Wednesday, July 31, 2013

မဏ္ဍိုင်သုံးရပ်အား ပြည်သူနှင့် မီဒီယာများ စောင့်ကြည့်ဝေဖန် အကြံပြုသည့်အပေါ် လက်ခံသုံးသပ်ပြီး တာဝန်ကျေကြရမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

မဏ္ဍိုင်သုံးရပ်အား ပြည်သူနှင့် မီဒီယာများ စောင့်ကြည့်ဝေဖန် အကြံပြုချက်များအပေါ် လက်ခံသုံးသပ်ပြီး တာဝန်ကျေကြရမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ဇူလိုင် ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၊ ပြည်ထောင်စုလွှတ်တော် နာယကတာဝန် လွှဲပြောင်းလက်ခံ အပြီးတွင် ပြောကြားသည့် နှုတ်ခွန်းဆက်စကား၌ သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းတစ်ဝက်အား နာယကအဖြစ် တာဝန်ယူဆောင်ရွက်မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိတို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များ၏ ဆောင်ရွက်မှုများကို ပြည်သူများနှင့် မီဒီယာများက စောင့်ကြည့်ကာ အပြုသဘောဖြင့် ဝေဖန်အကြံပြုကြကြောင်း၊ ထိုသို့ အကြံပြုချက်များကို ကောင်းစွာလက်ခံပြီး ပြန်လည်ဝေဖန် သုံးသပ်ကာ ပိုကောင်းအောင် တာဝန်ကျေအောင် ဆောင်ရွက်ကြရမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ခေတ်အဆက်ဆက် အစိုးရ အဖွဲ့များသည် နိုင်ငံတော် တိုးတက်ရေးနှင့် နိုင်ငံသား အကျိုးစီးပွားဖြစ်ထွန်းရန် ရည်မှန်းချက်များ ချမှတ်လုပ်ဆောင် ခဲ့သော်လည်း ရည်မှန်းချက်အတိုင်း ဖြစ်မလာခဲ့ကြကြောင်း၊ နောက်ဆုံးအခြေအနေတွင် မိမိတို့ နိမ့်ကျနောက်ကျ နေရသည်ကို တွေ့ရှိရမည် ဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။
ယခု အစိုးရသစ် လက်ထက်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရည်မှန်းချက်ထားရှိ လုပ်ဆောင်နေပြန်ပြီ ဖြစ်ကြောင်း၊ ယခုအကြိမ်တွင်မူ အတိတ်က ဖြစ်ရပ်များကို သင်ခန်းစာယူ၍ နိုင်ငံအတွက် အမှန်တကယ် ဆောင်ရွက်ဖို့လိုကြောင်း၊ ဆောင်ရွက်ရာတွင် မိမိတို့ အစိုးရအဖွဲ့ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များသည် သစ္စာရှိစွာ၊ တာဝန်ကျေစွာ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ သစ္စာရှိသည်ဟု ဆိုရာတွင် ပြည်သူနှင့် အမှန်တရားအပေါ် သစ္စာရှိခြင်း၊ တာဝတ်ကျေသည်ဟု ဆိုရာတွင် မိမိတို့ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရမည့် ကိစ္စများကို တရားမျှတစွာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားကြခြင်း ဖြစ်ကြောင်းကိုလည်း ထပ်မံပြောကြားသည်။
သူရဦးရွှေမန်း၏ နှုတ်ခွန်းဆက် စကားများထဲတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ခြင်းအပေါ် ဝေဖန်မည့်အစား သင်ခန်းစာယူပြီး အဓိကထား သုံးသပ်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးတို့ ဆောင်ရွက်ရာ၌ မည်သည့်အားနည်းချက်များ ရှိသည်၊ မည်သို့ပြုပြင်မည် ဆိုသည်များကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း၊ လက်တွေ့ထိရောက်စွာ ဆောင်ရွက်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း၊ ယခု အချိန်ကျပြီဖြစ်ပြီး အခြေအနေကောင်းများလည်း ပေးနေပြီဖြစ်ကြောင်း၊ ထို့အတွက် အရေး၊ အပြော၊ ဆောင်ပုဒ်၊ ကြွေးကြော်သံများထက် ရိုးသားမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ နားလည်စာနာမှု၊ စိတ်ရှည်သည်းခံမှု၊ တရားမျှတမှုများဖြင့်သာ ပြည်ထောင်စု စနစ်ဖြင့် မိမိတို့နိုင်ငံကို တည်ဆောက်နိုင်မည်ဟုလည်း ပါရှိသည်။

No comments: