Wednesday, July 31, 2013

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁နှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်း




၂၉-၇-၂၀၁၃ရက်နေ့က ကျင်းပခဲ့သော ၁၅ရက်မြောက်နေ့
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိမဲဆန္ဒနယ်)၏ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)တွင် မည်ကဲ့သို့သော အကျဉ်းသားများ အကျုံးဝင်သည် (သို့မဟုတ်) အကျုံးမဝင်သည်၊ မည်ကဲ့သို့သော
ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်မှခံစားခွင့် (သို့မဟုတ်) ကင်းလွတ်ခွင့်ရှိ
သည်ကို သိလိုပါကြောင်းမေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုဟ်မှူးချုပ်ကျော်ဇံမြင့်က အကျဉ်းသားများ၏
ပြစ်ဒဏ်များကိုဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက်သာခွင့်
ပေးခြင်းနှင့်လျှော့ပေါ့ပြောင်းလဲခြင်းတို့နှင့် စပ်လျဉ်း၍ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)တွင် ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ
နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူ သဘောတူသည့် စည်းကမ်းချက်တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့်
ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်ဟူ၍ ပြဋ္ဌာန်းထားရာ နိုင်ငံတော်သမ္မတ
သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အကျဉ်းထောင် အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံလျက် ရှိသည့် မည်သည့်အကျဉ်းသားများမဆို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)နှင့် အကျုံးဝင်ပါကြောင်း၊ မည်သည့်အကျဉ်းသားများသည် အကျုံးမဝင်ကြောင်းနှင့် ပြစ်ဒဏ်အမျိုးအစား ခွဲခြားသတ်မှတ်
ပြဋ္ဌာန်ခြင်းမရှိပါကြောင်း၊ တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သူများ
အား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ထိုက်သင့်သော ပြစ်ဒဏ်များကိုကျခံပြီး မိမိအကျိုး၊
ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးအတွက် အများပြည်သူနှင့်အတူ တစ်ဖက်တစ်လမ်းမှ တာဝန် ထမ်းဆောင်သွားနိုင်စေရန် ရည်ရွယ်၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)တွင် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်ပါကြောင်းဖြင့်
ပြန်လည်ဖြေကြားခဲ့ပါသည်။


=================================
အကြောင်းအရာ အပြည့်အစုံကို အောက်ပါ<<>>တွင်ဆက်လက် ဖတ်ရှုနိုင်ပါသည်။
=================================
http://www.pyithuhluttaw.gov.mm/answer/ပြစ်မှုဆိုင်ရာ-ကျင့်ထုံးဥပဒေ-ပုဒ်မ-၄၀၁-အပိုဒ်ခွဲ-၁တွင်-မည်ကဲ့သို့သော-အကျဉ်းသားများအကျုံး

No comments: