွက် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ ဖေဖ၀ါရီလအတွင်း ဦးသိန်းစိန်ရဲ့ ဖင်လန်နိုင်ငံခရီးစဉ်အတွင်း ဖင်လန်သမတ က ဦးသိန်းစိန် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရနိုင်တယ်လို့ ကြိုတင်နမိတ်ဖတ်သွားပါတယ်။ ဖင်လန်သမ္မတနဲ့ အဖွဲ့ ဟာ မိမိတို့အမည်တင်သွင်းခဲ့သူ မြန်မာသမတ ငြိမ်းချမ်းရေးဆုရနိုင်ဖို့ နော်ဝေးအခြေစိုက် နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကို လည်းလှို့ဆော်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
“ ဦးသိန်းစိန်က တချိန်ကစစ်အာရှင်စနစ်ကို ထမ်းပိုးခဲ့သလို ဒီကနေ့ထိလည်း နောက်ကွယ်ကအာဏာရှင်စိတ်ကြိုက် နိုင်ငံရေးလမ်းစဉ်ကို အကောင်ထည်ဖော်ပေးရသူဖြစ်တယ်။ တချိန်က စစ်အစိုးရမှားခဲ့တာတွေကို ခုထိ ၀န်ချတောင်းပန်ဖို့ မှုလေးတောင် မလုပ်ခဲ့ဖူး။ ဘယ်နိုင်ငံအစိုးရပဲဖြစ်ဖြစ် အရင်အစိုးရမှားလို့ ပြည်သူတွေဆင်းရဲဒုက္ခရောက်ရင် လူသိရှင်ကြား တောင်းပန်လေ့ရှိကြတယ်” လို့ ကိုမွန်းအောင်ကထောက်ပြပါတယ်။ နိုဘယ်လ်ဆု အမည်စာရင်းတင်သွင်းသူခံရတွေထဲမှာ သမတဦးသိန်းစိန်နာမည်ပါဝင်ပေမဲ့ သူဟာ ဆုရဖို့တော့ မျော်လင့်ချက် နည်းပါးသူလို့လည်း အများက ထင်ကြေးပေးကြပါတယ်။ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီရဲ့ ဆုရွေးချယ်ခံရသူတချို့ဟာ သက်ဆိုင်ရာနိုင်ငံကပြည်သူတွေနဲ့ နိုင်ငံတကာတတ်သိပညာရှင်တွေအကြား ဝေဖန်မှုတွေနဲ့ အငြင်းပွားစရာတွေလည်းရှိခဲ့ပါတယ်။ ဒါကြောင့် သမတဦးသိန်းစိန်ကို ဒုတိယ စကာတင်အဆင့် နာမည်စာရင်းထဲ မပါနိုင်ဖူးလို့လည်း တပ်အပ်ပြောလို့မရနိုင်ပါ။ မြန်မာပြည်မှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ မိထ္တီလာ ကဘာသာရေးအကြောင်းပြု အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မတည်မငြိမ်မှုတွေဟာ အစိုးရကိုင်တွယ်မှု ညံ့ဖျင်းချက်ကြောင့်လို့ လူအများက ရှု့မြင်နေပါတယ်။
မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိခဲ့ပေမဲ့ မြန်မာပြည်တွင်းစစ် ငြိမ်းချမ်းရေး သာမက ဘာသာရေးအဓိကရုန်းတွေမှာတောင် ၀င်ရောက်ဖြေရှင်းပေးနိုင်တဲ့ အခန်းကဏ္ဍမျိုး မရရှိခဲ့ပါဖူး။ သမတဦးသိန်းစိန် အစိုးရကလည်း ပြည်သူတွေ အမှန်တကယ်လိုအပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီမြှင့်တင်ရေးနဲ့ ပဋိပက္ခများ လျော့ကျရေးကိစ္စရပ်တွေမှာ ကမ္ဘာ့ခေါင်းဆောင်အဆင့်နဲ့ ထင်ရှားတဲ့ ကိုယ့်နိုင်ငံက နိုဘယ်လ်ဆုရှင်ကို အားမကိုးပဲ စစ်တပ်အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လက်ပံတောင်းတောင်လို အငြင်းပွားစရာကိစ္စရပ်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံအသုံးပြုထားတာကိုတွေ့ရပါတယ်။ ဒီအတွက်လည်း သမတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကို ပြည်သူသူအများက သံသယဖြစ်စေခဲ့ပါတယ်။ သမတဦးသိန်းစိန်အဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ လွှတ်တော်နိုင်ငံရေးနယ်ပယ်အတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ လှို့ဝှက်ယုံကြည်မှုတချို့ကို တစုံတရာထိ ရရှိနေပေမဲ့ မြန်မာပြည်သူ တွေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ ယုံကြည်မှုကတော့ အလှမ်းကွာနေဆဲလို့နိုင်ငံရေးလေ့လာသူအများကယူဆနေပါတယ်။

သတင်းထောက် ကိုညို။

No comments: