Monday, July 29, 2013

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများ၏ သားကောင်သစ်


ဇူလိုင်လ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများ၏ သားကောင်သစ်

ယခုနှစ် အနည်းငယ် အတွင်းတွင် မြန်မာနိုင်ငံ၌ ယခင်က မကြုံဖူး မကြားဖူးသည့် ရာဇ၀တ်မှုတစ်မျိုး မကြာခဏ ဆိုသလို ခပ်စိတ်စိတ် ဖြစ်ပွားလာပါသည်။ ယင်းမှာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုများပင် ဖြစ်သည်။ ယခင်ကလည်း အရွယ်မရောက်သေးသည့် သူများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိခဲ့ဖူးပါသည်။ သို့သော် ယခုနှစ်များအတွင်း မကြာခဏ ဖြစ်ပွားလာသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင်တော့ အကြမ်းဖက်ခံရသူ ကလေးသူငယ်များသည် တွေးမကြည့် နိုင်လောက်အောင် ငယ်ရွယ်လွန်းနေပြီး လမ်းလျှောက်တတ်ခါစ အရွယ်ကလေးငယ်များ၊ မူလတန်းအရွယ် ကလေးငယ်များထိ ဖြစ်နေပါသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးသိမ်မွေ့သော လူမျိုးများ နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားပါသည်။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ဗုဒ္ဓတရားတော်၏ အဆုံးအမနှင့် သိမ်မွေ့စွာ နေထိုင်ခဲ့ကြသော နိုင်ငံဖြစ်ပါသည်။ ဒီလိုနိုင်ငံမျိုးတွင် စိတ်ကူး၍ပင် မ၀ံ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည်မှာ အံ့သြ၀မ်းနည်းစရာ ကောင်းပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်ရန်အတွက် ကလေးသူငယ်များအား ခွင့်ပြုချက် မရှိဘဲ ထိခွင့် ကိုင်ခွင့် နမ်းရှုပ်ခွင့် မဆိုထားနှင့် ဓာတ်ပုံရိုက်ခွင့်ပင် မရှိအောင် ဥပဒေနှင့် တားမြစ်ထားခဲ့သည်။ မြန်မာနိုင်ငံတွင်တော့ ထိုကဲ့သို့ စိတ်မကူးရက်စရာ အကြမ်းဖက်မှုမျိုး ယခင်က မရှိခဲ့ဖူးသည့် အတွက် ချစ်စဖွယ် ကလေးငယ်များကို နမ်းရှုပ်လိုကလည်း နမ်းရှုပ်နိုင်သည်။ ထိကိုင်လိုကလည်း ထိကိုင်နိုင်သည်။ မိဘများကလည်း သဘောတူ ကြည်ဖြူသည်။ သို့သော် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာသည့် ယခုလို အချိန်တွင်တော့ မြန်မာတို့၏ ယဉ်ကျေးပြီး ချစ်စဖွယ် ကောင်းသည့် ဆက်ဆံရေး ပျက်ပြား သွားနိုင်ပါသည်။ မိဘများ အနေဖြင့် လူတိုင်းကို သံသယ မျက်ဝန်းဖြင့် စောင့်ကြည့်နေရမည့် အခြေအနေသို့ ရောက်ရှိနေပြီး မိမိတို့၏ သားသမီး ငယ်လေးများအတွက် ရတက်မအေးစရာများ ဖြစ်လာပါသည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာကို သာမက စိတ်ပိုင်းဆိုင်ရာ ကိုလည်းဆိုးရွားစွာ ထိခိုက်မှု ရှိစေပါသည်။ မိဘတို့၏ ရင်ခွင်ထဲတွင် အေးချမ်းစွာ ပျော်ရွှင်နေသည့် အရွယ်တွင် စိတ်ကူး၍ပင် မရနိုင်သည့် ကြမ်းတမ်းသည့် အတွေ့အကြုံမျိုး ခံစားလိုက် ရသောအခါတွင် ၎င်းအတိတ်ဆိုး၏ ခြောက်လှန့်မှုကို တစ်သက်လုံး ခံစားသွားရ နိုင်ပါသည်။ ထို့အတွက် ယခုပြဿနာသည် ထိရောက်စွာ ဖြေရှင်းရမည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ အနာဂတ်၏ ကလေးငယ်များအား ဥပဒေအရ လုံခြုံစွာ အကာအကွယ်ပေးရန် လိုအပ်ပါသည်။ ထို့ကြောင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းကို အရေးယူရာတွင် သာမန်ရာဇ၀တ်မှု တစ်ခုအဖြစ်သာမက ကလေးငယ်များ၏ အနာဂတ်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု အပေါ်ပါ ထည့်သွင်းစဉ်းစား သုံးသပ်ပြီး ဥပဒေအရ ပြင်းထန်စွာ အရေးယူ ပေးနိုင်ပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

No comments: