မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
၄၉ လမ်းထောင့် တိုက်ခေါင်မိုးထပ်က ပြည့်တန်ဆာလုပ်ငန်း ရဲဝင်ဖမ်းလိုက်ပြီ
 
 ဇော်ဇော်ထွေး | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၀ မိနစ် 
 
 ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလမ်းနှင့် ၄၉ လမ်းထောင့်ရှိ 
တိုက်ခေါင်မိုးထပ်မှ ပြည့်တန်ဆာလုပ်ငန်းကို ဇူလိုင် ၂၈ ရက် ညနေက 
ရဲများဝင်ဖမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
 
 ရဲများက ထိုတိုက်ခန်းတွင် အနှိပ်ခန်းအမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ၀င်ရောက်ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ရဲဌာနကဆိုသည်။
 
 ထိုတိုက်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန်
 ရောက်ရှိနေသည့် အမျိုးသမီး ၁၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး 
ဆိုင်တာဝန်ခံကိုလည်း ရဲများကဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် 
ပါရှိသည်။
 
 ယခုကဲ့သို့ ၀င်ရောက်မဖမ်းဆီးမီ ရဲများက 
အသွင်ယူသက်သေနှစ်ဦးကို ကြိုတင်နံပါတ် မှတ်သားထားသော ငါးထောင်ကျပ်တန် 
စက္ကူနှစ်ရွက်ပေး၍ ထိုအနှိပ်ခန်းကိုသွားရောက်ပြီး ပျော်ပါးလိုသူအဖြစ် 
ဟန်ဆောင်ကာဝင်ရောက်စေခဲ့သည်ဟုလည်း ရဲဌာနက ဆိုသည်။
 
 ရဲများ ၀င်ဖမ်းချိန်တွင် အသွင်ယူသက်သေများနှင့်အတူ မိန်းကလေးနှစ်ဦးကို အခန်းအတွင်း၌ ဖမ်းမိခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။
 
 ယခုအမှုတွင် ပြည့်တန်ဆာလုပ်ကိုင်သည့် အမျိုးသမီး ၁၃ ဦးကို ဗိုလ်တစ်ထောင် 
ရဲစခန်းတွင် အမှုအမှတ် (ပ)၁၄၀/၁၃ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို 
ပြည့်တန်ဆာပပျောက်ရေးဥပဒေ ၃(က)/(ခ)တို့ဖြင့် တရားစွဲမည်ဖြစ်ပြီး၊ 
ထိုလုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်သူကို အမှုအမှတ်(ပ)၁၄၁/၁၃ဖြင့် အမှုဖွင့်ကာ 
ပြည့်တန်ဆာပပျောက်ရေးဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု 
သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
 မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားဝင်လုပ်ကိုင်ခွင့် မရှိသည့်ကိစ္စဖြစ်ပြီး ရဲများက သတင်းရရှိသည်နှင့် ၀င်ဖမ်းလေ့ရှိသည်။
 
 သို့သော် ဥပဒေကို လက်တစ်လုံးကြားလုပ်ကာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေသည့် အာဏာပိုင်အဖွဲ့အစည်းအချို့ကြောင့် ပြည့်တန်ဆာများ နစ်နာမှုများရှိနေသည်ဟု NLD အမတ် ဒေါ်စန္ဒာမင်းက ဇူလိုင် ၉ ရက်က ပြုလုပ်သည့် အောက်လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment