လူ့စိတ်ဆိုတာက
သိပ်ပြီး ဆန်းကြယ်တယ်။ မသိစေချင်၊ မမြင်စေချင်လို့ ဖုံးကွယ်ထားတဲ့ ကိစ္စကို
သိချင်ကြတယ်။ မြင်ချင်ကြတယ်။ ဖွင့်လှစ်ကြည့်ချင်ကြတယ်။
တူးဆွကြည့်ချင်ကြတယ်။
လွန်ခဲ့တဲ့ နှစ် ၆ဝ ကျော် လောက်က
တရုတ်ပြည်ဟာ သူ့ဘာသာသူ တံခါးပိတ်ထားခဲ့ပြီး သတင်းတွေကိုလည်း မှောင်ချထားခဲ့
တယ်။ ဒီတော့ ပြင်ပကမ္ဘာက ကွန်မြူနစ် တရုတ်ပြည်အကြောင်း
တစ်စွန်းတစ်စပဲဖြစ်ဖြစ် သိချင်ကြတယ်။ ဒါကြောင့် စစ်အေးခေတ် ကာလ - Cold War
Era မှာ တရုတ်ပြည်ကို စောင့်ကြည့်လေ့လာခြင်း- China Watching ဆိုတဲ့
အလုပ်သစ်၊ အကိုင်သစ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။
တဖြည်းဖြည်းနဲ့ တရုတ်ပြည်
စောင့်ကြည့်လေ့လာမှုဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရပ်တစ်ခုလို ဖြစ်လာတယ်။
တရုတ်ပြည် စောင့်ကြည့်လေ့လာကြသူများဟာ အများအားဖြင့် သတင်းစာဆရာတွေ၊
ဂျာနယ်လစ်တွေ၊ လုံခြုံရေးနဲ့ ထောက် လှမ်းရေး ခွဲခြားစိတ်ဖြာလေ့လာသူတွေ၊
ပြီးတော့ တက္ကသိုလ်ကျောင်းတော်ကြီးတွေက ဘာသာရပ်ဆိုင်ရာ ပညာရှင်ကြီးတွေ။
သူတို့ က ကွန်မြူနစ် တရုတ်ပြည်ထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို
ရှင်းလင်းတင်ပြကြတယ်။ တွေ့ရှိချက်တွေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုပြကြတယ်။
ဒီလိုနဲ့သူတို့တစ်တွေဟာ တရုတ်ပြည်အကြောင်း ဆန်းစစ် လေ့လာကြတဲ့
ကျွမ်းကျင်သူတွေ ဖြစ်လာကြတယ်။ အဲဒီခေတ်က နာမည် ကြီး တရုတ်ပြည်အကြောင်း
ကျွမ်းကျင်သူတွေကတော့John K.Fairbank, Benjamin Schwa-rz, Franz Michael,
Robert Scalapino, A. Doak Barnett, Lucian Pye, Allen Whithing နဲ့ Michel
Oksenberg တို့ ဖြစ်ကြတယ်။
စစ်အေးခေတ် ထုတ်ကုန်တစ်ခု စစ်အေးခေတ်အတွင်းမှာ တရုတ်ပြည်ကို စောင့်ကြည့် လေ့လာမှုဟာ တစ်စတစ်စ ရှင်သန်ကြီးထွားလာတယ်။ အထူးသဖြင့် ၁၉၅၉ ခုနှစ် မဟာခုန်ပျံကျော်လွှားတိုးတက်ရေး အစီအမံပြိုလဲသွားပြီးတဲ့နောက် တရုတ်ကွန်မြူနစ်ပါတီဟာသတင်းတွေကို အရင်ကထက် ပိုပြီး မှောင်ချထားခဲ့တယ်။ ၁၉၆ဝနှစ်များအတွင်းမှာ တရုတ်ပြည် စောင့်ကြည့်လေ့လာကြသူ အတော်များများဟာ ဟောင်ကောင်ကို အပြေးအလွှား ရောက်လာခဲ့ကြပြီး သတင်းတွေ လာနှိုက်ကြတယ်။ အစိုးရဝါဒဖြန့်စာစောင်တွေကနေ သဲလွန်စတွေ ရှာကြဖွေ ကြတယ်။ တရုတ်ပြည်က ထွက်ပြေးလာကြသူတွေကို အင်တာဗျူး ကြတယ်။
ပြီးတော့ တရုတ်သတင်းစာတွေမှာ ဖော်ပြထားတဲ့
အခမ်းအနားဓာတ်ပုံတွေကို ကြည့်ပြီး ဘယ်ခေါင်းဆောင်ရဲ့ တစ်ဖက် တစ်ချက်
လက်ဝဲလက်ယာမှာ ဘယ်သူတွေရှိတယ်။ ဘယ်ခေါင်းဆောင်ရဲ့ အမည်ကို ဖော်ပြပြီးတော့မှ
ဘယ်သူ့ရဲ့ နာမည်ကို ဖော်ပြတယ် စသည် စသည်ဖြင့် စေ့စေ့စပ်စပ်
စောင့်ကြည့်စစ်ဆေးကာ အကဲဖြတ်ကြတယ်။ ဘယ်ခေါင်းဆောင်ရဲ့ဓာတ်ပုံကို သတင်းစာမှာ
မဖော်ပြတာကြာပြီ။ ရာထူးများ ပြုတ်ကျသွားတာလား။ နေမကောင်းလို့လား။
ဟိုလိုလား ဒီလိုလား အမျိုးမျိုး တွေးတောပြောဆိုရေး သားကြတယ်။ ဥက္ကဋ္ဌကြီး
မော်စီတုန်းရဲ့ ဓာတ်ပုံကို သတင်းစာတွေမှာ မတွေ့မမြင်ရတာ
ကြာသွားခဲ့ပြီဆိုရင် သေသွားပြီလို့ ထင်မြင်ယူဆ ရေးသားခဲ့ကြတဲ့ အကြိမ်
ပေါင်းက ၂ဝ ကျော် ရှိခဲ့ဖူးတယ်။
ဒါပေမယ့် အဲဒီစစ်အေးကာလ အစောပိုင်းက
တရုတ်ပြည်အကြောင်း စောင့်ကြည့်လေ့လာရေးသားခဲ့ကြသူတွေဟာ ဖြစ်ရပ် တစ်ခု
ချင်းစီအပေါ်မှာပဲ အာရုံးစူးစိုက် ရေးသားနိုင်ခဲ့ကြတယ်။ တရုတ်ပြည်ရဲ့
ရေရှည်အကျိုးစီးပွားနဲ့ပတ်သက်ပြီး ရေးသားဖော်ပြနိုင်ခဲ့ ကြခြင်း
မရှိခဲ့ကြဘူး။ အဲဒီခေတ် တရုတ်ပြည်ကို စောင့်ကြည့်လေ့လာကြသူတွေဟာ စစ်အေးခေတ်
ဆိုဗီယက်ယူနီယံ အကြောင်း စောင့်ကြည့်လေ့လာကြသူများ- Kremlinologists
နဲ့အလားတူတယ်။ ဆိုဗီယက်ကလည်း သူတို့တိုင်းပြည် အကြောင်း
ဖုံးကွယ်ထားခဲ့တဲ့အတွက် ဆိုဗီယက်ကို သံကန့်လန့်ကာ- Iron Curtain
လို့တင်စားခဲ့ကြတယ်။ တရုတ်ကိုတော့ ဝါးကန့်လန့်ကာ- Bamboo Curtain တဲ့။
စောင့်ကြည့်သူ နောက်ပေါက်များ ၁၉၇၂ ခုနှစ်မှာ အမေရိကန်သမ္မတ- Richard Nixon တရုတ်ပြည်သွားရောက်ခဲ့ပြီးနောက် တရုတ်ပြည်နဲ့ အမေရိကန်ပြည် ထောင်စု တို့အကြား တင်းမာနေမှု လျော့ကျသွား- Detente တယ်။ နှစ်နိုင်ငံအကြား အေးခဲမှု အရည်ပျော်ကျလာတယ်။ ဒီတော့ နှစ် နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာ တယ်။
ဗီယက်နမ်စစ်ပွဲကို မလို
လားကြတဲ့လူငယ်တစ်စုက ၁၉၆၈ ခုနှစ်မှာ Committee of Concerned Asian
Scholars-CCAS အဖွဲ့ကို ထူထောင်ခဲ့ကြတယ်။ ဒီ အဖွဲ့က တရုတ်ပြည်ကို
ဝိုင်းရံပိတ်ဆို့မယ်ဆိုတဲ့ အမေရိကန် မူဝါဒအမြင်နဲ့ အာရှကို စောင့်ကြည့်လေ့
လာကြသူတွေကို ဝေဖန်တိုက်ခိုက်ကြတယ်။ CCAS အဖွဲ့မှာ အလားအလာကောင်းပြီး
တရုတ်ပြည်အကြောင်း စောင့်ကြည့် လေ့ လာနေ ကြတဲ့ နောက်ပေါက်ပညာရှင်အ
ချို့လည်း ပါဝင်တယ်။
သူတို့ထဲမှာ Elizabeth Perry, Mark
Selden, Edward Friedman, Richard Baun, Orville Schell နဲ့ Susan Shirk
တို့လို ပညာရှင်တွေ ပါရှိလာခဲ့ တယ်။ သမ္မတနစ်ဆင် ပေကျင်းမြို့ မလာရောက်မီ
တရုတ်နိုင်ငံ ဝန်ကြီးချုပ်ချူအင်လိုင်း- Zhou Enlai ဟာ အမေရိကန် စားပွဲတင်
တင်းနစ်အဖွဲ့နဲ့အတူ CCAS အဖွဲ့ဝင် တရုတ်ပြည်
စောင့်ကြည့်လေ့လာနေကြသူအချို့ကိုပါ ဖိတ်ခေါ်ခဲ့ တယ်။
စစ်အေးခေတ် အစောပိုင်း တရုတ်ပြည်
စောင့်ကြည့်လေ့လာကြသူတွေဟာ အများအားဖြင့် အရင်းရှင် ဘက်တော်သားတွေဖြစ်ကြ
ပြီး ကွန်မြူနစ်တရုတ်ပြည်အကြောင်း ရေးသားကြတဲ့အခါ အဆိုးမြင်ဝါဒ - Pessimism
ကို လက်ကိုင်ထားပြီး ရေးသားခဲ့ကြတယ်။ ဒါပေမယ့် နောက်ပေါက် တရုတ်ပြည်
စောင့်ကြည့်လေ့လာကြသူတွေက တရုတ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အကောင်း
မြင် ဝါဒ- Optimism ရှုထောင့်ကနေ ကြည့်ရှုပြီး ရေးသားလာကြတယ်။ တစ်နည်းပြောရင်
တစ်ဖက်စွန်းကနေပြီး အခြားတစ်ဖက်စွန်းကို ခုန်ကူးသွားခဲ့ကြတယ်။
တရုတ်ပြည်ရဲ့သမိုင်းမှာ
၁၉၇ဝပြည့်လွန်နှစ်များဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလ ဗရုတ်ဗရက်နှစ်များရဲ့
နောက်ဆုံးကာလ ဖြစ် တယ်။ နိုင်ငံရေး ခြေပုန်းခုတ်မှုတွေ၊ ခြေထိုးမှုတွေနဲ့
ခြေချင်းလိမ် နေခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ဖြစ်တယ်။ နိုင်ငံရေးသမားတွေရဲ့ ဘဝ
မတည်ငြိမ်ဆုံးနှစ်များ ဖြစ်တယ်။ မော်စီတုန်းရဲ့ အရိုက်အရာကို ဆက်ခံမယ်လို့
ထင်မှတ်ထားကြတဲ့ လင်ပျောင်- Lin Biao ရုတ်တရက် ကျဆင်းသွားတယ်။
ချူအင်လိုင်းကို ပစ်မှတ်ထားတဲ့
ကွန်ဖြူးရှပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး ပေါ်ထွက်လာတယ်။ မော်စီတုန်း
ကွယ်လွန်တယ်။ ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း ချိုးနှိမ်ခံခဲ့ရတဲ့
တိန့်ရှောင်ဖိန် ပြန်ပေါ်လာတယ်။ ဟွာကူးဖုန်း - Hua Guofeng က မော်ရဲ့
အရိုက်အရာကို ဆက်ခံတယ်။ မော် ရဲ့ဇနီး ခေါင်းဆောင်တဲ့ လေးဦးဂိုဏ်း
အရေးနိမ့်သွားတယ်။
၁၉၇ဝ နှစ်များက တရုတ်ပြည်ကို
နိုင်ငံခြားသားတွေ မလာရောက်နိုင်အောင်ပိတ်ပင်ထားတယ်။ တရုတ်ပြည်ဆီက သတင်းတွေ
ပြင် ပ လျှံထွက်လာတာလည်း အင်မတန် နည်းပါးသွားတယ်။ ဒါပေမယ့် တရုတ်ပြည်ကို
စောင့်ကြည့်လေ့လာကြသူများအဖို့တော့ ပွဲတော်ကြီးပါပဲ။ ရေးလို့မကုန်
သားလို့မကုန်။ ထင်မြင်ချက်အမျိုးမျိုးပေးလို့မဆုံး။ ၁၉၇၈ ခုနှစ် တရုတ်ပြည်
စီးပွားရေး ပြုပြင် ပြောင်း လဲရေး စတင်လုပ်ဆောင် ချိန်နောက်ပိုင်းမှာ
တောင်တရုတ် သတင်းက ရှားပါးနေဆဲ။ ဒီလိုဆိုပေမယ့် စောင့်ကြည့်လေ့လာနေကြ
သူများ အလုပ်လက်မဲ့ ဖြစ်မသွား ကြပါဘူး။
စစ်အေးခေတ်အလွန်
၁၉၈ဝ ပြည့်လွန်နှစ်များ ကို
မော်အလွန်ခေတ်- Past Mao Era လို့ သတ်မှတ်ကြတယ်။ တရုတ်ပြည်ဟာ အမြစ်မြေလှန်
တော် လှန်ရေးသဘောတရား မူဝါဒကို ခဝါချပြီး ဈေးကွက်စီးပွားရေးစနစ်ကို
ရှေ့တန်းတင်လာခဲ့တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ရင်းနှီး တဲ့ ဆက်ဆံရေးကို
ပုံဖော်တယ်။ ကွန်မြူနစ်ဝါဒ ဆန့်ကျင်တဲ့ အိမ် နီးချင်း
အာဆီယံနိုင်ငံတွေနဲ့ပလူးပလဲ လုပ်လာတယ်။
တရုတ်ပြည် စောင့်ကြည့်လေ့လာမှုဟာ
အရင်ကလောက် လျှို့ဝှက်ဆန်းကြယ်မှု မရှိတော့ဘူး။ စောင့်ကြည့်လေ့လာကြ သူတွေ
ထဲမှာ ပညာတတ် လူငယ်တွေ အများအပြား ပါဝင်လာတယ်။ သူတို့ဟာ လူမှုသိပ္ပံကို
အရင်ပုဂ္ဂိုလ်တွေထက် ပိုပြီးကျွမ်း ကျင်ကြ တယ်။ အဆင့်အတန်းမြင့်တဲ့
သတင်းအချက်အလက်တွေ ပိုရလာတယ်။ ထူးခြားတာတစ်ခုကတော့ စောင့်ကြည့်လေ့လာကြတဲ့
သူတွေထဲမှာ ပင်လယ်ရပ်ခြား တိုင်းတစ်ပါးရောက်နေကြတဲ့ တရုတ်ပြည်ဖွား ပညာတတ်
လူငယ်တွေ ပါဝင်လာကြခြင်း ဖြစ်တယ်။ တချို့ဆိုရင် တရုတ်ပြည်
ခေါင်းဆောင်ပိုင်းရဲ့ မိသားစုတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး
အဆက်အသွယ်ရှိကြသူတွေ ဖြစ် ကြတယ်။
ပြီးတော့ စောင့်ကြည့်လေ့လာကြသူများအတွင်း
ထူးထူးခြားခြား သိသိသာသာ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာ တယ်။ စောင့်
ကြည့်ကြသူ အဟောင်းနဲ့အသစ်ကြားမှာ ဝါဒရေးရာ သဘောတရား အကြီးအကျယ် ကွာဟလာတယ်။
အရင်စောင့် ကြည့်ကြ သူတွေက ဂျိုးဇက်မက် ကာသီ- Joseph Mecarthy ရဲ့
ကွန်မြူနစ်ဆန့်ကျင်ရေးနောက်ကို ကောက်ကောက်ပါ လိုက်ခဲ့ကြပေမယ့် အခု
စောင့်ကြည့်သူ လူသစ် တွေကတော့ လွတ်လပ်ပွင့်လင်းတဲ့ အမြင်ကို
ဆုပ်ကိုင်ထားကြတယ်။
အရင်က စောင့်ကြည့်ကြသူတွေဟာ ၁၉၈ဝ
ပြည့်နှစ်မတိုင်မီက တရုတ်ပြည်ရဲ့ နိုင်ငံရေး စီးပွားရေးနဲ့လူမှုရေး
ပြောင်းလဲမှုများ အပေါ် အာရုံစူးစိုက်ခဲ့ကြတယ်။ အထူးသဖြင့်
မဟာခုန်ပျံကျော်လွှား တိုးတက်ရေးနဲ့ယဉ်ကျေးမှုတော်လှန်ရေးတို့လို
မော်စီတုန်းရဲ့ လှုပ်ရှားမှု ဝန်းကျင်ဖြစ်ရပ်တွေအပေါ် အာရုံစိုက်ခဲ့ကြတယ်။
ဒါပေမယ့် နောက်ပေါက် တရုတ်
စောင့်ကြည့်လေ့လာကြသူတွေကတော့ ၁၉၈ဝ နောက်ပိုင်း တရုတ်ပြည်ရဲ့
ပြောင်းလဲဖြစ်ပေါ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အလေးပေး လေ့လာခဲ့ကြတယ်။
ပြီးတော့ တရုတ်ပြည်ရဲ့ တိုးတက်မှုက ဒေသနဲ့ ကမ္ဘာ့ဖြစ်ရပ်တွေအပေါ် ဘယ်လို
ရိုက်ခတ်လာတယ်ဆိုတာကိုပါ လေ့လာဆန်းစစ် ရေးသားတင်ပြလာခဲ့ကြတယ်။
အရင်က စောင့်ကြည့်ကြသူတွေက ဖြစ်ရပ်တွေကို
သမိုင်းကြောင်းအရ ဆက်နွယ်စိစစ်ပြီး တင်ပြခဲ့ကြသလို အခုစောင့်ကြည့်ကြ သူတွေက
စနစ်တကျ အချက်အလက်တွေ စုဆောင်းပြီး ကွင်းဆင်းသုတေသနပြု ခွဲခြမ်းစိတ်ဖြာ
သုံးသပ်လာကြတယ်။ တရုတ်ပြည် သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ
စုံစမ်းမေးမြန်းမှုတွေ လုပ်နိုင်ခဲ့ကြတယ်။ ဒီတော့ ခေတ်သစ် တရုတ်ပြည်
အကြောင်း လေ့ လာ ဆန်းစစ်မှုတစ်ရပ် ပေါ်ထွက်လာ တယ်။
စောင့်ကြည့်သူများရဲ့ ကောင်းမွေ ဆိုးမွေ
တရုတ်ပြည်ကို စောင့်ကြည့်လေ့လာကြသူများ-
China Watchers နဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ် တန်ဖိုးဖြတ်ကြမလဲ။ ပညာရှင်
ပီပီ တရုတ်သမိုင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာမှု- Sinology
ဟုတ်တာတော့သေချာတယ်။ စစ်အေးခေတ်ကာလက ဒီ စောင့် ကြည့်လေ့လာကြသူတွေဟာ
အနောက်နိုင်ငံတွေက မီဒီယာတွေကို ကောင်းကောင်းကြီး အကျိုးပြုခဲ့ကြတယ်။
အနောက်နိုင်ငံတွေ က အစိုးရတွေကလည်း သူတို့ရဲ့ရေး သားတင်ပြမှုတွေအပေါ်မှာ
အစိုးရမူဝါဒများကို တည်ဆောက် အကောင်အထည် ဖော်ခဲ့ ကြတယ်။
ဒါပေမယ့် တရုတ်ပြည်
စောင့်ကြည့်လေ့လာသူများ အသုံးပြုခဲ့ကြတဲ့ ကိရိယာ တန်ဆာပလာတွေဟာ ထိရောက်မှု
မရှိခဲ့ဘူး။ စစ်အေးခေတ် တရုတ်ပြည်တွင်း ဖြစ်ရပ်များအပေါ် ၎င်းတို့ရဲ့
အကဲဖြတ်မှုတွေနဲ့ ကြိုတင်ခန့်မှန်းမှုတွေဟာ တိကျမှန်ကန်မှု မရှိဘဲ
အလွဲလွဲအချော်ချော် ဖြစ်ခဲ့တယ်။
စစ်အေးခေတ်ကာလ အဓိကဖြစ်ရပ်များဖြစ်တဲ့
၁၉၅၈-၆ဝ မဟာခုန်ပျံကျော်လွှား တိုးတက်ရေး- Great Leap Foward ၊ ၁၉၅၉-၆၂
တရုတ်-ဆိုဗီယက် အကွဲအပြဲ- Sino- Soviet Split ၊ ၁၉၆၆-၇၆
ယဉ်ကျေးမှုတော်လှန်ရေး- Cultural Revolution ၊ ၁၉၇၆ ခုနှစ် လေးဦးဂိုဏ်း
ကျဆုံးမှု - Downfall of the Gang of Four နဲ့ ၁၉၇၈ ခုနှစ်
တိန့်ရှောင်ဖိန်ရဲ့ အာဏာပြန်ရလာမှု- Deng
Xiaoping 's Return to Power တွေကို တရုတ် စောင့်ကြည့်လေ့လာသူများဟာ ကြိုတင်မမြင်မိခဲ့ ကြဘူး။
ဒီလိုပဲ မျက်မှောက်ခေတ်
တရုတ်စောင့်ကြည့်လေ့လာသူများကလည်း ခေတ်သစ် တရုတ်ပြည်အကြောင်း
လေ့လာဆန်းစစ်ရာ မှာ နောက်ကျန်ရစ်ဆဲ ဖြစ်တယ်။ ရှေးတုန်းက တရုတ်အကြောင်း
စောင့်ကြည့်လေ့လာကြသူတွေဟာ အခြေခံသတင်းအချက် အလက်တွေကို ကြိုးကြိုးပမ်းပမ်း
သည်းညည်းခံ စုဆောင်းကြပြီး အစိုးရရဲ့ ရေးသားပြောဆိုမှုအပေါ် ဖြစ်နိုင်၏၊
မဖြစ်နိုင်၏ အပြန်အ လှန် စဉ်းစားသုံးသပ်ပြီးတော့မှ ဖြစ်တန်ရာကို
ဖော်ပြရေးသားခဲ့ကြတယ်။ အခုခေတ် နောက်ပေါက် စောင့်ကြည့်လေ့လာကြတဲ့
လူငယ်တချို့ကတော့ အဲသလို ဆန်းစစ်မနေတော့ဘဲ တရုတ်အစိုးရရဲ့
ဝါဒဖြန့်ထုတ်ပြန်ချက်တွေကို အရင်းခံအတိုင်း ရေးသား တင်ပြလာကြတယ်။ တကယ်တော့
စောင့်ကြည့်လေ့လာကြသူတွေဟာ သတင်းအချက်အလက်တွေအပေါ် ခွဲခြမ်း
စိတ်ဖြာကြည့်ဖို့ အမြဲလိုအပ်တယ်။ ဒါဟာ အရေးကြီးတာပါ။
စစ်အေးခေတ် စောင့်ကြည့် လေ့လာကြသူတွေဟာ
ကွန်မြူနစ်ဝါဒရဲ့ ပြဿနာတွေကို ဇောင်းပေးပြီး မီဒီယာမှာ အနုတ် လက္ခဏာ
ဖြစ်ရပ်တွေကိုပဲ တောက်လျှောက်ရေးသားတင်ပြခဲ့ကြတယ်။ ဒီကနေ့အထိပဲ
အနောက်နိုင်ငံထုတ် မီဒီယာမှာ ဒီလို ရေး သားနေကြဆဲဖြစ်တယ်။ အနောက်နိုင်ငံ
တွေက ဆန်းစစ်ဝေဖန်ရေးသမား တွေဟာ တရုတ်နဲ့ပတ်သက်ရင် စံနှုန်းတစ်မျိုး-
Double- Standards ကျင့်သုံးပြီး လိုတစ်မျိုး မလို တစ်မျိုး
ရေးသားနေကြဆဲပါပဲ။
ယနေ့ခေတ် ပိုင်းခြား စိတ်ဖြာမှု ဟာကွက်
ဟုတ်ပါတယ်။ လေ့လာဆန်းစစ်တယ်ဆိုတာက
ပြဿနာများအပေါ် စူးစိုက်ကြရတာပါ။ ပညာရှင်တစ်ဦးဟာ ပိုင်းခြားစိတ်ဖြာမှုကို
သံသယ - Scepticism နဲ့စတင်ရတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ
ပိုင်းခြားစိတ်ဖြာမှုဟာ သိပ်ပြီးဘက်လိုက်တယ်။ သိပ်ပြီး ပြဿနာ အပေါ်
ဇောင်းပေးလွန်း တယ်။
ဒီတော့ ဘာဖြစ်သလဲ။ ဘက်လိုက်မှုကင်းပြီး
ဟန်ချက်ညီတဲ့ ပိုင်းခြားစိတ်ဖြာမှု ဖြစ်မလာဘူး။ တစ်ဖက်စောင်းနင်းကြီး
ဖြစ်နေတယ်။ ပမာအားဖြင့် တရုတ်နိုင်ငံဟာ ဒီဂျစ်နှစ်လုံးနဲ့စီးပွားရေး
တိုးတက်လာခဲ့တာ ဆယ်စုနှစ် သုံးခုရှိပြီ။ ကမ္ဘာ့ဒုတိယအကြီးမားဆုံး
စီးပွားရေးလည်း ဖြစ်နေပြီ။ သန်းပေါင်းမြောက်မြားစွာသော ဆင်းရဲ
မွဲတေသူတွေကိုလည်း ကယ်တင်နိုင်ခဲ့ပြီ။ ဒါဟာ အောင်မြင်တဲ့ စီးပွား
ရေးဇာတ်လမ်းတစ်ပုဒ် မဟုတ်လား။
ဒါပေမယ့် တရုတ်ပြည်ကို
စောင့်ကြည့်လေ့လာနေကြသူများဟာ တရုတ်ပြည်ရဲ့ စီးပွားရေး
အောင်မြင်တိုးတက်မှုကို ဘယ်တုန်းက မှ စေ့ငုသေချာ ဆန်းစစ် လေ့လာပြီး
ထဲထဲဝင်ဝင် ရေးသားတင်ပြခဲ့ခြင်း မရှိခဲ့ကြဘူး။ ရေးသားတင်ပြကြပြန်တော့လည်း
သံသယ တစ်ပုံတစ်ခေါင်းကြီးနဲ့။ ဟုတ်ပါတယ်လေ။ တရုတ်ပြည်ကို
စောင့်ကြည့်လေ့လာခြင်းဆိုတာက အစကတည်းက ဟန်ချက်ညီတဲ့ သုံးသပ်ချက်နဲ့
ကောက်ချက်ချဖို့ ရည်ရွယ်ခဲ့တာမှ မဟုတ်ဘဲ။
မင်းရွှေမောင် Ref : The Straits Times, March 13, 2013. မူလစာရေးသူ John Wong သည် The East Asian Institute, National University of Singapore မှ ပညာရှင်တစ်ဦး ဖြစ်ပါ သည်။ |
Tuesday, April 2, 2013
တရုတ်ပြည်ကို စောင့်ကြည့်လေ့လာခြင်း
Labels:အတိတ်က မြိတ်သမိုင်း
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment