Thursday, January 2, 2014

ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည်စတင်ရန် အီတာလျံ-ထိုင်းကုမ္ပဏီထံမှ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှုကုမ္ပဏီ လွှဲပြောင်းရယူ




ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည်စတင်ရန် အီတာလျံ-ထိုင်းကုမ္ပဏီထံမှ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှုကုမ္ပဏီ လွှဲပြောင်းရယူ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ အကြားနားလည်မှု စာချွန်လွှာသုံးခု လက်မှတ်ရေးထိုးအပြီး ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းကို အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီထံမှ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှုကုမ္ပဏီ D(Dawei SEZ Development Co) သို့ လွှဲပြောင်းပေးအပ်လိုက်ပြီး လုပ်ငန်းများပြန်လည်စတင်တော့မည်ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြလိုက်သည်။ လက်ရှိအချိန်တွင် DSEZ ကုမ္ပဏီက ပြီးခဲ့သည့်နိုဝင်ဘာ ၂၀ ရက်တွင် မြန်မာအစိုးရထံမှ သဘောတူညီချက်ရရှိထားခဲ့သော အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီထံမှ လွှဲပြောင်းရယူ လုပ်ကိုင်မည်ဖြစ်သည်။ DSEZ ကုမ္ပဏီကို မြန်မာနှင့် ထိုင်းမှ ရာခိုင်နှုန်း ၅၀ စီ အချိုးကျထည့်ဝင်ကြခြင်း ဖြစ်ပြီး ၇၅ နှစ်သဘောတူညီချက်ဖြင့် လုပ်ဆောင်မည်ဟု သိရသည်။ ပြီးခဲ့သည့်ဇွန်လက မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် ရှယ်ယာအချိုးကျပါဝင်မည့် DSEZ ကုမ္ပဏီကို တည်ထောင်ကာ ကနဦး ရင်းနှီးမြှုပ်နှံမှုအဖြစ် ထိုင်းဘတ်ငွေ ၁၂ သန်း ထည့်ဝင်ရန် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါကုမ္ပဏီကို ထိုင်းနိုင်ငံတွင် မှတ်ပုံတင်မည်ဖြစ်သည်။ မြန်မာနှင့် ထိုင်းအကြားချုပ်ဆိုခဲ့သော ဒုတိယနားလည်မှု စာချွန်လွှာတွင် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်ကို ပြန်လည်ရုပ်သိမ်းခြင်းဖြစ်ပြီး တတိယနားလည်မှု စာချွန်လွှာတွင် အဆိုပါစီမံကိန်း အတွက် ၎င်းတည်ဆောက်ခဲ့သည့် ဆိပ်ကမ်းငယ်နှင့် လမ်းအတွက် ကုန်ကျစရိတ်ငွေ ဘတ်ခြောက်သန်းခန့်ကို လွှဲပြောင်းရယူမည့် ကုမ္ပဏီက ပြန်လည်ထုတ်ပေးရန်ဖြစ်သည်။ DSEZ ကုမ္ပဏီက ထိုင်းနိုင်ငံနှင့် ထားဝယ်ကို ချိတ်ဆက်ပေးမည့် ရထားလမ်းကို ဖောက်လုပ်ရန်၊ ဆိပ်ကမ်းငယ် တည်ဆောက်ရန်နှင့် စက်မှုအိမ်ရာများ တည်ဆောက်ရန် စီမံကိန်းသုံးခုကို ၂၀၁၄ ခုနှစ် ဒုတိယလေး လပတ်တွင် လုပ်ကိုင်ခွင့်ရရှိရန်မျှော်မှန်းထား ကြောင်းသိရသည်။ လက်ရှိတွင် အီတာလျံ-ထိုင်းကုမ္ပဏီ ကလည်း အစီအစဉ်သစ်အောက်ရှိ စီမံကိန်းသုံးခုတွင် ၀င်ရောက်လုပ်ကိုင်ခွင့်အတွက် ကမ်းလှမ်းနိုင်ကြောင်း သိရသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံး ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်လာမည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန် နိုင်ငံ ပါဝင်နိုင်ရန် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ စလုံးက ဖိတ်ခေါ်မှုများပြုလုပ်ထားသည်။ (ထားဝယ် အထူးစီးပွားရေးဇုန်အတွက် မြေကွက်များရှင်းလင်းနေစဉ်)

No comments: