Tuesday, January 14, 2014

ကျွန်းအပန်းဖြေစခန်းများ တည်ဆောက်မည့်ကျွန်းများအားကွင်းဆင်းလေ့လာ ဆောင်ရွက်။



မြိတ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီးပွား ရေးလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အဆင့်မြင့်အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ခြင်းနှင့်အတူ ကုန်သွယ်မှုလုပ်ငန်းများ၊ ကုန်စည် စီးဆင်းမှုများ လျင်မြန်မြန်ဆန် လာ၍
ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ရောက်ရှိလာတော့မည်ဖြစ်သည်။

မြိတ်ဒေသသို့ ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများဖြင့် အလည်အပတ် ရောက်ရှိလာတော့ မည့် ဧည့်သည်များအား အပန်းပြေစေ ရန် ရေမြေ တောတောင် ကျွန်းများနှင့် ဂေဟစနစ်မပျက်စီးသေးသည့် သန္တာကျောက်တန်းများ၏ သဘာဝအလှများကို ကြည့်ရှုခံစားနိုင်စေရန်အတွက် ကျွန်းအပန်းဖြေစခန်းများကို မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျွန်းအပန်းဖြေစခန်းများ တည်ဆောက်မည့်ကျွန်းများမှာ ကွမ်းသီးကျွန်း (ကဘူဇာကျွန်း)။ အရှ့စူဠာကျွန်း၊ လငန်းကျွန်းစုနှင့် တနင်္သာရီကျွန်းတို့ဖြစ်ကြသည်။ ၄င်းကျွန်းများအား ကျွန်းအပန်းဖြေစခန်းများ တည်ဆောက်ရန်အတွက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ တာဝန်ရှိ သူများမှ ဇန်န၀ါရီလ(၈)ရက်နေ့မှ(၁၀)ရက်နေ့အထိ ကျွန်းပတ်ဝန်းကျင်နှင့် ကျွန်းပေါ်သို့ ကွင်းဆင်းလေ့လာ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကျွန်းအပန်းဖြေစခန်းတည်ဆောက်ရာတွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်အဆောက်အဦ၊ ဘန်ဂလို များ၊ တည်းခိုဆောင်များ၊ အဆင့်မြှင့် အရောင်းဆိုင်များ၊ ကစားကွင်း၊ ပန်းခြံ၊ ဂေါက်ကွင်း၊ ရေကူးကန်နှင့် အပျော်စီးရေယာဉ်များစသော တည်ဆောက်ရေးလုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆောက်ရေး စီမံကိန်းကာလ(၄)နှစ် ၂၀၁၄-၂၀၁၅မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျွန်းအပန်းဖြေစခန်းတည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်
ဆောင်ရွက်လာပါက ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ မြို့ရွာ ကျေးလက် ကျွန်းပေါ် မခွဲခြားဘဲ လမ်းပန်း ဆက်သွယ်ရေးများ အဆင်ပြေချောမွေ့လာခြင်းစသော အကျိုးကျေးဇူးများရရှိလာကာ လူနေမှုဘ၀မြှင့်မား လာပြီး အလုပ်အကိုင်သစ်များရရှိလာ၍ တစ်ဦးချင်းဝင်ငွေများ တိုးပွားလာ မည်ဖြစ် သဖြင့် ဆင်းရဲမှုလျော့ချရေး တွင် အထောက်အကူဖြစ်လာမှာ ဖြစ်ကြောင်း သတင်းရရှိသည်။
Iprd Myeik မှကူးယူဖော်ပြပါသည်။

No comments: