Monday, July 29, 2013

လက်ရှိဘဏ္ဍာရေးနှစ်တွင် ကျွန်းသစ် ၁၈၆၆၅၀ တန် ထုတ်လုပ်ရန် လျာထားပြီး ယခင်နှစ်ထက် တန် ၈၀၀၀၀ ခန့် လျှော့ချထုတ်လုပ်မည်



Created on Monday, 29 July 2013 23:51

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျွန်းသစ် ၁၈၆၆၅၀ တန် ထုတ်လုပ်ရန် လျာထားပြီး ယခင်နှစ်ထက် တန် ၈၀၀၀၀ ခန့် လျှော့ချ ထုတ်လုပ်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဇူလိုင် ၂၉ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

သစ်ခုတ်လှဲရန်အတွက် ခုတ်လှဲရန် ကာလကို နှစ် ၃၀ သတ်မှတ်ထားပြီး ခုတ်ရန် အလှည့်ကျသည့် သစ်ကွက်အတွင်းမှ ရောင်းတမ်းဝင်အဖြစ် သတ်မှတ်ရင်စို့လုံးပတ် အရွယ်အစား ရှိသည့် ကျွန်းနှင့်သစ်မာ ပင်များကို ပင်ထောင်ရိုက်မှတ်ကြောင်း၊ သတ်မှတ် အရွယ်အစား မပြည့်သေးသည့် အပင်များကို အနာဂတ် တောထွက် ချန်ပင်အဖြစ် ထားရှိကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။

''သစ်ပုံဆိပ်ကို ရောက်ရှိလာတဲ့ သစ်တွေကတော့ ရောင်းတမ်းဝင် လုံးပတ် အတန်းအစား ပြည့်မီတဲ့တန်းနှင့် သစ်မာများ ဖြစ်ပါတယ်။ အလိမ်၊ အကောက်၊ အခေါင်းနဲ့ အက်ကွဲရာပါတဲ့ သစ်တွေကတော့ သစ်ထုတ်ပြီး သစ်ကွက်အတွင်း ကျန်နေတဲ့ သစ်အလေအလွင့်တွေ ဖြစ်ပါတယ်။ ရောင်းတမ်းမ၀င်သည့် သစ်လုံးသစ်ခွဲသားများ မရှိကြောင်း၊ သစ်အ၀င်အထွက် စာရင်းများကို မှတ်တမ်းတင် ထားရှိကြောင်း၊ ရောင်းချရသည့် ငွေကြေးများ ဆုံးရှုံးနစ်နာမှု မရှိကြောင်း၊ တရားမ၀င် ခုတ်လှဲထုတ်ယူခြင်းများ ရှိပါက အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

သစ်များကို လိုအပ်ချက်အရ ခုတ်လှဲ ထုတ်ယူခြင်းမှအပ တရားမ၀င် ခုတ်လှဲထုတ်ယူသည်များကို စစ်ဆေးတွေ့ရှိပါက ခုတ်လှဲခွင့်ပြုသည့် သစ်တောအရာရှိနှင့် ခုတ်လှဲထုတ်ယူသည့် ကုမ္ပဏီများကို အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း သစ်ထုတ်ယူပြီး သစ်ကွက်များ အတွင်းမှ ကျွန်း သစ်လေသစ်လွင့် ထုတ်လုပ်ရာတွင် ကျွန်းပင်များကိုပါ ခုတ်လှဲထုတ်ယူခဲ့သည့် အတွက် ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် ပါဝင်သူများအား ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁) ဖြင့် တရားစွဲ အရေးယူခဲ့ကြောင်း၊ တာဝန်ရှိသည့် ၀န်ထမ်းအား အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျွန်းသစ် ၂၆၉၅၁၆ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၁၈၆၆၅၀ တန် လျှော့ချထုတ်လုပ်မည် ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သစ်မာ ၁၃၅၅၂၂၇ တန်ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၇၈၇၆၀၀ တန်သာ ထုတ်လုပ်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းပြီး တန်ဖိုးမြင့် သစ်အချောထည်များသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ပုံတောင်ဒေသရှိ သစ်တောဧရိယာ တစ်နေရာအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >>Eleven Media Group << Thanks
Re-posted By ACM 30-7-2013

No comments: