Wednesday, July 31, 2013

မြို့ပတ်ရထားလမ်းတစ်လျှောက် တွဲ ၁၀ တွဲဖြင့် အမှိုက်ရှင်းမည်



ရန်ကုန်၊ ဇူလိုင် ၃၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာ့ မီးရထားတို့ ပူးပေါင်းကာ မြို့ပတ်ရထား လမ်းတစ်လျှောက် ရထားသံလမ်းဘေးရှိ အမှိုက်များကို လာမည့် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၇ နာရီမှ စတင်၍ အထူး တပ်ဆင်ထားသော တွဲ ၁၀ တွဲ ဖြင့် မြန်မာ့ မီးရထားက လိုက်လံ သိမ်းဆည်းမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား (အောက် မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

တွဲဆိုင်း ၁၀ တွဲခန့် ပါဝင်သည့် ရထားဖြင့် ရထားလမ်းတစ်လျှောက် အမှိုက်များကို သိမ်းဆည်းကာ လှော်ကားနှင့် မင်္ဂလာဒုံရှိ အမှိုက် စွန့်ပစ်ရမည့် နေရာများတွင် စွန့်ပစ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျောက်ရေတွင်း၊ ပုရွက်ဆိတ်ကုန်းနှင့် ပုဇွန်တောင် သံလမ်းပိုင်းရှိ အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းကာ မြန်မာ့ မီးရထားက စက်သုံးဆီ စိုက်ထုတ်၍ ယခုနှစ်တွင် လုပ်ငန်း အပ်နှံစနစ် On Call စနစ်ဖြင့် ငါးကြိမ် သိမ်းဆည်းခဲ့ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

“ဒီလို အမှိုက်တွေ သိမ်းပြီးသွားရင် စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေကို အမှိုက်ပုံမှာသာ စနစ်တကျပစ်ဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

မြန်မာ့ မီးရထား (မြို့ပြ ဌာန) ဘတ်ဂျက်ဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း တစ်လျှောက်ရှိ အမှိုက်များ သိမ်းယူခြင်းနှင့် တောချုံ ခုတ်ခြင်း ဆောင်ရွက် ရန် ပုဂ္ဂလိကသို့ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကာ သြဂုတ်လ ၆ ရက်တွင် တင်ဒါပိတ်မည် ဖြစ်ကြောင်း အဆိုပါ တင်ဒါ ကြော်ငြာတွင် ပါရှိသည်။

ရန်ကုန်မြို့ပတ် မီးရထားကို တစ်ရက်လျှင် ပျမ်းမျှ နိုင်ငံခြားသား ၅၀ ဦးနှင့် ခရီးသည် ကိုးသောင်းခန့် အသုံးပြုနေသည်ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

ရထားတွဲဆိုင်းများ သုံး၍ အမှိုက်သိမ်းခြင်းကို ၁၉၉၇ ခုနှစ်မှ စတင်ခဲ့ကာ ယခုနှစ်တွင် လေးကြိမ် ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

No comments: