Saturday, January 18, 2014

“ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးရေး မပေးရေးကို သီတဂူဆရာတော် မိန့်ကြားခြင်းမရှိဟု ထုတ်ပြန်”

“ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးရေး မပေးရေးကို သီတဂူဆရာတော် မိန့်ကြားခြင်းမရှိဟု ထုတ်ပြန်”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရန်ကုန်၊ ဇန်နဝါရီ ၁၇။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာစကားလုံးများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဥာဏိဿရ က မိန့်ကြားခြင်းမရှိကြောင်း မန္တလေးတိုင်းဒေသကြီး သာသနဝံသပါလ(ခေါ်) အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန်ကြေညာသည်။
နိုင်ငံတော်သမ္မ ဦးသိန်းစိန်ကို မဲပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်လာပါလျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်သည်ဟု သီတဂူဆရာတော်ကြီးက မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပနေသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ အတုမရှိ သံဃာ့ညီလာခံကြီးတွင် မိန့်ကြားသည်ဟု မီဒီယာအချို့ ၏ ဖော်ပြမှုအပေါ် ယင်းသို့ ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။
သီတဂူဆရာတော်ကြီးသည် ၄င်း၏ သြဝါဒမိန့်ခွန်းအပြင် အလွတ်သဘောပြောဆိုသည့် သြဝါဒများတွင်ပါ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအနက် မည်သူ့ကို ထောက်ခံသည်၊ မည်သူ့ကို ကန့်ကွက်သည်ဟု အရိပ်အမြွက်ပင် မိန့်ကြားခဲ့ခြင်း မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေသဖြင့်လက်ရှိသမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် သီတဂူ ဆရာတော်က မိန့်ကြားလိုက်သည်ဟု သံဃာ့ညီလာခံကြီး တက်ရောက်သည် မန္တလေးမြို့ခံတစ်ဦးက ပြောဆို သည်ဟုဆိုကာ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မွန်းတည့်နေ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် ဖော်ပြသည်။
“သီတဂူဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ တစ်ခွန်းတစ်ပါဒမျှ မိန့်ကြားခဲ့တာမရှိဘူး” ဟု မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ဆရာတော်ကြီးသည် အချင်းချင်း စိတ်ဝမ်းကွဲပြားမည့် အလုပ်မျိုးကို ရှောင်ကြဉ်ပြီး နိုင်ငံသားအားလုံး အကျိုးရှိ သည့် အလုပ်မျိုးကိုသာ တက်ညီလက်ညီ ဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီး မည်သည့်ပုဂ္ဂိုလ်ကိုမျှ သာစေနာစေ ဟူသော စိတ်ထားမျိုးမရှိသကဲ့သို့ လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍လည်း ကျဉ်းမြောင်းသည့်အမြင်မရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာ အဖွဲ့က ထုတ်ပြန်သည်။
သို့သော်လည်း ယင်းသံဃာ့ညီလာခံကြီးတွင် မန္တလေးတိုင်းဒေသကြီး ထိန်လင်းပရဟိတ စာသင်တိုက် ပဓာန နာယက၊ တိပိဋကဓရရမ္မာဝတီဆရာတော်သည် အတုမရှိ သံဃာ့ညီလာခံကြီး မူဝါဒသဘောထား စာတမ်းမဖတ်ကြားမီ သီတဂူဆရာတော်ကြီး၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး ရာ စကားများကို မိန့်ခဲ့ရာ ယင်းမိန့်ကြားချက်များသည် မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာအဖွဲ့၏ လမ်းစဉ်မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သီတဂူဆရာတော်နှင့် ပတ်သက်၍ ဖော်ပြမိခဲ့သော သတင်းသည် အတည်မပြုနိုင်သည့် စာနယ်ဇင်းကျင့်ဝတ် နှင့် မကိုက်ညီသည့် သတင်းဖြစ်၍ ပြန်လည်ရုပ်သိမ်းကြောင်း မွန်းတည့်နေ အပတ်စဉ်ထုတ် ဂျာနယ်၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖော်ပြထားသည်။

No comments: