Monday, March 18, 2013

ပြင်ပ ပယောဂ အလိုရှိသည်

ပြင်ပ ပယောဂ အလိုရှိသည်

အောက်တိုဘာလဆန်းတုန်းက ရေးခဲ့တဲ့ ဆောင်းပါးပါ။ အဲဒီတုန်းက လက်ပံတောင်းမှာ ပြင်ပ နိုင်ငံရေး ပယောဂတွေ ပါတယ်လို့ ဗိုလ်သိန်းစိန်က ပြောလို့ ဒီဆောင်းပါးရေးခဲ့တာပါ။ လူထုလှုပ်ရှားမှု တခုကို ဖိနှိပ်သူတွေက သင်းသတ်ချင်တဲ့အခါ ဘယ်လို ကောက်ကျစ်တတ်တယ်ဆိုတာကို ဖော်ထုတ်ဖို့နဲ့ လူထုနဲ့ ခေါင်းဆောင်တွေ အကြား သွေးခွဲတာကို တားဆီးဖို့ ရည်ရွယ် ရေးသားခဲ့တာပါ။ အခု ဟန်ဝင်းအောင် မြှောက်ပေးတယ်ဆိုတဲ့ စကားဟာ ဘယ်အတွေးအခေါ်ကလာတယ်ဆိုတာ မြင်သာအောင် အသစ်မရေးပဲ အဟောင်းကို ပြန်တင်လိုက်ပါတယ်။ လက်ပံတောင်းမှာ အပြင်လူတွေ ဝင်ကူတာကို ပထမဆုံး လက်ညှိုးထိုးတဲ့သူက ဦးသိန်းစိန်ပါ။ လယ်သမားတွေကို ရန်ကုန်ကလူတွေ ဝင်မပါနဲ့.... ရန်ကုန်ကလူတွေက မြှောက်ပေးနေတယ်လို့ ပြောတဲ့သူတွေဟာ သူတို့ကပဲ လယ်သမားတွေကို ဆရာလုပ်ချင် ညာချင်တဲ့သူတွေက ပြောနေကြတာပါ။ သူတို့ညာလို့ မရမှာ စိုးလို့ ပြောနေကြတာပါ။ အဲသလို ပြောတဲ့သူတွေလည်း တကယ်တော့ ရွာသားတွေ မဟုတ်ကြပါဘူး။

ဒီအချိန်မှာ လက်ပံတောင်း အတွက် အလိုအပ်ဆုံးက သူတို့စွပ်စွဲနေတဲ့ ပြင်ပ ပယောဂတွေလိုနေတာပါ။ ပြင်ပက နိုင်ငံရေးသမားတွေက လယ်သမားတွေကို တတ်နိုင်သလောက် အားပေးကူညီကြဖို့ အင်အားဖြည့်တင်းဖို့လိုတာပါ။ လယ်သမားတွေက လက်ခံနေသမျှ၊ ကြိုဆိုနေသမျှ၊ လယ်သမားတွေရဲ့ အကျိုးစီးပွားကို မဆန့်ကျင်သမျှ အဲသလိုအကူအညီတွေ များများ လိုအပ်ပါတယ်။ ဒါဟာ အကူအညီပါ။ လယ်သမားတွေအကျိုးကို မဆန့်ကျင်ရင် လယ်သမားဒုက္ခရောက်အောင် လုပ်ပြီး သူတို့ကိုယ်ကျိုးရှာတာ မဟုတ်ရင် တကယ်တော့ ပြင်ပ ပယောဂ မဟုတ်ပါဘူး။ လယ်သမားတွေကို ထိုးကျွေးပြီး အစိုးရနဲ့ နိုင်ငံရေး အပေးအယူလုပ်၊ သင့်မြတ်ရေးလုပ်တဲ့လူတွေနဲ့ စာရင် အဲဒီပယောဂ အစွပ်စွဲခံရသူတွေရဲ့ စေတနာက အများကြီးပိုသန့်စင်ပါတယ်။

လယ်သမားတွေအတွက်လုပ်ပါတယ်၊ လယ်သမားတွေ အကျိုးကြည့်ပါတယ်လို့ ဘယ်လောက်ပဲ ပြောပြော လက်တွေ့မှာ ထွက်လာတဲ့ ရလဒ်က လယ်သမားတွေ အကျိုးကို ဆန့်ကျင်နေရင် ဘယ်လိုလူကြီးဖြစ်နေ၊ ဖြစ်နေ အလကားပါပဲ။
 
 

လက်ပံတောင်းကို ကာကွယ်၊ လယ်သမားတွေကို ဝိုင်းရံ

by Zaw Win (Notes) on Tuesday, October 2, 2012 at 6:36am
လက်ပံတောင်း လှုပ်ရှားမှု ပြန်အားယူနေပါပြီ။ သူတို့တတွေ စိတ်ဓါတ်အညွန့်မကျိုးကြ။ သာမန် လယ်သမားတွေ ဖြစ်ပြီး ဒီလောက်ကြီးတဲ့ ဖိနှိပ်မှုတွေကြုံရတာတောင် နောက်မတွန့်ကြ။ ဒီလောက် လှည့်ကွက်တွေသုံးပြီး အကောင်းဆုံး ရွှေပြည်အေးသမားတွေ ထုတ်သုံးတာတောင် မတွေဝေ မယိမ်းယိုင်ကြ။ လက်ပံတောင်း စိတ်ဓါတ်ဟာ လေးစားလောက်စရာ သူရဲကောင်းစိတ်ဓါတ်လို့ ဆိုရပါတော့မယ်။ လယ်သမားတွေဘက်က တာဝန်ကျေပါတယ်။ ကျန်တဲ့ ပြည်သူတွေ ဝိုင်းရံကြဖို့ လိုနေပါပြီ။

ဒီလို အချိန်မျိုးမှာ ဦးသိန်းစိန်က နောက်ကွယ်မှာ နိုင်ငံရေး ပယောဂတွေ ပါတယ်လို့ ထုတ်ပြောလိုက်တယ်။ ဆိုချင်တာကတော့ နိုင်ငံရေးသမားတွေက မြှောက်ပေးနေတယ်ပေါ့။ ဒီစကားကနေ ဆင့်ပွားလာမယ့် အန္တရာယ်တွေကို လယ်သမားတွေနဲ့ အမှန်တရားကို ချစ်မြတ်နိုးသူတွေ လက်ပံတောင်းကို ချစ်မြတ်နိုးသူတွေဘက်က ကြိုတင်သိမြင်ပြီး  ကာကွယ်ထားကြဖို့လိုပါလိမ့်မယ်။

ဦးသိန်းစိန်က နောက်ကွယ်မှာ နိုင်ငံရေး ပယောဂ ပါနေတယ်လို့ပြောတာဟာ အခြေခံလူတန်းစားဖြစ်တဲ့ လယ်သမားတွေက သူ့ကို ဆန့်ကျင် အံတုနေတာကို  ဝန်မခံရဲလို့ နိုင်ငံတကာ ရှေ့မှောက်မှာ အရှက်ပြေ ပြောတဲ့ စကားပါ။

ဒါပေမဲ့ ဒီစကားကို ကိုးကားပြီး လက်ပံတောင်းအရေးမှာ ကျေးရွာပြင်ပက နိုင်ငံရေးသမားတွေ ဝင်မပါဖို့ အစိုးရ အလိုတော်ရိတွေက ပြောလာကြလိမ့်မယ်။ အဲသလို ပြောခဲ့ရင် ပြည်သူတွေ နားမယောင်ကြဖို့ အရေးကြီးပါတယ်။ ခေါင်းဆောင်တွေလည်း နားမယောင်ကြဖို့ အရေးကြီးပါတယ်။

အလိုတော်ရိ ကြားလူတွေက ပြောကြပါလိမ့်မယ်။ မင်းတို့ နိုင်ငံရေးသမားတွေ ဝင်ပါရင် အစိုးရက နိုင်ငံရေး ပယောဂ ပါတယ်လို့ ထင်လိမ့်မယ်။ အဲသလို နိုင်ငံရေး ပယောဂပါတယ်လို့ သူတို့က ထင်ရင် အဲဒါကို အကြောင်းပြပြီး နှိမ်နင်းဖြိုခွဲလိမ့်မယ်။ သူတို့ဘက်က အဲသလို အကြောင်းပြချက်ရှာမရအောင် မင်းတို့ ဝင် မပါဘဲ ရှောင်နေကြ။ လယ်သမားအရေးကို လယ်သမားတွေပဲ လုပ်ပါစေလို့ ပြောကြလိမ့်မယ်။

ဒါဟာ ခေါင်း ဆောင်နဲ့လူထုကို သွေးခွဲတဲ့ နည်းပါ။  ကိုယ့်လူ သူ့ဘက်သား လုပ်တဲ့ လုပ်ရပ်ပါ။ ကိုယ့်ကို စေတနာထား သလိုလိုနဲ့ ဖိနှိပ်သူ  အကြိုက်ခွင်ထဲဝင်အောင် သွင်းတဲ့ အပြောမျိုးပါ။ ဒီလို အပြောမျိုးဟာ လူထုလှုပ်ရှားမှုကို အားနည်းအောင် လုပ်တဲ့ အပြောမျိုးသာ ဖြစ်တဲ့ အတွက် ဒီလို အပြောမျိုးကို ခေါင်းဆောင်တွေရော၊ လူထု ကပါ နားမယောင်ကြဖို့ အရေးကြီးပါတယ်။

လက်ပံတောင်းအရေးမှာ အဓိကလူထုဟာ လက်ပံတောင်း ဒေသခံရွာသားတွေ ဖြစ်ပါတယ်။ ဒါမှန်ပါတယ်။ ဒါပေမဲ့ လက်ပံ တောင်းပတ်ဝန်းကျင် ရွာသားတွေသက်သက်နဲ့သာ ဆိုင်တဲ့ အရေး အခင်းသေးသေး လေးမျှသာ မဟုတ်ပါဘူး။ တနိုင်ငံလုံး ပြည်သူလူထုနဲ့ ဆိုင်တဲ့ အရေးအခင်းကြီးပါ။ အဲဒီဒေသမှာရှိတဲ့ တောင် ၃၃ လုံးကို ထိန်းသိမ်း ကာကွယ် ရေးဟာ တနိုင်ငံလုံး ပြည်သူတွေရဲ့ အရေးပါ။ နိုင်ငံရေးသမားရော၊ ကျောင်းသားရော၊ စာပေ အနုပညာရှင်တွေ၊ တတ်သိပညာရှင်တွေပါ အားလုံးဝိုင်းဝန်းကြရမှာပါ။ လက်ပံ တောင်းရွာသားတွေရဲ့ အား သက်သက်နဲ့ ဦးပိုင်လို၊ ကြံ့ဖွံ့လို အင်အားကြီးတဲ့ ဖိနှိပ်သူတွေကို ရင်ဆိုင်ဖို့ မလွယ်ပါဘူး။ ဦးပိုင်၊ ဝမ်ပေါင်နဲ့ ကြံ့ဖွတ်တို့ဟာ ပညာသားပါပါ၊ ပရိယာယ်ကြွယ်ဝစွာနဲ့ နည်းမျိုးစုံသုံးပြီး ဖြိုခွဲဖို့ ကြိုးစားမှာပါ။ ကြိုးလည်း ကြိုးစားနေပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ ကြားက ဝင်ပြီး ဖြန်ဖြေလာလောက်အောင် အထိ ကြံ့ဖွတ်ဘက်က စည်းရုံး နိုင်တယ်ဆိုတာ နည်းနည်းနောနော ပရိယာယ် မဟုတ်ပါဘူး။  ဒီတော့ နိုင်ငံရေး သမားတွေ၊ လှုပ်ရှား တက်ကြွ သူတွေရဲ့ ခေါင်းဆောင်မှု၊ ဝိုင်းရံမှုတွေ မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေဟာ အစိုးရနဲ့ အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးသူတွေ ဖြစ်တဲ့ အတွက် နည်းနာပိုင်း မှာ အကူအညီ အများကြီး ပေးနိုင်ကြပါလိမ့်မယ်။ အဲသလို နိုင်ငံရေးသမားတွေရဲ့ အကူအညီနဲ့ အင်အားပိုကောင်းပြီး စည်းစနစ်တကျ ပိုဖြစ်လာတာကို ဦးသိန်းစိန်က ကြောက်လို့ ပယောဂတွေ ပါတယ် စွပ်စွဲနေတာပါ။ ဖယ်ထုတ်ဖို့ ခွဲထုတ်ဖို့ ကြိုးစားနေတာပါ။ လယ်သမားတွေ အထီးကျန်ဖြစ်အောင် လုပ်နေတာပါ။

ဘာကြောင့် ဒါတွေကို ဒီလို စိုးရိမ်ပြီး ကြိုတင်သတိပေးနေသလဲဆိုတော့ ရှေ့မှာ ဒါမျိုးဥပမာ ပူပူနွေးနွေး ရှိထားပြီးမို့ပါ။ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးသန့်က ကိုဟန်ဝင်းအောင်ကို မင်းဒီရွာမှာ ဆက်မနေနဲ့ ၊ မင်းရွာမှာရှိနေရင်  သူတို့က ရွာထဲကို ဇွတ်ဝင်ဖမ်းလိမ့်မယ်။ မင်းကြောင့် ရွာသားတွေ ဒုက္ခရောက် လိမ့်မယ်လို့ ပြောပြီး နှင်ထုတ် ခဲ့တဲ့ ဥပမာရှိခဲ့လို့ပါ။ ကိုမျိုးသန့်ရဲ့ ဒီစကားဟာ ခေါင်းဆောင်နဲ့ လူထုကို သွေးခွဲတဲ့ စကားဖြစ်ပါတယ်။ လူထုကို စေတနာထားသလိုလိုနဲ့ အမှန်စင်စစ်မှာတော့ လူထု ကိုခေါင်းဆောင်သူမဲ့ပြီး အားနည်း ပျော့ညံ့ သွားအောင် လုပ်တဲ့ စကားဖြစ်ပါတယ်။

ဒီစကားမျိုးဟာ ခေါင်းဆောင်တွေကို သိပ်စိတ်ထိခိုက်စေတဲ့ စကားမျိုးပါ။ ဒီစကားကြောင့် ကိုဟန်ဝင်းအောင် ပြန်ဆုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီစကားဟာ နောက်ကွယ်မှာ ထောင်ချောက်ကိုပါ တခါတည်း ဆင်ထားပြီးသားဖြစ်ပါတယ်။ တကယ်လို့ ကိုဟန်ဝင်းအောင် ပြန်မဆုတ်ခဲ့လို့ ပြဿနာတက်ခဲ့ရင် ဟန် ဝင်းအောင် မင့်ကြောင့်လို့ လက်ညှိုးထိုးဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဆို တာ အဝေဖန်ခံနိုင်ရပါမယ်။ ဘယ်သူတွေ ဘယ်လိုပင် ဝေဖန်စေကာမူ ကိုယ့်ပြည်သူ၊ ကိုယ့်လူထုရှေ့မှာ မား မားမတ်မတ် ဆက်လက်ရပ်တည်ရဲဖို့ လိုပါတယ်။

တကယ်တော့ ကိုဟန်ဝင်းအောင် ဆုတ်မပေးခဲ့လို့ စစ်တပ်နဲ့ ရဲက ရွာကို ဝင်စီးခဲ့ရင် စစ်တပ်နဲ့ ရဲရဲ့ အပြစ်သာ ဖြစ်တယ်။ ဦးပိုင်နဲ့ ကြံ့ဖွတ်ရဲ့ အပြစ်သာဖြစ်တယ်။ စစ်နဲ့ ရဲကို အပြစ်မတင်ဘဲ ကိုဟန်ဝင်းအောင် ကို အပြစ်တင် တာဟာ စစ်နဲ့ရဲဘက်ကို ဖေးမပြီး ခေါင်းဆောင်နဲ့လူထုကို သွေးခွဲတာသက်သက်သာ ဖြစ်တယ်။ တကယ်တော့ ရွာသားတွေနဲ့ ခေါင်းဆောင်တွေဟာ အပြန်အလှန် အကာအကွယ်ပေးနေကြတာ ဖြစ်တယ်။ ရွာသားတွေ မတရား အလုပ်ခံရတာကို မခံရအောင်၊ လွတ်မြောက်အောင် ခေါင်းဆောင် တွေက အကာအကွယ်ပေးတယ်။ ခေါင်းဆောင်ကို ဖဲ့ပြီး၊ ကွက်ပြီး နှိမ်နင်းဖြိုခွဲလို့မရအောင် လူထုက သူတို့ ခေါင်းဆောင်ကို အကာအကွယ်ပေးတယ်။ ဒါဟာ လူထုရဲ့ နိုင်ငံရေးရင့်ကျက်မှုကို ပြတာပဲ ဖြစ်တယ်။ ခေါင်းဆောင်ကို ထိန်းသိမ်းရမယ်၊ ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ရှိတာဟာ လူထု ရဲ့ နိုးကြားမှု နိုင်ငံရေး အသိရှိမှုကို ပြတာဖြစ်တယ်။ ဒီသွေးစည်းညီညွတ်မှုဟာ ဖိနှိပ်သူကို တုန်လှုပ်စေတဲ့ သွေးစည်း ညီညွတ် မှုမျိုးဖြစ်တယ်။ ဖိနှိပ်သူဟာ စစ်တပ်ကလာတဲ့သူတွေဖြစ်တယ်။ စစ်ဗျူဟာကို ကျွမ်းကျင် နားလည်ကြတယ်။ ခေါင်းနဲ့ကိုယ်ကိုခွဲထုတ်နိုင်ရင် ခေါင်းက အကာအကွယ်မဲ့ပြီး ကိုယ်ကချိနဲ့ အားနည်း သွားမယ်ဆိုတာကို ကောင်းကောင်းနားလည်ပြီးသားဖြစ်တယ်။ ဒါ့ကြောင့်နည်းမျိုးစုံသုံးပြီးခွဲထုတ်နေတာ ဖြစ်တယ်။

တကယ်တော့ လူထုဟာ ခေါင်းငုံ့ပြီးလုပ်သမျှခံမယ်၊ ပြဿနာထပ်အတက်မခံဘူးဆိုရင် အစကတည်းက ကိုယ့်အိမ်မှာ အေးအေးနေလိုက်ရင် ပြီးတာပဲ။ လူထုက ဒီလိုတိုက်ပွဲဝင်နေတယ်ဆိုတာဟာ ကိုယ့်အခွင့်အ ရေးကို ထိုက်ထိုက်တန်တန်လိုချင်လို့ တိုက်ပွဲဝင်နေတာ။ မတရားလုပ်တာကို ခေါင်းငုံ့ မခံချင်လို့ တောင်းဆို နေတာ။ ဒါကို အိမ်ပြန်ပြီး အေးအေးဆေးဆေးနေကြပါ။ ခင်ဗျားတို့ အိမ်ပြန်ပြီး အေးအေးဆေးဆေးနေရင် အစိုးရက မဖမ်းအောင် ကျနော်တို့ အကူအညီပေးပါမယ်ဆိုတာဟာ လူထုကို စော်ကားတာဖြစ်ပါတယ်။ လူထုကို ခေါင်းငုံ့ခံလိုက်ကြပါလို့ပြောတာဖြစ်တယ်။ လာမယ့်ဘေး ပြေးတွေ့ဖို့ ဆုံးဖြတ်ထားတဲ့ လူထုကို ရန်မလိုမှ ရန်ပြိုမယ်လို့ ပြောပြီး ရွှေပြည်အေးတရားဟောနေတာသာ ဖြစ်တယ်။

၈၈  မျိုးဆက်ကျောင်းသားခေါင်းဆောင်  ကိုမင်းကိုနိုင်ရဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကရန်ကုန်မှာ ပြောသွားတဲ့ စကားဟာ အားတက်စရာကောင်းတယ်။ ဒီစကားတွေကို ကြိုဆိုပါတယ်။ ဒါဟာ မူလ မင်းကိုနိုင်ပဲလို့ မျှော်လင့်ချက်ထားမိပါတယ်။ ဒါပေမဲ့ အပြောသက် သက်နဲ့တော့ ရာနှုန်းပြည့် ယုံကြည် လိုက်ဖို့ ခက်တယ်။ သူတို့ ၈၈ အဖွဲ့ဟာ ပထမတခါ ဖိနှိပ်သူဘက်က ရပ်တည်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိသွားခဲ့ပြီ။ အဲဒီအစဉ်အလာ၊ အဲဒီအမည်းစက်ကို အပြောသက်သက်လောက်နဲ့ တော့ ဖျက်လို့ မရဘူး။ အလုပ်နဲ့ သက်သေပြနိုင်မှသာ အမည်းစက်ကို ဆေးကြောနိုင်မှာ ဖြစ်တယ်။ ၈၈ ထဲမှာ လူထုဘက်က ရပ်ချင်တဲ့သူတွေရှိသလို ခရိုနီတွေဘက်ကရပ်ချင်တဲ့သူတွေလည်းရှိနေတယ်လို့ ကြားနေကြရတဲ့ အတွက် ၈၈ မျိုးဆက်ရဲ့ လုပ်နည်းလုပ်ဟန်ကို သတိထားကြဖို့လိုပါမယ်။ ဂရုတစိုက် ဝေဖန်ပိုင်းခြားဖို့လိုပါမယ်။
လူထုလှုပ်ရှားမှုတခုမှာ ခေါင်းဆောင်တွေကလည်း သွေးခွဲဝေဖန်တာကို မတုန်လှုပ်ပဲ အရေထူမယ်၊ ကြံ့ခိုင်မယ် ဆိုရင်၊ လူထုက လည်း သွေးခွဲသပ်လျှိုတာကို နားမယောင်ဘဲ ခေါင်းဆောင်ကို အကာအကွယ် ပေးထားမယ်ဆိုရင် ညီညွတ်ရေးဟာ သွေးစည်းခိုင်မာနေလိမ့်မယ်။ ဒီလိုသွေးစည်းခိုင်မာမှုမျိုးရှိမှ အောင်မြင်မှု ရနိုင်မှာဖြစ်တယ်။ နိုင်ငံရေးသမားရော၊ ကျောင်းသားရော၊ စာပေ အနုပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေပါ ဝိုင်းရံ အားဖြည့်ကြဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၃၊ အောက်တိုဘာ၊ ၂၀၁၂။

No comments: