Wednesday, March 20, 2013

ဆရာဝန်နဲ့ အီးစီနဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဆမ


by Charlatans Toubib (Notes) on Tuesday, March 19, 2013 at 10:52am
(အချက်အလက် အသစ်သိရရင် သိရတဲ့အတိုင်း Edit လုပ်ပါတယ်)
ကျွန်တော့်အနေနဲ့ ဘယ်သူ့ကိုမှ ချောက်ချလိုခြင်း အလျင်းမရှိပါခင်ဗျာ။ တစ်ခရီးအတူ မသွားပေမယ့် တစ်လှေတည်းစီးနေကြတာဖြစ်တဲ့အတွက် လှေမြုတ်ရင် ကျွန်တော်လဲ ဒုက္ခရောက်မှာဖြစ်တဲ့အတွက် လှေဗိုက်ဖောက်ဖို့ စိတ်ကူးမရှိကြောင်း ပြောပါရစေ။ ဒါကြောင့် ယေဘူယျသဘောဆန်တာတွေကိုပဲ ရေးပါမယ်။

အဓိကကတော့ ဆရာဝန်တွေနဲ့ ပက်သက်ပြီး အဆီအလျော်မတည့်ဖြစ်နေတာတွေကို ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးဆီ ဦးတည်ပြောချင်တာပါ။

ဝန်ကြီးအနေနဲ့ မူဝါဒတွေကို သိကောင်းသိပေမယ့် ဘယ်သို့ဘယ်ပုံ အကောင်အထည်ဖော်နေတယ်ဆိုတာကို အသေးစိတ်သိဖို့ ခက်ပါတယ်။ အဲဒီအခါမှာ မူဝါဒကို အကောင်အထည်ဖော်တဲ့သူတွေက လက်တစ်လုံးခြားလှည့်ပြီး ကိုယ်ဖြစ်စေချင်သလို အကောင်အထည်ဖော်တာတွေ ဖြစ်လာပါတယ်။

ဆရာဝန်နဲ့ EC နဲ့ နိုင်ငံကူးလက်မှတ်
အခု ဆရာဝန်တွေ စိတ်ဝင်စားနေကြတဲ့ EC ကိစ္စကိုပဲ ကြည့်ပါ။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က မတောင်းတော့ပါလို့ ဆိုနေတဲ့အချိန်မှာ ဆေးသိပ္ပံပညာဦးစီးဌာနက ပုဂ္ဂိုလ်ကြီးလတ်ငယ်အချို့တွေရဲ့လေသံက ဝမ်းမြောက်ဝမ်းသာမရှိပဲ အစာနင်နေတဲ့အသံထွက်နေတာ တွေ့ရပါတယ်။ (ဒင်းတို့ပဲ ဝန်ထမ်းပြေး၊ ဝန်ထမ်းပြုတ် ဒီတစ်သက်မဖြစ်တော့မယ့် အပေါက်မျိုး) ဒါကြောင့်လဲ ဒီ Note ကို ရေးတာပါ။ ထွက်ချင်တိုင်းပေးထွက်နေရင် တစ်ယောက်မှ ကျန်မှာမဟုတ်ဘူးလို့ စိုးရိမ်စိတ်နဲ့ စိုးရိမ်နေသူတွေလဲ ရှိကောင်းရှိနိုင်ပေမယ့် ပေါင်းသင်းလာခဲ့တဲ့ကာလရှည်အတွေ့အကြုံအရ အင်မတန်နည်းပါးပါတယ်။
-------------

ပြည်ပကို အကြောင်းတစ်ခုခုကြောင့် ခေတ္တခဏဖြစ်စေ သွားချင်တဲ့ ဆေးပညာဘွဲ့ရတွေဟာ ဒီ EC ကိစ္စကြောင့် အခက်အခဲ ဖြစ်ရပါတယ်။

ဆမ မရှိရင် EC မရဘူးဆိုတာကို ဝန်ကြီး သိမှ သိပါစ။

ဆမ မရှိသူဆိုတာ အမျိုးမျိုးရှိနိုင်ပါတယ်၊

တစ်မျိုးက ထုတ်ပယ်ခံဝန်ထမ်းတွေပါ။ မြန်မာနိုင်ငံဆေးကောင်စီဥပဒေအရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရန်ပျက်ကွက်သူတွေကို ကာလအတိုင်းအခြားတစ်ခုအထိ ဆမ ပိတ်သိမ်းပါတယ်။ အဲဒီသူတွေဟာ ပြည်တွင်းမှာ ဆရာဝန်လုပ်စားလို့မရပါဘူး။ တကယ်တမ်းကတော့ ဒီလူတွေဟာ ဝန်ထမ်းစည်းကမ်းကို ဖောက်ဖျက်ပေမယ့် ဆရာဝန်ကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့သူတွေမဟုတ်ပါဘူး။ ဒါပေမယ့်လဲ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ဥပဒေပုဒ်မနဲ့ ဆမအသိမ်းခံရပါတယ်။ ခက်တာက အဲဒီလူတွေဟာ ပြည်ပကို အကြောင်းတစ်ခုခုနဲ့ ခေတ္တခဏပဲဖြစ်ဖြစ် သွားလာဖို့လိုလာရင် နိုင်ငံကူးလက်မှတ်မရပါဘူး။ (ထွက်နေတာပဲလို့တော့ မပြောစေချင်ပါ)

ပညာသင်လျော်ကြေးကို မပေးလို့ အမည်မည်းစာရင်းသွင်းထားတာအထိ အဓိပ္ပာယ်တစ်စုံတစ်ရာရှိပေမယ့် ပညာသင်လျော်ကြေးပေးပြီးသည့်တိုင် ဆမပြန်မရသေးရင် EC မပေး၊ အမည်မည်းစာရင်း မဖျက်တာတွေကို ဝန်ကြီး သိပါသလား။

ထုတ်ပယ်ခံရတဲ့ဝန်ထမ်းပဲ ဆမ မရှိတာမဟုတ်ပါ။ ဝန်ထမ်းတစ်ခါမှ မဖြစ်ဖူးတဲ့အတွက် ဆမမရှိသူတွေ ရှိပါတယ်။ ဒါဆိုရင် ဆမသင်တန်းတက် ဆမထုတ်၊ ပြီးရင် EC လာလျှောက်လို့ ပြောလို့ရပေမယ့် အဲဒီသူတွေဟာ ဆေးပညာနဲ့ အသက်မွေးနေသူတွေ မဟုတ်တဲ့အတွက် ဆမ ရှိစရာ မလိုပါဘူး။ ပြည်တွင်းမှာလဲ သူ့ကို ဆရာဝန်အနေနဲ့ သုံးမရပါဘူး၊ ပြည်ပကိုလဲ ဆရာဝန်အဖြစ်သွားပြီး အသက်မွေးမှာ မဟုတ်ပါဘူး .... ဒီလိုလူတွေ အများကြီးပါ။ နောက်ဆုံး သူက ဆမတော့မရှိဘူး၊ လျော်မယ်ဆိုရင်တောင် လျော်လို့မရပါဘူး။ ဒီစည်းကမ်းက အဓိပ္ပာယ်မရှိဘူးလို့ ယူဆရင် ပယ်ဖျက်ပေးပါ။

တချို့ကလဲ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့မှ လုပ်ရတာတွေကို ရှင်းပြကြပါတယ်။ ဒါပေမယ့် ဆမ - ပညာသင်လျော်ကြေး - အမည်မည်းစာရင်း ဒါတွေကို လိုအပ်တာထက်ပိုပြီး ချိတ်ဆက်ထားတာတွေဟာ တရားမျှတမှု မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ လျော်ကြေးကင်းရှင်းမှ ဆမပြန်ထုတ်ပေးမယ်ဆိုတာကို ဆေးကောင်စီက သတ်မှတ်ထားတာလား၊ ဆမရှိမှ EC လျှော်လို့ရမယ်၊ EC ရှိမှ အမည်မည်းစာရင်းကဖျက်မယ်ဆိုတာတွေကို ကမဝက သတ်မှတ်ထားတာလား၊ ဆသပက သတ်မှတ်ထားတာလား ....... ဒါတွေ ဒီလိုရှိတယ်ဆိုတာကို ကမဝ၊ ဆသပက ဝန်ကြီး၊ ညွှန်ချုပ်၊ ညွှန်မှူး၊ ရုံးအဖွဲ့မှူးနဲ့ ဆေးကောင်စီ ဥက္ကဋ္ဌတို့ အသေအချာ သိကြပါရဲ့လား။

ဒါပေမယ့်လည်း ဆရာဝန်တွေ ကိုးတန်းအောင်နဲ့ နိုင်ငံကူးလက်မှတ်လုပ်တာတွေ၊ ထုတ်ပယ်ခံဝန်ထမ်းတွေ ပြည်ပမှာရှိနေတာတွေ၊ ဝန်ထမ်းအချို့ ကိုးတန်းအောင်နဲ့ နိုင်ငံကူးလက်မှတ်လုပ်ပြီး ပြည်ပကို သွားနေတာတွေ ဆရာတို့ မသိ မဟုတ်ပါဘူး။ (မသိဘူးဆိုရင် ကျွန်တော်သိသလောက် နာမည်စာရင်း ပို့ပေးပါ့မယ်) သိလျှက်နဲ့ လွှတ်ပေးထားပြီး ငါတို့ကို ကန့်လန့်တိုက်ရင် ဆော်လိုက်မယ်ဆိုပြီး စောင့်နေတယ်လို့ ကျွန်တော် မထင်ဝံ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကို အကြောင်းပြုပြီး ပြဿနာတက်တာ ဆရာဦးကျော်မြင့်လက်ထက်ကတည်းက ဖြစ်ခဲ့တယ်လို့ မကြားဖူးပါဘူး။ (ကြားဖူးသူများရှိရင်လဲ မျှဝေပေးပါဦး)

ဆရာက ပြည်ပရောက်ဆရာဝန်တွေကို တရားဝင်ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက် ပြည်တွင်းမှာ အကျယ်ချုပ်ကျနေတဲ့ ဆရာဝန်တွေအတွက်လဲ စဉ်းစားပေးသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဆရာဝန်များအဖို့ ဒီကိစ္စဟာ တခြားမြန်မာနိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေးရသင့်တဲ့ ကိစ္စပါ။ ကျွန်တော်လဲ လက်ထဲမှာ Passport လေးတစ်အုပ်ကိုင်ထားပြီး နိုင်ငံခြားသွားချင်တဲ့အချိန်သွားလို့ရတာမျိုး ဖြစ်ချင်ပါတယ်။ ပြန်မလာမှာတော့ မပူနဲ့ ဆရာ ... ကိုယ်က ဒီမှာ ပိုအဆင်ပြေတာမဟုတ်လား။

(ဆသပက ကျွန်တော့်ဆရာတွေအတွက်တော့ ခပ်ညံ့ညံ့စာတစ်စောင်ဖြစ်ပေမယ့် မသိသေးသူများ သိစေဖို့အတွက်နဲ့ မသိချင်ယောင်ဆောင်သူများ ဆက်ပြီးမသိချင်ယောင်ဆောင်နိုင်ဖို့ပဲ ကျွန်တော်ရည်ရွယ်ပါတယ်)

အဲ .......... ပြင်ရေးစေချင်တာတွေရှိရင်လဲ ပြောကြပါဗျ။ အကြောင်းအရာက ရိုးရှင်းပါတယ်။ ဆရာဝန်အားလုံးလဲ သိရှိခံစားနေရတာပါ။ အသံကျယ်ကျယ်မထွက်သေးလို့ အသံထွက်ပေးရုံသက်သက်ပါပဲ။

-----------------------------
ဖြည့်စွက်ချက်
ပညာသင်လျော်ကြေးဆိုတဲ့နေရာမှာ ၂ ခုရှိပါတယ်။
တစ်ခုက ဘွဲ့လွန်ရ ဝန်ထမ်းဆရာဝန်တွေ အလုပ်ထုတ်ခံရတဲ့အခါ ဘွဲ့အလိုက် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလပေါ်မူတည်ပြီး လျော်ရတာပါ။ ဒီဟာကတော့ ဆမပြန်ရဖို့အတွက် ကင်းရှင်းပြီးသား ဖြစ်ရပါတယ်။ အစိုးရကို ပေးစရာအကြွေးရှိနေရင် ပြည်ပကို ပေးမထွက်တာကို ကျွန်တော်လက်ခံပါတယ်။ အကြွေးမပေးပဲ ထွက်ပြေးသွားမှာ စိုးရိမ်ရပါတယ်။ ဒါပေမယ့် အစိုးရကို ပေးစရာအကြွေးရှိတာနဲ့ ဆမနဲ့ တိုက်ရိုက်မဆိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ လက်ကိုင်ပြုနေတဲ့ ဆေးကောင်စီဥပဒေမှာလဲ ဒီအချက် မပါဘူး ထင်ပါတယ် (မှားရင် ပြင်ပေးပါ)။
နောက်ပြီး အမည်မည်းစာရင်းသွင်းတာဟာ အစိုးရအဖွဲက ပြင်မှ ရမှာဆိုရင်တောင် လျော်ကြေးကင်းရင် အမည်မည်းစာရင်းက ဖျက်သင့်ပါတယ်။ ဒါပေမယ့် ဒီလိုလူကတော့ လူနည်းစုပဲ ဖြစ်မယ်ထင်ပါတယ်။ ရာဂဏန်းပဲ ရှိမယ်ထင်ပါတယ်။ သို့သော်လည်း ဒီပုံစံနဲ့ ဆက်သွားနေရင် ပြေးမယ့်သူတွေ တန်းစီနေဆဲမို့ လမ်းကြောင်းကြိုရှင်းတယ်လို့ မထင်စေချင်ပါ။

မှားနေတယ်ဆိုရင် ပြင်ပါ။ ဒီလူအရေအတွက်ဟာ နည်းနည်းလေးပဲ .. နောက်မှလုပ်လို့ရတယ်ဆိုပေမယ့် မှားနေတာဟာ မှားနေတာပါပဲ။ ဘာလို့လဲဆိုတော့ အမည်မည်းစာရင်းနဲ့ပက်သက်လာရင် ဘယ်လောက်ရှိတယ်ဆိုတာ သိသူနည်းပါတယ်။ ဒါပေမယ့် အမည်မည်းကိစ္စကြီးက လူစိတ်ဝင်စားတဲ့ ကိစ္စပါ။

နှစ်ဖက်လုံးက မှားတဲ့အတွက် မှန်သွားတယ်ဆိုတဲ့သဘောမျိုး၊ တစ်ဖက်ကမှားတဲ့အခါ တစ်ဖက်ကလဲ အမှားကျူးလွန်မှာပဲဆိုတဲ့ သဘောမျိုး လက်ပတောင်းတောင်ကိစ္စမှာ ပြောသွားတာကို ကြားရတော့ ကမဝကလဲ မင်းတို့မှားလို့ ငါတို့လဲမှားမယ်၊ ဒါဆိုရင် ကျေရောပေါ့ဆိုတဲ့ ခံယူချက်များရှိနေလားလို့ တွေးမိတယ်။

နောက်လျော်ကြေးတစ်မျိုးက ဆေးပညာဘွဲ့ (MBBS) အတွက် လျော်ရတာပါ။ ဝန်ထမ်းမလုပ်ခဲ့ဖူးရင်လဲ ၁၀ သိန်း၊ ဝန်ထမ်းလုပ်ဖူးပြီး ထုတ်ပယ်ခံရရင်လဲ ၁၀ သိန်းပါပဲ။ (လုပ်သက်ပေါ်မူတည်ပြီး ဆုံးဖြတ်တယ်ဆိုပေမယ့် ........ မတူတဲ့ ဆုံဖြတ်ချက်တွေ ရှိခဲ့ဖူးပါတယ်။ ဆရာတို့ Record တွေ ပြန်ကြည့်ပါ)။ ဒါကို ကျွန်တော်တို့က EC လို့ ခေါ်ပါတယ်။
အခုအချိန်မှာ မနလရုံးက EC မလိုတော့ဘူးဆိုရင် ဒါအတွက် လျော်စရာ လိုသေးလားဆိုတာကိုလဲ ဆရာဝန်များက သိချင်ကြပါတယ်။ (ဒီတစ်ခုတော့ မကြာခင် ပြုတ်တော့မယ်လို့ ယူဆရပါတယ်။ သို့သော်လည်း ဒါကို ဆက်ရှိချင်သူများက တခြားနည်းနဲ့လှည့်ပြီး ဒုက္ခဆက်ပေးနေမှာလားဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်)

ဒီနေရာမှာ စိတ်ပူစရာက ဝန်ထမ်းဆရာဝန်တွေ ခွင့်မတင်ပဲ ပြည်ပကို ထွက်ချင်တိုင်း ထွက်နေမှာ စိုးရိမ်ရတဲ့အတွက် ကောင်းမွန်လုံလောက်တဲ့ ကာကွယ်မှုစနစ်တစ်ခုတော့ ရှိကို ရှိရပါမယ်။ ဌာနချုပ်ထွက်ခွာတောင် တင်ရသေးတာ ပြည်ပခရီးသွားဟာ တင်ကို တင်ရပါမယ်။ အပိုအလုပ်ပဲ၊ ခက်အောင်လုပ်တာလို့ ဇွတ်ကန်ငြင်းသူများရှိရင်လဲ သူများတိုင်းပြည်တွေ ဘယ်လိုလုပ်တယ်ဆိုတာ လေ့လာသင့်ပါတယ်။ ပြည်ပခွင့်မတင်ပဲ ပြည်ပကိုထွက်ရင် အရေးယူရပါမယ်။ သူ့ကို ပြည်ပသွားလာခွင့်ပိတ်ရပါမယ်။ ဒါအတွက်ကတော့ ဌာနဆိုင်ရာအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တရားဥပဒေစိုးမိုးမှုလိုအပ်ပါတယ်။

ကျွန်တော် အသေးစိတ် သေသေချာချာ မသိတာတွေ ရှိပါတယ်။ မှားနေတာတွေ ထောက်ပြပေးပါ။
ဒါပေမယ့် အသေအချာသိတာကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆရာဝန်တွေအကြား၊ ဆေးကျောင်းသားတွေအကြားမှာ မကျေမလည်ဖြစ်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ ဆရာတို့ ဘယ်နေ့ဘာဖြစ်မယ်ဆိုတာလဲ ဘယ်သူမှမသိပါဘူး။ ကိုယ့်မျက်စိအောက်မှာတင် ဖြစ်ပျက်ခဲ့တာတွေ မနည်းလှပေမယ့် ငါတော့ မထိလောက်ဘူးထင်နေလို့ မရဘူးလို့ သက်ဆိုင်သူများကို မိချောင်းမင်းရေခင်းပြပါရစေ။

ဖြစ်နိုင်ရင် တာဝန်ယူပြီး လုပ်နေသူတွေကို Flow chart လေးဆွဲခိုင်းပြီး ကြည့်လိုက်ရင် ဘာတွေလွဲနေတယ်ဆိုတာ ကြည့်ပေးပါ။

No comments: