(Tu Maung Nyo)
တူမောင်ညို (၂၀၁၃ခုနှစ်၊ ဧပြီလ ၄ ရက်)
“၂၀၀၈အခြေခံဥပဒေ”သည်“စစ်အုပ်စုနိုင်ငံရေး”၏ အပေါ်ယံအသွင်သဏ္ဍာန်နှင့် စစ်အာဏာရှင်စနစ်ကိုထိန်းသိမ်းကာကွယ် သယ်ဆောင် သွားမည့် ယာဉ်ယန္တယားသာလျှင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်မင်းအောင်လှိုင်ထိပ်တိုက်တွေ့ကြပြီဟုပြောလျှင်ရမည်ထင်သည်။
ယခုထိပ်တိုက်တွေ့မှုသည်အပေါ်ယံသဘောထိပ်တိုက်တွေ့ကြခြင်းမဟုတ်။ အခြေခံ အယူအဆချင်း ထိပ်တိုက်တွေ့ကြသည့်သဘောဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“စစ်အစိုးရအဆက်ဆက် ထောက်ခံကာကွယ်ပြောကြားခဲ့သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်ကို တစ်လျှောက်လုံး ဆန်ကျင့်ခဲ့တယ်/နောင်လည်းအမြဲတန်းဆန့်ကျင်သွားမှာဖြစ်တယ်” လို့ ပြောခဲ့ဖူးသည်။
မတ်လ ၂၇ ရက်နေ့၊ ၆၈နှစ်မြောက် “တပ်မတော်နေ့” မိန့်ခွန်းတွင် ဗိုလ်မင်းအောင်လှိုင်က“တို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးကို လိုလားတယ်” လို့ ပြောခဲ့သည်။
သို့အတွက်“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို ဆန့်ကျင်သူနဲ့ လိုလားသူတို့ထိပ်တိုက်တွေ့ကြရပြီ။
ဗိုလ်မင်းအောင်လှိုင်၏“စည်းကမ်းပြည့်ဝသောဒီမိုကရေစီကိုလိုလားတယ်” လို့ ပြောလိုက်ခြင်းသည်။
၁။ ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုချက်ကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
၂။ “၂၀၀၈ အခြေခံဥပဒေ ” ကိုဖျက်သိမ်းပြီး အသစ်ရေးအစားထိုးချင်သူတွေနဲ့ ဒီမိုကရေစီမကျ တဲ့အချက်များကိုပြင်ဆင်လို သူတွေကို တုန့်ပြန်ခြင်းဖြစ်သည်။
(၂၀၀၈ အခြေခံဥပဒေစာအုပ်ကို“မျက်နှာဖုံးကစပြီး ပြင်ရမယ်”ဟု ပြောကြားနေသူများကိုလည်း တုန့်ပြန်လိုက်ခြင်းဖြစ်သည်)
၃။ စစ်သားအမတ် (၁၆၆) ဦးလွှတ်တော်ထဲမှာ ဘယ်လိုရပ်တည်ပြီး/ ဘယ်လိုမဲပေးရမယ်ဆိုတဲ့ အမိန့်လည်းဖြစ်သည်။
“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုသည်မှာအမြင်ဖေါ်ပြမှုနှင့်အသွင်သဏ္ဍာန်အရပြောရမည်ဆိုလျှင် “တပ်မတော်က အမျိုး သား နိုင်ငံရေးဦးဆောင်မှု” နှင့် “၂၀၀၈အခြေခံဥပဒေ” ဖြစ်သည်။
အနှစ်သာရသဘော ပြောရမည်ဆိုလျှင်စစ်အုပ်စုအဆက်ဆက် သိမ်းပိုက်ထိန်းချုပ်ထားခဲ့သော အာဏာနှင့်ဘဏ္ဍာကို မျိုးဆက်သစ်စစ်အုပ်စုက ဆက်ခံထိန်းသိမ်းတိုးချဲ့ရေးပင်ဖြစ်သည်။
ဤထိပ်တိုက်တွေ့မှုသည်ဗိုလ်မင်းအောင်လှိုင်ဘက်ကပြောလျှင် သူတစ်ဦးတည်း၏ ဆန္ဒသဘောထားကို ထုတ်ဖေါ် ပြောကြားခြင်းမဟုတ်။ စစ်အုပ်စုအဆက်ဆက်၏ သဘောထားခံယူချက်ကို ဆက်ခံ ရပ်တည်ကြောင်းထုတ်ပြောခြင်းဖြစ်သည်။ ဤသဘောထားခံယူချက်သည်ကြံ့ဖွံ့ပါတီ၏သဘောထားနှင့်လည်းထပ်တူထပ်မျှဖြစ်သည်။
ထို့အပြင်လွယ်လွယ်နှင့်နောက်ဆုတ်အလျှော့ပေးမည့် သဘောထားလည်း မဟုတ်ပါ။
ထို့ကြောင့် ဤထိပ်တိုက်တွေ့မှုအား“အရှိကိုအရှိတိုင်း” ပြောရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဘက်က လျှော့ရမည့်သဘောဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း “၂၀၀၈အခြေခံဥပဒေဘောင်”ထဲသို့လျှော့ပြီး ဝင်ခဲ့ရတာဖြစ်သည်။ “ကျိမ်းကျိန်ရေး”မှာ လည်း လျှော့ခဲ့ရသည်။ သို့အတွက်လျှော့လက်စနှင့် ဆက်လျှော့သွားလိမ့်ဦးမည်ဟု ထင်ပါသည်။
အခုလည်း နိုင်ငံခြားမီဒီယာတွေကဗိုလ်မင်းအောင်လှိုင်ပြောတဲ့အချက်တွေထဲက အခြေခံဥပဒေကို စောင့်ရှောက်ရမယ်ဆိုတဲ့အချက်ပဲ မီးမောင်းထိုးကြည့်တာဟာ ချိန်ခွင်လျှာညီမျှမှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က“ဆင်ဝှေ့ရန်ရှောင်” ပြောတာ ကြားလိုက်ရ ပါသည်။
(၆၈) နှစ်မြောက်“တပ်မတော်နေ့” ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် သတင်းနှင့်ဓါတ်ပုံကိုအစိုးရပိုင်သတင်းစာများ ( ကြေးမုံ/ မြန်မာ့အလင်း/NLM) တွင် မဖေါ်ပြသလို၊စစ်တပ်ပိုင် “မြဝတီသတင်းစာ” မှာလည်းဖေါ်ပြတာ မတွေ့မိပါ။
“နိုင်ငံခြားမီဒီယာချိန်ခွင်လျှာညီမျှမှုမရှိဘူး”ဆိုသည့်အချက်ကိုပြောရမည်ဆိုလျှင်လည်း (နဝတ-နအဖ) စစ်အစိုးရခေတ်မှ ယနေ့ ကာလအထိနိုင်ငံခြားမီဒီယာများသည် “ဒီမိုကရေစီထိပ်ထား”ကို အစွမ်းကုန်လှလှပပချယ်သပေးခဲ့ပြီး၊ စစ်အာဏာရှင် “သေနာ” များကို အရေခွာခဲ့သည်မဟုတ်ပါလော။ ယင်းအချက်များကိုမည်သို့ပြောမည်နည်း။
၁၉၆၂ မှ ၁၉၇၄ အထိအခြေခံဥပဒေမရှိဘဲအုပ်ချုပ်ခဲ့ပြီး၊ စိတ်ကြိုက်ရေးဆွဲခဲ့သော “၁၉၇၄အခြေခံဥပဒေ”ဖြင့်၁၉၇၄ မှ ၁၉၈၈ အထိ စိုးမိုးခဲ့သည်။ ဆိုရှယ်လစ်ရေပန်းစားချိန်ဖြစ်သဖြင့်“မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်”ခဲ့ကြသည်။
၁၉၈၈ မှ ၂၀၁၁ အထိလည်း (နဝတ-နအဖ)စစ်အုပ်စုက အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်ခဲ့ပြီး၊ စိတ်ကြိုက်ရေးဆွဲခဲ့သော“၂၀၀၈အခြေခံဥပဒေ” ဖြင့် အုပ်ချုပ်နေပြန်သည်။ ဒီမိုကရေစီရေပန်းစားချိန်ဖြစ်သဖြင့်“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” အရေခြုံ နေ ခြင်းဖြစ်သာသည်။
စစ်အုပ်စု(၁၉၆၂ ခုနှစ် မှယနေ့အထိ)သည်ရာစုနှစ်ဝက်ကျော်အာဏာချုပ်ကိုင်ထားဆဲဖြစ်သည်။ အာဏာသိမ်းသည့် အတွေ့ အကြုံရော၊အာဏာထိန်းသည့် အတွေ့အကြုံပါရှိသည်။ ချော့မြှူလှည့်စားနိုင်သလိုအကြမ်းဖက်ဖိနှိပ်နိုင်သည်။
လိုရင်းကိုချုပ်ပြောရလျှင်စစ်အုပ်စုသည် စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ် ချုပ်ကိုင်ပြီး နိုင်ငံရေးလုပ်နေခြင်းဖြစ်သည်။“၂၀၀၈အခြေခံဥပဒေ”သည် “စစ်အုပ်စုနိုင်ငံရေး”၏ အပေါ်ယံအသွင်သဏ္ဍာန်နှင့်စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ် သယ်ဆောင် သွားမည့် ယာဉ်ယန္တယားသာလျှင်ဖြစ်သည်။
ညွန်း
- ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၅၊ စာမျက်နှာ ၂၇
- ၂၀၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၊ ဗိုလ်မင်းအောင်လှိုင်မိန့်ခွန်းအပြည့်အစုံ၊ မြဝတီဝဘ်ဆိုဒ်
- ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ရက်၊ RFA သတင်းဌာန၊
(Photo – NickNayManBlog)

No comments:
Post a Comment