Monday, July 29, 2013

ဦးသံချောင်း(ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းမှာ အငြင်းပွားဖွယ်ဖြစ်နေ

"ABSDF သိက္ခာကျတာပေါ့ရှင်။မရှင်းနိုင်ရင်၊အမှန်ကိုမပြင်နိုင်ရင်စစ်တပ်နဲ့ဘာထူးလဲလို့ပြောစရာရှိသွားတာပေါ့။ ABSDFကိုတော်တော်လေးစားခဲ့ကျတာပါ။တကယ်အမှန်ဒုက္ခခံရတဲ့သူတွေရဲ့ပေးဆပ်မှူ နဲ့ယုံကြည်မှူသိက္ခာတွေပါကျတာပေါ့ရှင်။စိတ်မကောင်းစရာပါ။

-------------------------------------------------------
ABSDF မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေဆဲ ဦးသံချောင်း(ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းမှာ အငြင်းပွားဖွယ်ဖြစ်နေ


ပါဂျောင်တွင် အစိုးရ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသော ကျောင်းသားလူငယ် အချို့
ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်
ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေရဆဲ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံနှင့် RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းအပေါ် အငြင်းပွားဖွယ် ဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးတွင် ဦးသံချောင်းအဖွဲ့မှ အဖွဲ့ဝင် ၂၉ ဦး ပါဝင်ခဲ့ပြီး ဦးသံချောင်းမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ဦးသံချောင်းကို မည်သို့သဘောထားသနည်းဆိုသော မေးခွန်းကို မေးမြန်းရာ၌ ထိုကဲ့သို့ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။
"ကျွန်တော့်အနေနဲ့ မြင်တာကတော့ သူကရာဇ၀တ်မှုကို ကျူးလွန်ခဲ့တယ်။ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ် ၃၈ ယောက်ကို သတ်တဲ့အထဲမှာ သူလည်းပါတာပဲ။ ကိုယ်ကတော့ သူ့ကို နိုင်ငံရေး အကျဉ်းသားတစ်ဦးလို့ မမြင်ဘူး။ ရာဇ၀တ်သား တစ်ဦးလို့ပဲ မြင်တယ်။ ခံခဲ့ရတဲ့ ကာယကံရှင်တွေကတော့ သူ့ကိုတရားစွဲမှာပဲ။ အခုလည်း စွဲနေကြတယ်။ တရားစွဲတဲ့အခါ အချို့နေရာတွေမှာ အမှုသက်သေ မခိုင်လုံလို့ဆိုပြီး ပယ်ချတာ ရှိတယ်။ ဒါကြောင့် ကိုယ်တို့နိုင်ငံတော် သမ္မတအထိ တင်နေတယ်။ ကိုသံချောင်းကိုလည်း ဦးစိန်အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး CID က ၀င်စစ်ထားတာ ရှိတယ်" ဟု ABSDF (မြောက်ပိုင်း)တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ဦးသိန်းထွန်းက ပြောကြားသည်။
ဦးသံချောင်းသည် ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌ အဓိက တာဝန်ရှိသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း)မှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ပြောကြားပါသည်။ လက်ရှိအချိန်တွင် ပါဂျောင်ဒေသ၌ ဖြစ်ပေါ်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ကျူးလွန်သူများအား အရေးယူခြင်း မရှိသေးသည့်အပြင် နစ်နာသူများ၏ တိုင်ကြားချက်များကိုလည်း အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။
ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင်အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၉ ဦးရှိခဲ့ . . .
"သူတို့ ကျူးလွန်ခဲ့တာက အရမ်းဆိုးဆိုးဝါးဝါးကြီးလေ။ ဒါကြောင့် သံချောင်းကို နိုင်ငံရေးသမား တစ်ယောက်လို့ ကျွန်မတော့ မသတ်မှတ်ဘူး။ အဲဒီလို သတ်မှတ်လိုက်တာနဲ့ အခြားနိုင်ငံရေး သမားတွေရဲ့ ဂုဏ်သိက္ခာပါ လျော့သွားမှာပေါ့နော်။ ဒီလို အပြစ်ကြီး ကျူးလွန်ခဲ့တာကိုက လူ့အခွင့်အရေးဘက်ကပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘက်ကပဲ ဖြစ်ဖြစ် ခွင့်လွှတ်လို့ မရနိုင်တဲ့ ပြစ်မှုကြီးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ဖြစ်ခဲ့တာ ဆိုပေမယ့် အခုအချိန်အထိတောင် အစ်မတို့ ခံစားနေရတုန်းပဲ။ အစ်မတို့ အဖေတွေ ခံစားခဲ့ရတဲ့ အချိန်တုန်းက တရားမျှတမှု မရှိခဲ့ပါဘူး။ အစ်မတို့ကတော့ သူတို့ကို တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ သူဟာအပြစ်ရှိရင် ရှိမှန်း လူသိထင်ရှား အားလုံးက လက်ခံစေချင်တယ်။ သူအပြစ်ရှိတဲ့ အကြောင်းကို သူကိုယ်တိုင်လဲ သိရမယ်။ သူအပြစ်လုပ်လို့ လုပ်တာက တခြား၊ အစိုးရကို ဆန့်ကျင်လို့ နိုင်ငံရေးသမား ဖြစ်တာက တခြားဆိုတာကို အစ်မတော့ လက်မခံဘူး။ အစ်မတို့တွေစုပြီး နိုင်ငံတော်သမ္မတဆီ စာတင်ထားတာ ရှိတယ်။ နှစ်လကျော်နေပြီ။ အခုအချိန်အထိတော့ ဘာမှအကြောင်းပြန်တာ မရှိသေးဘူး" ဟု ABSDF (မြောက်ပိုင်း) ၌ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် သေဆုံးခဲ့ရသူ ဦးစိန် (မှိုင်းရာပြည့် ကျောင်းသားဟောင်း၊ ဒီးဒုတ်ဂျာနယ် ထုတ်ဝေသူ) ၏ သမီး ဒေါ်စန်းစန်းအေးက ပြောကြားသည်။
ထို့အတူ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရကာ ABSDF (မြောက်ပိုင်း) ရှိ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူပုံအလယ်၌ အ၀တ်အစားများချွတ်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူ ရန်ကုန်တက္ကသိုလ် ဒုတိယနှစ် (မြန်မာစာ) ကျောင်းသူ မခင်ချိုဦး၏ဖခင် ဦးတင်ပိုက အမှန်တရားကိုသာ လိုလားပြီး တရားဥပဒေအတိုင်း ဖြစ်စေလိုကြောင်း ပြောကြားပါသည်။
"သမ္မတဆီ စာတင်ထားတာ နှစ်လကျော်နေပြီ။ အခုအချိန်အထိ ဘာမှအကြောင်းမပြန်ဘူး။ မိသားစုတွေ အနေနဲ့ ဖြစ်စေချင်တာကတော့ မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တယ်။ ဒို့သားသမီးတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲတယ်။ ဒါကဟုတ်မှ မဟုတ်တာဘဲ။ ကိုယ့်သမီးဘာလဲ ဆိုတာတော့ ကိုယ်သိတာပေါ့။ အဲဒါကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုဖို့ နှစ်ပေါင်း ၂၀ ကျော် စောင့်ခဲ့ရတာ။ အခုအချိန်အထိ အမှန်တရားက မပေါ်ခဲ့သေးဘူး။ ဒို့တွေကတော့ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေအတိုင်းလဲ အရေးယူ စေချင်တယ်။ သူ့မှာရှိတဲ့ အပြစ်အတိုင်းကိုလည်း လူတွေက အသိအမှတ်ပြုဖို့ လိုတယ်။ ပြီးတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်တာက သံချောင်း တစ်ယောက်တည်း မဟုတ်ဘူး။ နောက်ထပ်လေးငါးယောက် ကျန်သေးတယ်။ တရားခံတွေ အကုန်လုံး တရားဥပဒေအတိုင်း ဖြစ်စေချင်တာက မိသားစုတွေရဲ့ ဆန္ဒပဲ" ဟု ဦးတင်ပိုက ပြောကြားသည်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရ သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး စစ်ထောက်လှမ်းရေးဟုပင် စွပ်စွဲခံရကာ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ ဓားဖြင့်ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် မန္တလေးမှ ကိုချိုကြီး၏အစ်မ ဒေါ်သင်းသင်းဝင်းကလည်း ဦးသံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကား အနေဖြင့်သာ သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။
http://news-eleven.com/politics/21599

No comments: