Monday, July 29, 2013

နှစ်လတာ ကာလအတွင်း ဆန်၊ ဆီ၊ သားငါးနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်


Tuesday, July 30, 2013

ဈေးကွက်အတွင်း၌ ဆန်၊ ဆီ၊ သားငါးနှင့် အခြေခံ စားသောက်ကုန်စည် ဈေးနှုန်းများမှာ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ (ကျပ် ၁၀၀ မှ ၂၀၀၀ ကျပ်) ဈေးမြင့်တက်မှု များ ဖြစ်ပေါ်နေကြောင်း လက်လီဈေးကွက် အတွင်းမှ သိရသည်။

ဆန်ဈေးကွက် အတွင်း၌ ဆန်ချောနှင့် ဆန်ကြမ်းများအားလုံး ဈေးမြင့်နေခြင်း ဖြစ်ပြီး ဆန်ချောဖြစ်သော ရွှေဘိုပေါ်ဆန်းမှာ ယခင်က တစ်အိတ်လျှင် ကျပ် ၃၃၅၀၀ မှ ယခု ကျပ်၃၅၀၀၀၊ ဆန်ကြမ်းဖြစ်သော ဇီယာမှာ တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ မှ ကျပ် ၂၁၅၀၀ သို့ မြင့်တက်သွားပြီး အမျိုးအစား အလိုက် အနိမ့်ဆုံး ကျပ် ၅၀၀ မှ ၁၀၀၀ အထိ ဈေးတက်ခဲ့သည်။

ငါးဈေးများမှာလည်း ဈေးကွက်အတွင်း ၀ယ်ယူမှုများသည့် ငါးမြစ်ချင်း၊ ငါးကြင်းနှင့် တီလားဗီယား ဈေးနှုန်းများမှာ ယခင်လများထက် မြင့်တက်လျက်ရှိပြီး မိုးရာသီ ဖြစ်သဖြင့် ငါးများဈေးကွက်အတွင်း ၀င်ရောက်မှု နည်းပါးခြင်းကြောင့် ဈေးနှုန်းမြင့်တက် နေခြင်းဖြစ်ကာ လက်လီဈေးကွက်၌ပါ လိုက်ပါမြင့်တက်နေခြင်း ဖြစ်ကြောင်း ငါးဒိုင်များမှ စုံစမ်းသိရှိရသည်။

ယခင်က ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၂၂၀၀ မှ ၂၅၀၀ ရှိခဲ့ရာ ယခုအခါ တစ်ပိဿာ ကျပ် ၃၅၀၀ မှ ၄၀၀၀ အထိရှိပြီး၊ ငါးကြင်း တစ်ပိဿာလျှင် ယခင်က ကျပ် ၄၀၀၀ ရှိရာမှ ယခုအခါကျပ် ၆၀၀၀ အထိ မြင့်တက်နေကြောင်း သိရသည်။ တီလားဗီယား တစ်ပိဿာလျှင် ယခင်ကျပ် ၁၀၀၀ မှ ၁၂၀၀ ၀န်းကျင် ရှိခဲ့ရာ ယခုအခါ တစ်ပိဿာကျပ် ၁၅၀၀ အထိ မြင့်တက်လျက် ရှိသည်။

ဈေးအပေါဆုံး ပင်လယ်ငါးဖြစ်သော ငါးသေတ္တာငါးများမှာလည်း ယခင်ဒိုင်ဈေး တစ်ပိဿာကျပ် ၈၀၀ မှ ၁၀၀၀ ၀န်းကျင်သာ ရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၁၈၀၀ မှ ၁၉၀၀ သို့ မြင့်တက်နေခြင်းကြောင့် ငါးအမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၅၀၀ မှ ၂၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဆန်နှင့်ငါး ဈေးများနည်းတူ အသားဈေးမှာလည်း မြင့်တက်လျက် ရှိကြောင်း သိရသည်။ မွေးမြူရေးကြက် တစ်ပိသာလျှင် ယခင်ကကျပ် ၅၀၀၀ မှ ယခု ၆၅၀၀ ကျပ် သို့လည်ကောင်း၊ အိမ်ကြက် တစ်ပိသာလျှင် ကျပ် ၆၀၀၀ မှ ယခုအခါ တစ်ပိသာ ကျပ် ၇၅၀၀ သို့ လည်းကောင်း၊ ၀က်သားတစ်ပိဿာ ကျပ် ၅၀၀၀ မှ ယခုအခါ တစ်ပိသာ ကျပ် ၆၅၀၀၀၊ အမဲတစ်ပိဿာလျှင် ယခင်က ကျပ် ၅၀၀၀ မှ ယခုအခါ တစ်ပိသာကျပ် ၇၀၀၀ မှ ၇၅၀၀ အထိ အသီးသီး မြင့်တက်ခဲ့ခြင်းကြောင့် ပျမ်းမျှအားဖြင့် တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အထိ မြင့်တက်နေခြင်း ဖြစ်သည်။

စားအုန်းဆီမှာမူ ဇွန်လအတွင်း၌ တစ်ပိဿာလျှင် ကျပ် ၁၀၀ မြင့်တက်မှု ရှိခဲ့ပြီး ယခုဈေးကွက် အတွင်းတွင် ယခင်က မြင့်တက်ခဲ့သည့် ဈေးအတိုင်း ရောင်းချလျက်ပြီး တစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ တစ်ဆယ်သားလျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

နယ်ပဲဆီ၊ ပဲရောဆီနှင့် ပဲဆီရှယ်များမှာမူ ဈေးနှုန်းပြောင်းလဲမှု မရှိပဲ တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၅၀၀ အတွင်းရှိကြောင်း ဆီဆိုင်များမှ သိရသည်။

အခြေခံ စားသောက်ကုန်စည်များတွင် ပါဝင်သည့် ကြက်သွန်၊ အားလူးနှင့် ကြက်ဥ၊ ဘဲဥဈေးနှုန်း များမှာလည်း မြင့်တက်လာကြောင်း သိရသည်။

ကြက်သွန်နီဈေးမှာ ကုန်စည်ဒိုင်များတွင် လှောင်လက်များမှ လိုက်လံဝယ်ယူမှုကြောင့် ဈေးမြင့်နေကြောင်း၊ လက်လီဈေးကွက် အတွင်း၌ ကြက်သွန်နီ တစ်ပိဿာလျှင် ယခင်က ၄၅၀ ကျပ်မှ ယခု ၅၅၀ အထိ တက်လာပြီး ကြက်သွန်ဖြူဈေးမှာ ယခင်က တစ်ပိဿာလျှင် ကျပ် ၂၄၀၀ ရှိပြီး ယခုတစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဖြင့် ရောင်းချလျက်ရှိပြီး ကြက်သွန်ဖြူ၊နီဈေးမှာ ကျပ် ၁၀၀ ၀န်းကျင် မြင့်တက်ခဲ့သည်။

အာလူးဈေးနှုန်းမှာ ဈေးကွက် အတွင်း၌ ဇွန်လမှ စတင်၍ တစ်ပိဿာဈေးမှာ ယခင်က ကျပ် ၆၀၀ မှ ၈၀၀ ဈေးရှိခဲ့ရာ ယခုအခါ တစ်ပိဿာ ၁၁၀၀ မှ ၁၂၀၀ ကျပ်ဖြင့် ရောင်းချနေပြီး တစ်ပိဿာ ကျပ် ၆၀၀ အထိ ဈေးတက်ခဲ့ခြင်း ဖြစ်သည်။

ကြက်ဥနှင့် ဘဲဥဈေးနှုန်းများသည် ယခင်က ကြက်ဥအလုံး ၃၀ ပါ တစ်ကဒ်လျှင် ကျပ် ၂၇၀၀မှ၂၈၀၀၊ ယခုအခါ တစ်ကဒ်လျှင် ကျပ် ၃၅၀၀ မှ ၃၆၀၀၊ တစ်လုံးဈေးမှာ ၉၀ ကျပ် မှ ၁၄၀ ကျပ်အထိ၊ ဘဲဥ တစ်ကဒ်လျှင် ကျပ် ၂၈၀၀ မှ ယခု ကျပ် ၃၆၀၀၊ တစ်လုံးချင်းဈေးမှာ ကျပ်၁၀၀ မှ ၁၄၀ အထိ ဈေးနှုန်းမြင့်တက် လာခြင်းဖြစ်ကြောင်း လက်လီဈေးကွက် အတွင်းမှ သိရသည်။

ဆန်၊ ဆီ၊ သားငါး အပါအ၀င် အခြေခံ စားသောက်ကုန်များ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက် ရခြင်းမှာ မိုးများဆက်တိုက် ရွာသွန်းမှုကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ကုန်ပစ္စည်း အ၀င်နည်းခြင်း တို့ကြောင့် ဖြစ်ကြောင်း လက်လီ၊ လက်ကား ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

Eleven Media Group

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဒညင်းကုန်း ဘူတာဈေး မြင်ကွင်း

No comments: