Tuesday, July 30, 2013

နိုင်ငံတော်အတွက် ကွန်ပျူတာ ပညာရှင်များ မွေးထုတ်ပေးလျက်ရှိသော ကွန်ပျူတာ တက္ကသိုလ်(မြိတ်)


--------------------------------

မြိတ်-တနင်္သာရီ ကားလမ်းမ၌ မော်တော်ယာဉ်ဖြင့် ဖြတ်သန်း သွားလာသည့် အကြိမ်တိုင်း မြိတ်မြို့၏ အထင်ကရ ကွန်ပျူတာ တက္ကသိုလ် နယ်မြေသည် ပတ်ဝန်း ကျင်တွင်ရှိသော ရာဘာ၊ ဆီအုန်းပင်များဖြင့် သုံးထပ်ပင်မ ကျောင်းဆောင် ကြီးဖြင့် ခန်းနား ထယ်ဝါလှပေသည်။ နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံဖြစ်စေရန် အတွက် လိုအပ်သော ကွန်ပျူတာ Software နှင့် Hardware ပညာရှင်များ မွေး ထုတ်ပေးလျက် ရှိသော ကွန်ပျူတာ တက္ကသိုလ်(မြိတ်)သည် မြိတ်-တနင်္သာရီကား လမ်း နံဘေး မြိတ်မြို့မှ (၈)မိုင် (၇)ဖာလုံခန့် ဝေးသော စန္ဒ၀တ်ကျေးရွာ အုပ်စု ရွှေဒူးကျေးရွာ တွင် တည်ရှိ ပါသည်။

ကွန်ပျူတာ တက္ကသိုလ်သည် ၂၀၀၀ခုနှစ် စက်တင်ဘာလ(၄) ရက်နေ့တွင် အစိုးရ ကွန်ပျူတာ ကော့လိပ် အဖြစ် မြိတ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံင်္ွ့ဖြိုးရေး အသင်းရုံးတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ခုနှစ် မတ်လ(၄) ရက်နေ့တွင် စန္ဒ၀တ်ကျေး ရွာတွင် ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၇ခုနှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် အစိုးရကွန်ပျူတာ ကော့လိပ်မှ ကွန်ပျူတာ တက္ကသိုလ်(မြိတ်)အဖြစ် နိုင်ငံတော်မှ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေခဲ့ ပါသည်။ ၂၀၁၂ခုနှစ် မေလ(၁၅)ရက်နေ့တွင် ရွှေဒူးကျေး ရွာ၌ ယုဇန ဆောက်လုပ်ရေးမှ တာဝန်ယူတည် ဆောက်လျက် ရှိသော သုံးထပ် ပင်မကျောင်း၏ ညာဘက်ခြမ်း(၂၁)ခန်းသို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ ယုဇန ဆောက်လုပ်ရေးမှ ၂၀၁၃ခုနှစ် မတ်လ(၃၁) ရက်နေ့တွင် သုံးထပ်ပင် မကျောင်းကို တည်ဆောက် ပြီးစီးခဲ့သည်။

ကွန်ပျူတာ တက္ကသိုလ် (မြိတ်)တွင် ကျောင်းအုပ်ကြီး ဒေါက်တာ သန္တာဝင်း၊ ဆရာ၊ ဆရာမများနှင့် စီမံခန့်ခွဲရေး ၀န်ထမ်း စုစုပေါင်း(၃၉)ဦးမှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် ဂုဏ်ထူးတန်း ကျောင်းသား/သူ (၁၃၃)ဦးကို ကွန်ပျူတာ Software နှင့် Hardware ပညာရပ်များ၊ ကွန်ပျူတာ အသုံးချပညာရပ်များ၊ ကွန်ပျူတာ ပြုပြင် ထိန်းသိမ်း နည်းပညာရပ်များ၊ ကွန်ပျူတာ ကွန်ယက် ချိတ်ဆက်မှု ပညာရပ်များကို စာတွေ လက်တွေ့ သင်ကြား ပို့ချပေးလျက်ရှိပါသည်။ တက္ကသိုလ်တွင် ကျောင်းသား/သူများ ကွန်ပျူတာ အသုံးပြုရန်နှင့်လက်တွေ့ ပြုလုပ်ရန်အတွက် DANYO မီးစက်ကြီး ဖြင့်သာ လျှပ်စစ်မီး ရရှိအောင် မောင်းနှင် အသုံးပြုလျက်ရှိရာ ကျောင်းသားတစ်ဦး ကွန်ပျူတာ တစ်လုံးဖြင့် တစ်ပတ်လျှင်(၄)နာရီ သင်ကြားပေးလျက် ရှိပါသည်။

ကွန်ပျူတာတက္ကသိုလ်(မြိတ်)အနေဖြင့် ဘွဲ့ ဘွဲ့လွန်ဒီပလိုမာရရှိသော ကွန်ပျူတာ ပညာရှင်များမှာ ၂၀၀၂ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ B.C.Sc (၃၄၅)ဦး၊ B.C.Tect (၁၂၀)ဦး၊ B.C.Sc(Hons;) (၁၀၄)ဦး၊ B.C.Tect(Hons;) (၃၀)ဦး၊ D.C.Sc (၅၇)ဦး၊ D.C.A (၁၀)ဦး၊ M.I.Sc (၉)ဦး၊ M.C.Sc (၇)ဦး၊ M.C.Tect (၃)ဦး၊ MA.Sc (၁)ဦး၊ D.C.M (၃)ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ တက္ကသိုလ်တွင် ပညာသင်ကြား ပေးလျက် ရှိသော ဆရာ/မများအား ကျောင်းအုပ် ကြီးမှ ဦးဆောင်၍ သင်ကြားရေးမွမ်းမံသင်တန်းများ ကိုဌာနတွင်းဘာသာရပ် အလိုက် လေ့ကျင့်သင်ကြားခြင်း ဆောင်ရွက်လျက်ရှိသည်။

ကွန်ပျူတာတက္ကသိုလ်(မြိတ်)အနေဖြင့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန် စာတွေ့ လက်တွေ့များကို ဟန်ချက်ညီညီ လေ့ကျင့်သင်ကြားပို့ချပေးမည့် ကာလတိုသင်တန်းများအဖြစ် အခြေခံ ကွန်ပျူတာအသုံးချ သင်တန်း၊ အဆင့်မြင့် ကွန်ပျူတာအသုံးချသင်တန်း၊ အခြေခံကွန်ပျူတာ ပြုပြင်ထိန်းသိမ်းရေးသင်တန်း၊ အဆင့်မြင့် ကွန်ပျူတာပြုပြင်ထိန်းသိမ်းရေးသင်တန်း (၂)လသင်တန်း၊ (၂)လခွဲ သင်တန်းများကို စနေ၊ တနင်္ဂနွေ နေ့များတွင် တစ်ပတ်လျှင်(၁၄)နာရီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကွန်ပျူတာတက္ကသိုလ်(မြိတ်)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရန်အတွက် အဖက်ဖက်မှ အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့် ၀သော ကွန်ပျူတာပညာရှင်များ မွေးထုတ်လျက် လူစွမ်းအားအရင်း အမြစ်ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို အရှိန်ဟုန် မပျက် ဆောင်ရွက် လျက်ရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
IPRD MYEIK

No comments: