Monday, July 29, 2013

ခွပ်ဒေါင်းလုပွဲ လမ်းမထက်က ကျောချင်းကပ် သပိတ်တိုက်ပွဲများ ( သံဒုတ်) - အပိုင်း ၁


December 20, 2011 at 2:08pm
ရှစ်လေးလုံးကာလ စက်တင်ဘာ ၁၈ရက် အာဏာသိမ်းတဲ့ နေ့က ကျွန်တော်က မန္တလေးမှာရောက်နေတယ်။ အဓိကလာရတဲ့ အကြောင်းအရင်း က မန္တလေး သပိတ်တပ်ပေါင်းစုက အထက်ဗမာပြည် သပိတ်တပ်ပေါင်းစု ညီလာခံခေါ်မဲ့ကိစ္စမှာ ကျွန်တော်တို့ ကျောက်ဆည် သပိတ်ကော်မတီ က တတ်နိုင်  ဖက်က ပူးပေါင်းဆောင်ရွက်မလို့ပါ။ အဲဒီနေ့ မတိုင်မှီကထဲက သပိတ်ကာလ အတွင်း ကျွန်တော်အဖေကတော့ မန္တလေးကို   မကြာမကြာ သွားနေတယ်။ အဓိကကတော့ နိုင်ငံရေးကိစ္စတွေကို သူရဲ့ မိတ်ဆွေတွေနဲ့ သွားဆွေးနွေတယ်လို့ပဲ သိရတယ်။ကျွန်တော်အဖေ အနေဖြင့် သပိတ်ကာလ အထက်ဗမာပြည်ညီလာခံခေါ်မဲ့ ကိစ္စသိထားပြီးဖြစ်ပုံရတယ်။ ဒါကြောင့် ကျောက်ဆည်သပိတ်ကော်မတီမှာ ဒီကိစ္စကို ဆွေးနွေးတော့ အားလုံးက သဘောတူထောက်ခံပြီး လူလွှတ်ကူညီဖို့အထိ အစည်းအဝေးမှာကို ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ မန္တလေးကို ဂျစ်ကားနဲ့ လာခဲ့ကြတယ်။

သပိတ်တပ်ပေါင်းစုက မန္တလေးဘုရားကြီးနားက စစ်ကိုင်းသွားတဲ့ လမ်းဘေးက ဓမ္မာရုံတခုမှာ စုရပ်လုပ်ထားပုံရတယ်။ အဲဒီကိုသွားရတယ်။
မန္တလေးရောက်တော့ သပိတ်တပ်ပေါင်းစုက သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူခွဲပြီး နယ်တွေကို လူခွဲပြီးတောင် လွှတ်နေပြီ။
ကျောင်းသား တွေ၊ လူငယ်တွေ လည်းပါတယ်။ အထက်ဗမာပြည် ညီလာခံခေါ်ရေးအတွက် နယ်အသီးသီးမှာရှိတဲ့ သပိတ်ကော်မတီတွေကို စည်းရုံးဆွေးနွေးပြီးရှင်းပြဖို့၊ ညီလာခံကိုယ်စလှယ်ရွေးခိုင်းဖို့လို့  သိရတယ်။ ကျွန်တော်တို့ ကျောက်ဆည်က သပိတ်ကော်မတီဝင်တွေဖြစ်တဲ့ ကိုတင်အေးကိုနဲ့ ဆရာပိတ်တို့ကို မြေလတ်က ငဖယ်ဖက်ကို သွားဖို့တာဝန်ပေးပြီး လွှတ်လိုက် တယ်။ လမ်းတ၀က်မှာ အာဏာသိမ်းတာနဲ့ ကြုံပြီး သွားရမဲ့နေရာတောင်မရောက်ပဲ တော်တော်အခက် အခဲကြုံပြီး ကားကမရှိ ရှေ့ဆက်လို့မရ  ပဲပြန်လာခဲ့ကြတာကို သတိထားမိတယ်။

ကျွန်တော်ကိုတော့ သူတို့က မူဆယ်၊နန်ခမ်း ရှမ်းပြည်ဖက်ကို ကျောင်းသားတွေနဲ့ သွားပေးလို့ရမလားမေးတော့ သွားပေးရန်သဘောတူ လိုက်တယ်။ မန္တလေးသပိတ်တပ်ပေါင်းစုက လူကြီးပိုင်းတော်တော်များများဟာ မ.န.တ လို့ခေါ်တဲ့ အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုလို့ ခေါ် တဲ့  နိုင်ငံရေးပါတီဝင်တွေ ဖြစ်လာတာကို တွေ့ရတယ်။ ကျွန်တော်တို့သွားမဲ့ ခရီးအတွက်ကိုတော့ လက်ဖက် ပွဲရုံတခုက ကားစီစဉ်ပေးမယ် လို့ ပြောပြတယ်။ အဲဒီခရီးစဉ်မှာ နန်းရှေ့က RIT သူငယ်ချင်းတချို့လည်းပါတယ်။ အဲဒီလို ပြောကြ၊ ဆွေးနွေးကြ၊ ခရီးစဉ်အတွက် စီစဉ်နေ တုန်းမှာ အာဏာသိမ်းတာဖြစ်လာပါတယ်။  အမှတ်ရစရာက ရန်ကုန်တက္ကသိုလ်က ကိုလေးလွင် (မကဒ) နဲ့ စုရပ်ဖြစ်တဲ့ ဓမ္မာရုံထဲ စကားပြောနေတုန်း မှာ လေးဒီယိုက အာဏာသိမ်းတဲ့ အကြောင်းကြေငြာ လိုက်တာဖြစ်ပါတယ်။ ကိုလေးလွင်နဲ့ စကားဖြတ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရှိရာ ဆုံရာ စုဝေရာ ရတနာဘုံမိ မန္တလေးတက့္ကသိုလ်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ အမှတ် ၂၂ အထက ကျောင်းဖက်ထွက်လာခဲ့ပါတယ်။ အဓိကကတော့ ကိုယ်နဲ့ရင်းနှီးတဲ့ RIT သူငယ်ချင်းတွေလည်း အဲဒီမှာရှိတာကြောင့် တိုင်ပင် ဆွေးနွေးလို့ရနိုင်တာကြောင့် ဖြစ်ပါတယ်။

ညရောက်တဲ့အခါ ကျောင်းသားအားလုံးကို ဘုရားကြီးက မီးသတ်ရုံးထဲမှာ ဖွင့်ထားတဲ့ သပိတ်တပ်ပေါင်းစုက ခေါ်တယ်လို့ထင်ပါတယ်။ အဲဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှာရှိတဲ့ ကျောင်းသားအားလုံးဟာ သပိတ်စခန်းကနေ ခြေလျှင် တန်းစီ ပြီး ကျောင်းသားသမဂ္ဂ သီချင်းများဆိုပြီး ချီတက်သွားခဲ့ကြပါတယ်။ အမှန်တော့ ရတနာဘုံမိတက္ကသိုလ်နဲ့ ဘုရားကြီးဟာ တော်တော်ဝေးတဲ့  ခရီးပါ။ ဒါပေမဲ့ အားလုံက တက်ကြွနေကြတာကြောင့် ဝေးမှန်းတောင်မသိကြပါဘူး။ မကြာပါဘူး စစ်ကားတစီးနဲ့ထိပ်တိုက်တိုးကြတော့တာ  ပါ။ နန်တွင်းထဲသွားမဲ့ မျက်ပါးရပ်ဖက်ကလာတဲ့ မန္တလေးမြို့ခံတပ်လို့ထင်ပါတယ်။  ကျွန်တော်တို့အားလုံးကလည်း ကျောင်းသားသမဂ္ဂသီချင်း  ဆိုပြီး လမ်းဖယ်မပေးပဲ စစ်ကားကို ပိတ်ရပ်ပြီး  သမဂ္ဂသီးချင်းဆိုပြီး လမ်းမလယ်မှာ ရပ်နေကြပါတယ်။ စစ်ကားလည်း ဆက်မောင်းလို့မရ ကျွန်တော်တို့ ကျောင်းသားတွေလည်း ချီတက်မရ တင်းတင်းမာမာ ဖြစ်နေကြတာပါ။ ရပ်ကွက်ထဲက လူတွေက ထွက်လာပြီး ကြည့်နေကြပါတယ်၊ နောင်ဆုံးမှာတော့ ထိပ်တိုက်မဖြစ်ချင်တာကြောင့် စစ်ကားသွားဖို့ ခွင့်ပြုလိုက်ပါတယ်။ ဘုရားကြီးက တပ်ပေါင်းစု သပိတ်စခန်းကို ချောမောစွာရောက်ရှိပြီး တညလုံး လုံခြုံရေးယူခဲ့ကြရပါတယ်။

စက်တင်ဘာ ၁၉ရက်နေ့မှာတော့ ဆုံရပ်ဖြစ်တဲ့ အမှတ် ၂၂ အထကမှာ ပြန်လာခဲ့ကြပါတယ်။ အာဏာသိမ်းလိုက်တာကြောင့် အခြေ အနေတွေက ဘာဖြစ်မှန်းမသိ ခန့်မှန်ရခက်နေပြီး အထက်ဗမာပြည် ညီလာခံခေါ်ယူရေး ခရီးစဉ်ကို တော့မဖျက်သေးပါဘူး၊ အဲဒီနေ့မှာပဲ လက်နက်ကိုင်တော်လှန်ဖို့ တောခိုဖို့ စဆွေးနွေးနေကြပါပြီ။ ရတနာဘုံမိ တက္ကသိုလ်ဖက်မှာလည်း မန္တလေးတ့က္ကသိုလ် ကျောင်း သားများက သပိတ်စခန်းဖွင့်ထားပါတယ်။ တံခါးမှာ ခွပ်ဒေါင်းအလံကို ချိတ်ဆွဲထားပါတယ်။  နေ့လည် အချိန်လောက်မှာတော့ စစ်တပ်က ခြေလျှင် ချီတက်လာပြီး ခွပ်ဒေါင်းအလံကို ဖြုတ်ချပြီးယူသွားပါတယ်။

စစ်တပ်က ခွပ်ဒေါင်းအလံကို ဖြုတ်ချပြီးယူသွားပြီဆိုတဲ့ သတင်းကို ကြားလျှင် ကြားချင်းအားလုံးဟာ ဒေါသလည်းဖြစ်ကာ မခံမ ရပ်နိုင်ဖြစ်သွား ကြပါတယ်။ အားလုံးဟာ လူစုနဲ့ချီတက်ပြီး မရရအောင် ဖြစ်တဲ့နည်းနဲ့ စစ်တပ်လက်ထဲကပြန်ယူမယ်ဆိုပြီး သဘောတူ ဆန္ဒပြုလိုက်ကြပါတယ်။ စစ်တပ်က တက္ကသိုလ်နဲ့ မနီးမဝေက မီးရထားသံလမ်းအရှေ့ဖက်မှာ တပ်ဆွဲထားပါတယ်။ ကျောင်းသားအားလုံးဟာ ရရာ ရှိတဲ့ လက်နက်တွေနဲ့ လေးဂွတွေ ဂျင်ဂလိတွေ ခဲတွေ ဒါးတွေကိုင်ပြီး စစ်တပ်တပ်ဆွဲထား တဲ့နေရာ ကို ကျောင်းသား သမဂ္ဂ  သီချင်းတွေဆိုပြီး ချီတက်ကြပါတယ်။ မန္တလေးအခေါ်ဆိုရင်တော့ အေလမ်းပေါ်ကို ဖြတ်ထားတဲ့ မီးရထားသံလမ်း အရှေ့ဖက်မှာ စစ်တပ်က တပ်ချထားတယ်လို့ ပြောရမှာပါ။ အေလမ်းပေါ် မီးရထားသံလမ်းရဲ့ တခါးနားရောက်တော့ စစ်တပ်က ကျောင်းသားတွေကို ချီတက် ခွင့်မပေးတော့ပဲ သံလမ်းတခါးလဲပိတ်ထား သေနတ်ကို မောင်းတင်ပြီး ချိန်ထားလိုက်ပါတော့တယ်။
ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂသီချင်းကို စစ်တပ်ရှေ့မှာ သံပြိုင်ကို သီဆိုကြပါတယ်။ အလံကိုပြန်ပေးဖို့ ပြောတဲ့သူကပြော ဂျင်ဂလိတွေနဲ့ ချိန်ထားတဲ့သူတွေကချိန် အနီးကပ်ကို ထိပ်တိုက်တွေ့နေကြပါတယ်။ တချို့စစ်သားတွေက လန့်နေပုံရပါတယ်။ ကျောင်းသားအားလုံးဟာ ကြောက်စိတ်ကင်းမဲနေကြပါတယ်။ တချို့က ခဲလုံးတွေ စပစ်နေပါပြီ။
စစ်ဗိုလ်က သူအမိန့်မပေးပဲ ဘာမှမလုပ်ဘို့ သူ့စစ်သားတွေကို ပြောနေပါတယ်။ ဘယ်လောက်အထိ ကပ်နေသလဲဆိုရင် သံလမ်း ဟိုဖက်ဒီဖက်လို့တောင်ပြောရမှာပါ။ အလယ်ကောင်မှာက စစ်ဗိုလ်နဲ့ ကျောင်းသားတချို့ အလံပြန်ပေးဖို့ ဆွေးနွေးနေကြပါတယ်။
ကျောင်းသားအားလုံးက ချီတက်ပြီး ဇွတ်ယူရန် ညာသံပေး အော်ဟစ်နေကြတာပါ။ဖြစ်ချင်ရာဖြစ် ကြောက်စိတ်မရှိကြပါဘူး။
နောက်ဆုံးတော့ စစ်ဗိုလ်က ခွပ်ဒေါင်းအလံကို သွားယူပြီး ကျောင်းသားတွေ လက်ထဲကို ပြန်ထည့်ပေးလိုက်ရပါတော့တယ်။

ကျောင်းသားအားလုံးဟာ ခွပ်ဒေါင်းအလံကို ရင်ဝယ်ပိုက်၍ ကျောင်းသားသမဂ္ဂသီချင်းဆို၍ အောင်မြင်ဝမ်းမြောက်စွာ ပြန်လာခဲ့ကြပါတယ်။ ရတနာဘုံမိ မန္တလေးတက္ကသိုလ် တခါးဝတွင် ခွပ်ဒေါင်းအလံကို ပြန်ချိတ်ဆွဲထားလိုက်ကြပါသည်။

ကျောချင်းကပ်တိုက်ပွဲပေါ့။

နောက်နေ့မှ ဆက်ပါအုံးမည်။

( သံဒုတ် )

http://www.thandoke8888.blogspot.com/

No comments: