Monday, July 29, 2013

၂၀၁၅ အထိ ဗိုလ်ချုမှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ် .

မေး။ ။ အခုပြောတဲ့အထဲမှာ ဒေါ်အောာင်ဆန်းစုကြည်ရဲ့ ၂၀၁၅မှာဖြစ်လာမယ့် အခန်းကဏ္ဍကို လျှော့ချတဲ့အနေနဲ့ အခုလိုအခြေအနေတွေ ဖြစ်နေတယ်လို့ ယူဆပါတယ်။ အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို လျော့ချချင်တဲ့သူတွေက ဘယ်သူတွေများဖြစ်နိုင်မလဲ။

ဖြေ။ ။ ပြောဖို့ခက်တယ်ဗျ။ ကျွန်တော်ဒါနဲ့ပတ်သက်လို့ ဘယ်သူ ဘယ်ဝါဆိုတာပြောရခက်တယ်။ ဒါပေမဲ့ သေချာတာကတော့ ဒါနဲ့ပတ်သက်လို့ မြန်မာပြည် ၂၀၁၅ မှာ တည်ငြိမ်ဖို့အတွက်ကို ၂၀၁၅ ကို ချောချောမွေ့မွေ့နဲ့ ဖြတ်သန်းဖို့အတွက်ဆိုရင် အချက်သုံးချက်က . . . တစ်ကယ် အရေးကြီးဆုံး “ကြီးသုံးကြီး”လို့ ပြောလို့ရတဲ့ Triangle ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးသိန်းစိန်ရယ်၊ ဦးရွှေမန်းရယ် သူတို့ရဲ့ဆက်ဆံရေးက တည်ငြိမ်တဲ့ ဆက်ဆံရေးက တည်ငြိမ်တဲ့ဆက်ဆံရေးဖြစ်ဖို့ လိုတယ်။ အဲလိုမဟုတ်ဘူးဆိုရင် ၂၀၁၅ ရဲ့ ချောမွေ့မှုဟာ အနှောက်အယှက် ဖြစ်နိုင်တယ်။ နောက်တစ်ခုက ဒီအပြောင်းအလဲအကုန်လုံးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် ၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီး အသက်ရှင်နေဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများက သူနေရာချထားပေးခဲ့တာ။ ဒီိမှာရှိနေတဲ့ (Hard-liners)သဘောထားတင်းမာသူ၊ ပျော့ပြောင်းသူအားလုံးက သူ နေရာချပေးခဲ့တာပဲ။ သူ စီမံခန့်ခွဲခဲ့တာပဲ။ ဒါကြောင့် သူရှိနေသမျှ ကာလပတ်လုံး အဲ့ဒီလူတွေ အကုန်လုံး မထိန်းနိုင်မသိမ်းနိုင်ဖြစ်သွားနိုင်တဲ့ အခြေအနေကို တစ်စုံတစ်ရာ ဟန့်တားနိုင်လိမ့်မယ်။ သူက ဒီ Game ကို ဆက်ကြိုက်နေတယ်ဆိုရင် ဒီလိုမျိုး ဒီအတိုင်း ဆက်ဖြစ်နေဖို့ အလားအလာရှိတယ်။

ဒုတိယအချက် ပြောမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေး ဆက်ကောင်းနေတာဟာ သူဟာ တိုက်ရိုက်မလွှမ်းမိုးရင်တောင်မှ Passive Influrence ပေါ့။ သူရှိနေခြင်းအားဖြင့် Passive Influrence က အရေးပါတယ်လို့ ကျွန်တော် ထင်တယ်။

တတိယအချက်ကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၅ ခုနှစ်မှာ အနားယူတော့မယ်။ အငြိမ်းစားယူတော့မယ်။ အငြိမ်းစားယူပြီးရင် အငြိမ်းစားယူသွားတာက ပိုအဓိပ္ပာယ်ရှိတယ်။ အဲဒီလိုမဟုတ်ဘဲ နိုင်ငံရေးဘက် ကူးလာခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် နမူနာကောင်းမဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။

သဘောကဗျာ။ ကာကွယ်ရေးဦးစီးချုပ် လုပ်ပြီးတဲ့သူဟာ ကာကွယ်ရေးဦးစီးချုပ်လုပ်ပြီးရင် သမ္မတ ၀င်လုပ်ချင်တယ်ဆိုတဲ့ဟာက ဖြစ်လာရင် နောက်နောင်မှာ အဲဒီဓလေ့ကြီး ထွန်းကားလာမယ်။ အဲဒီလိုဆိုရင် Revolving door ခေါ်တာပေါ့ဗျာ။ ဆုံလည်တံခါးကြီးကို ဒီအပေါက်ကထွက်ရင် ဟိုအပေါက်က ပြန်ဝင်လာမယ်ဆိုတာမျိုးဖြစ်ရင် တိုင်းပြည်အတွက် မကောင်းဘူး။

အဲဒီသုံးချက်က ၂၀၁၅ အတွက် အရေးပါတယ်။ ပြီးတော့ အဲဒီသုံးချက်တည်ငြိမ်မှုကို နှောက်ယှက်တာမှန်သမျှက အစိုးရဘက်ကပဲဖြစ်ဖြစ်၊ တပ်မတော်က elements အစိတ်အပိုင်းတွေက ဖြစ်ဖြစ်၊ နောက်ဆုံးဗျာ အတိုက်အခံဘက်ကပဲဖြစ်ဖြစ် ဖြစ်မယ်ဆိုရင် အမျှော်အမြင်မရှိရာ ရောက်နိုင်ပါတယ်။ သို့သော် အဲဒီအချက်သုံးချက်နဲ့ အနေအထားချိန်ခွင်လျှာပျက်တာမကောင်းဘူး။ကျွန်တော်သိသလောက်ဆိုရင် . . .။ ကဲ ထားပါတော့။

မင်းဇင်
( ၂၀၁၅ အထိ ဗိုလ်ချုမှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ် . . . .) အင်တာဗျူးမှ
မက်စင်ဂျာ ဂျာနယ်....

No comments: