Wednesday, January 15, 2014

" အိမ်တွင်း လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကြီး "

 
 
" အိမ်တွင်း လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကြီး " ထုတ်ဖော်တင်ပြသောနေ့ Thursday, 26 January 2012 ဆောင်းပါးရှင် – အောင်မင်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး) ယနေ့ နိုင်ငံတကာမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက အရာရှိကြီးတွေဟာ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်းနဲ့ ပြစ်မှုကျူးလွန်နေကြောင်း စွပ်စွဲခံရရင် မိမိရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး နှုတ်ထွက်သွားတတ် ကြပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာတော့ အရှက်မရှိတဲ့ အာဏာပိုင် စစ်အရာရှိကြီးများဟာ အာဏာပါဝါကို အလွဲသုံးစား လုပ်ပြီး ဥပဒေကို လက်တစ်လုံးခြား ပြည်သူလူထု အပေါ်မှာ နိုင်ထက်စီးနင်း လုပ်နေကြပါတယ်။ လူ့အသက် ကိုတောင် တန်ဖိုးမထားဘဲ ပြစ်မှုကျူးလွန်နေကြတဲ့ ဖြစ်ရပ်တွေ အများကြီးထဲက ဖြစ်ရပ်တခုကို တင်ပြလိုက်ရပါတယ်။ ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိုးရီရဲ့ နေအိမ်မှာ အိမ်ဖော်ကလေးမလေး တစ်ယောက်ကို ဂေါက်တံနဲ့ ခေါင်းကို ရိုက်သတ်ခဲ့ပြီး သူမရဲ့  အလောင်းကို ဖျောက်ဖျက်ခဲ့တဲ့ ပြစ်မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဗိုလ်မှူးကြီး စိုးရီဟာ ညောင်လေးပင်ဇာတိဖြစ်ပြီး ဗိုလ်လောင်း အမှတ်စဉ် (၄၇) မှ ဆင်းခဲ့သူ ဖြစ်ပါတယ်။ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကျိုင်းတုံ) မှာ စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဗျူဟာမှူးမှ အမှတ်(၁) စက်မှုဝန်ကြီးဌာနသို့ ဦးဆောင် ညွှန်ကြားရေးမှူး ရာထူးဖြင့် ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ အိမ်ဖော်မလေးအား အိမ်မှုကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဦးခေါင်းကို ဂေါက်သီးရိုက်တံနဲ့ ညဦးပိုင်းမှာ ရက်စက်စွာ ရိုက်သတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ဖြစ်ပွားချိန်မှာ ဗိုလ်မှူးကြီး စိုးရီဟာ ရန်ကုန်မြို့တာမွေက အစိုးရပိုင် အိမ်မှာ ရှိနေပြီး သူကိုယ်တိုင် ဒါမှမဟုတ် သူ့ရဲ့ဇနီး တစ်ဦးဦးက ရိုက်သတ်ခဲ့တာ ပေါ်လွင်ထင်ရှား နေပါတယ်။ ရိုက်သတ်ခဲ့ပြီးတဲ့နောက် အင်းစိန်မြို့နယ်ရှိ ဒညင်းကုန်းရွာသို့ သေဆုံးသူ ကလေးမရဲ့  အလောင်းအား သွားရောက် မြှပ်နှံပေးဖို့နဲ့ အလောင်း ဖျောက်ဖျက်ပေးဖို့ ဒညင်းကုန်းမှာရှိတဲ့ မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်း မော်တော်ယာဉ် အခြေစိုက် စက်ရုံက ခွဲမှူးဖြစ်သူ ဦးပြုံးချို ကို အမိန့်ပေး ခိုင်းစေခဲ့ပါတယ်။ ဦးပြုံးချို ဟာ ဘာသာရေး လိုက်စားပြီး စိတ်ရင်းကောင်းမွန်တဲ့ လူပျိုကြီး ဖြစ်ကာ လူချစ်လူခင် ပေါများသူလည်း ဖြစ်ပါတယ်။ ဦးပြုံးချိုဟာ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်စိုးရီရဲ့ ခိုင်းစေချက်ကြောင့် ဌာနဆိုင်ရာ အိမ်သုံးကားပေါ်မှာ ကလေးမရဲ့ အလောင်းကို တင်ဆောင်ကာ ဒညင်းကုန်းရွာ သင်္ချိုင်းကုန်း ရှိရာသို့ ညတွင်းချင်း သွားရောက် မြှပ်နှံဖို့ ကြိုးစားခဲ့ပါတယ်။ ကလေးမလေးရဲ့ သေလုဆဲဆဲ ကြိမ်းဝါးသံကို ခြံစောင့်ကြီးကလည်း ကြားသိလိုက်ပါတယ်။ “ငါသေသလို နင်တို့လည်း အသေဆိုးနဲ့ သေရမယ်” လို့ မသေခင် ဝေဒနာ ပြင်းထန်စွာ ခံစားနေချိန်မှာ ပြောဆိုသွားတာကြောင့် အလောင်းမြှပ်နှံတဲ့ ကိစ္စဟာ မအောင်မြင်ဘဲ ထစ်ငေါ့နေပါတယ်။ ဦးပြုံးချိုဟာ နာနာဘာဝ သင်္ချိုင်းက တစ္ဆေသရဲများနဲ့ အစိမ်းသေ ကလေးမလေးကြောင့် ဂယောင်ချောက်ချား ချီတုံချတုံဖြစ်နေကာ သင်္ချိုင်းကုန်းနဲ့ ရွာထဲကို ဓလေ့ ထုံးစံအရ ၀င်ခွင့်တောင်းရမလို ဖြစ်နေပြီး သတင်းပေါက်ကြားသွားမှာကိုလည်း စိုးရိမ် ထိတ်လန့်နေရှာပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အသိမပေးဘဲ ကားကို တနေရာမှာ ရပ်ထားခဲ့ပြီး မထင်မရှား တနေရာမှာ အလောင်းမြှပ်နှံဖို့ ကျင်းကို တူးခဲ့ပါတယ်။ ကျင်းတူးပြီးတော့ တနေရာမှာ ရပ်ထားတဲ့ ကားကို ပြန်လည်မောင်းလာစဉ်မှာ သူတူးခဲ့တဲ့ ကျင်းနေရာ ရုတ်တရက် ရှာမတွေ့ဘဲ ပျောက်သွားသလို ဖြစ်နေပြန်ပါတယ်။ ရွာ အနီးမှာ ကားကို အကြိမ်ကြိမ် ပတ်မောင်းပြီး ကျင်းနေရာကို အသည်းအသန် ပြန်လည်ရှာဖွေနေရပါတယ်။ အဲဒီအခါ ရွာမှာ ရှိတဲ့ လူငယ် တချို့ဟာ မသင်္ကာဖွယ်ရာ ကားတစ်စီး ရွာပတ်လည်မှာ ဝေ့လည်လည် မောင်းနှင်နေကြောင်း တွေ့ရှိသွားကာ ကျေးရွာ ယရက မှ တဆင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ကြပါတယ်။ ရဲစခန်းက မသင်္ကာဖွယ်ရာ ကားကို သွားရောက်ခေါ်ယူ စစ်ဆေးရာက အလောင်း ဖျောက်ဖျက်မှုကြီး ဟာလည်း “ဗူး” ပေါ်သလို ပေါ်ခဲ့ရပါတယ်။ ဦးပြုံးချို ကိုလည်း ဖမ်းဆီးအရေးယူ ချုပ်နှောင်ထားလိုက်ပါတယ်။ ဗိုလ်မှူးကြီး စိုးရီဟာ အခုအငြိမ်းစား အပေးခံလိုက်ရတဲ့ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ ညီအကိုအရင်း တော်စပ်တာကြောင့် ပြည်ထဲရေး ၀န်ကြီးဌာနကို သူတို့ရဲ့ အာဏာပါဝါ အစွမ်းကုန်သုံးပြီး လူအင်အား ငွေအင်အားနဲ့ အမှုမှန် မပေါ်ပေါက်အောင် မှေးမှိန်ဖျောက်ဖျက်ဖို့ ကြိုးစားကြပါတယ်။ သေဆုံးသူ အိမ်ဖော်မလေးရဲ့ မိဘ ဆွေမျိုးတွေကို ပစ္စည်းခိုးယူလေဟန် အပြစ်ပုံချကာ ရိုက်လိုက်မိရာမှ မတော်တဆ လှေကားမှ ချော်လဲကျပြီး လိမ့်ကျသေဆုံးသွားကြောင်း မဟုတ်မမှန် လိမ်ညာပြောဆိုပြီး ငွေအနည်းငယ်ပေးကာ နှုတ်ပိတ်လိုက်ကြပါတယ်။ သေဆုံးသူ မိန်းကလေးရဲ့ မိဘဆွေမျိုးတွေဟာ ရိုးသားဖြူစင်ကြပြီး လူ့အသက်တစ်ချောင်းကို ငွေနဲ့ မလဲနိုင်ကြပေမဲ့ စစ်အရာရှိကြီးတွေရဲ့ နိုင်ထက်စီးနင်း လုပ်ခြင်း ခံရကာ အားမတန်လို့ မာန်လျော့ခဲ့ရပါတယ်။ ဒီသတင်းဟာ အမှတ်(၁) စက်မှု ၀န်ကြီးဌာန တစ်ခုလုံး တောမီးပမာ ပျံ့နှံ့သွားပြီး ၀န်ထမ်းအချို့လည်း အလောင်းဖျောက်ဖျက်မှုမှာ ကြံရာပါ အဖြစ်နဲ့ ဖမ်းဆီး ချုပ်နှောင်ခံထားရလို့ အမှန်တကယ် တာဝန်ရှိတဲ့ ဗိုလ်မှူးကြီးစိုးရီအနေနဲ့ အနည်းဆုံးတော့ အလုပ်က နှုတ်ထွက်ရလိမ့်မယ်လို့ ထင်မြင်ယူဆ မျှော်လင့်နေကြပါတယ်။ ရက်စက်တဲ့ ဗိုလ်မှူးကြီးစိုးရီ မိသားစုကို ၀န်ထမ်းတွေ ပါးစပ်မှ ပြစ်တင်ဝေဖန်ကြပြီး နိုင်ထက်စီးနင်း ခိုင်းစေခံရလို့ တရားခံအဖြစ်နဲ့ အချုပ်ခံနေရတဲ့ ဦးပြုံးချိုကိုလည်း သနားကရုဏာ ဖြစ်နေ ကြပါတယ်။ နောက်နေ့မှာတော့ စစ်အရာရှိကြီးတွေရဲ့“တရားဥပဒေအထက်မှ ဘယ်သူမှ မရှိဘူး” ဆိုတဲ့ စကားဟာ လူတကာ ရယ်စရာ ဟာသပျက်လုံး ဖြစ်နေပုံနဲ့ မြန်မာနိုင်ငံက အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ အမျိုးသမီးများကိုလုံးဝ မကာကွယ်နိုင်ပုံတွေကို ဆက်လက်တင်ပြသွားပါမယ်။ အလောင်းဖျောက်ဖျက်မှု အတွက် ကြားထဲက အချောင် အချုပ်ခံနေရတဲ့ ဦးပြုံးချိုဟာ အချုပ်ခန်းထဲမှာ တရားထိုင် ပုတီးစိပ်နေပြီး အာမခံနဲ့ လွတ်လာတဲ့အခါမှာလည်း ဘုန်းကြီးဝတ်လိုက်ပါတော့တယ်။ အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်းဟာ အဲဒီလူသတ်မှု ကိစ္စကို ၀န်ထမ်းတွေ အုတ်အော်သောင်းနင်း ပြောဆိုနေ ကြတဲ့အချိန်မှာ ဗိုလ်မှူးကြီး စိုးရီကို ဥပဒေအရ ထိုက်သင့်သလို အရေးယူ အပြစ်ပေးရမဲ့အစား မသိကျိုးကျွံ ပြုနေတဲ့အတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။ ၀န်ထမ်းတွေဟာလည်း အဲဒီကိစ္စအတွက် မကြေမနပ် ဖြစ်နေ ကြပါတယ်။ အနည်းဆုံးတော့ ဗိုလ်မှူးကြီး စိုးရီကို စက်မှု(၁) မှာ အကောင်းဆုံး ဌာနဖြစ်တဲ့ မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်းကနေ အခြားတစ်နေရာကို ပြောင်းပေးလိမ့်မယ်လို့ ထင်နေကြပါတယ်။ ဒါပေမဲ့ ၀န်ကြီးဦးအောင်သောင်းနဲ့ ဗိုလ်မှူးကြီး စိုးရီရဲ့  အကိုအရင်း ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဟာ တစ်ပတ်စဉ်ထဲ ဆင်းတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့စဉ်က မန္တလေးတိုင်း ဧရိယာမှာ ဦးအောင်သောင်းနဲ့ စီးပွားဘက်အဖြစ် ဆက်ဆံခဲ့ကြောင်းလည်း သိရပါတယ်။ အလားတူ ဆောက်လုပ်ရေး ကုမ္ပဏီရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့သားကို ဦးအောင်သောင်း ဟာ အမှတ်(၁) စက်မှုဝန်ကြီးဌာနပိုင် စက်ရုံတည်ဆောက်ရေးတွေမှာ ကန်ထရိုက် ပေးထားတာလည်း ရှိပါတယ်။ ဒါကြောင့် တိုင်းပြည် ဘဏ္ဍာငွေကို အချင်းချင်း မျှဝေအလွဲသုံးစား လုပ်ကြသူများ ပီပီ လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုအား မသိကျိုးကျွံ ပြုခဲ့ခြင်း ဖြစ်ပါတယ်။ လူ့အသက်ကို တိရိစ္ဆာန်တစ်ကောင်လောက် တောင် တန်ဖိုးမထားဘဲ “မြေနိမ့်ရာ လှံစိုက်” တဲ့ စစ်အာဏာရှင်တွေရဲ့ အတွင်းသရုပ်ဖြစ်ပါတယ်။ ၀န်ကြီး ဦးအောင်သောင်းဟာ ဂုဏ်သိက္ခာမရှိတဲ့သူ၊ အထက်အာဏာပိုင်တွေကို ကြံဖန် အမှတ်ယူတတ်သူ ပီပီ လူသတ်မှု ကိစ္စကို မကိုင်တွယ်ခြင်း ဖြစ်ပါတယ်။ စက်မှု(၁) လေးလပတ် အစည်းအဝေးတွေမှာ စက်ရုံတွေရဲ့  ကုန်ထုတ်လုပ်မှု၊ ကုန်ကြမ်းနဲ့ စွမ်းအင်လိုအပ်ချက်တွေကို အလေးအနက် ထားပြီး ဖြည့်ဆည်းဆွေးနွေး ရမဲ့အစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြိုက်လိုက်ကာ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်၍ နိုင်ငံရေး စကားများကိုသာ ပြောဆိုနေပါတယ်။ သူတို့ သတ်မှတ်ထားတဲ့အတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းစွာ နေထိုင်ရမယ်ဆိုတဲ့ မူကို မျက်ကွယ်ပြုပြီး ၀န်ထမ်းတွေကို သွေးထိုးစည်းရုံးနေသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ “င လေးလုံး ရှောင်” ဆောင်ပုဒ်မှာ ပါတဲ့ “ငါ့ အတွက်၊ ငါ့ သားသမီးအတွက်၊ ငါ့ မိန်းမအတွက်၊ ငါ့ အမျိုးအတွက်” မပြုလုပ်ရဆိုတဲ့ စာတမ်းကို ၀န်ကြီးဌာနတွေမှာ ကပ်ထားပေမဲ့ ၀န်ကြီး ဦးအောင်သောင်း ကတော့ “င လေးလုံး” ကို ဆောင်နေပါတယ်။ “ငါ့ အမျိုးအတွက် ငါ ၀န်ကြီး မပြုတ်ခင် လုပ်ရဦးမယ်” ဆိုတဲ့ သဘော ၀န်ထမ်းတွေကို ပေါ်တင်ပြောဆိုတာဟာလည်း ယိုသူမရှက် မြင်သူရှက် ဖြစ်နေပါတယ်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဟာလည်း ငါ့ အမျိုးအတွက် မလုပ်ရဆိုတဲ့ စည်းကမ်းချက်ကို ချိုးဖောက်ရာ ရောက်နေပြီး ဒီလူသတ်မှု ကိစ္စကို သူ့အမျိုးအတွက် ကာကွယ်ပေးခဲ့ပါတယ်။ အစွမ်းကုန် ထင်သလို လုပ်နေကြတဲ့ အာဏာရူးကြီးတွေရဲ့ လက်အောက်မှာ ပြည်သူလူထုရဲ့ ဘ၀ဟာ “နင်းပြား” ဖြစ်နေရပါတယ်။ ဒီလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကို စုံစမ်းဖော်ထုတ်ခြင်း အရေးယူခြင်း တစုံတရာ မရှိတော့လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တဲ့ “တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး” ဆိုတဲ့ စကားဟာ ပြည်သူတွေကြားမှာ ရယ်စရာ ဟာသတခု ဖြစ်နေရပါတယ်။ အခု ဒီဖြစ်စဉ်ကို ကြည့်ရင် တရားဥပဒေအထက်မှာ ဗိုလ်မှူးကြီး စိုးရီ ရှိနေတယ်ဆိုတဲ့ အကြောင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို လက်တို့ပြီး ပြောပြလိုက်ချင်ပါတယ်။ ဗိုလ်မှူးကြီး စိုးရီ နဲ့ မိသားစုကို တစ်စုံတရာ အပြစ်ပေးခြင်း၊ အရေးယူခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ ရာထူးနေရာ ပြောင်းရွေ့ခြင်း တောင် မရှိဘဲ သေသူက သေသွားပေမဲ့ သူတို့မိသားစုကတော့ ပျော်ပျော်ရွှင်ရွှင်ဘဲ ရှိနေကြပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့ ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့်ဟာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်က ပြဌာန်းထားတဲ့ အမျိုးသမီးများရဲ့ ရပိုင်ခွင့်၊ နစ်နာနေသော အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေးဆိုတာ ဘာလဲလို့ ဒေါ်တင်လင်းမြင့်ကို မေးကြည့်ချင်ပါတယ်။ အိမ်ဖော်မိန်းကလေးကို မိမိဆွေမျိုးက ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် မသိကျိုးကျွံ ပြုပြီး ဖိအားပေး နှုတ်ပိတ်ခဲ့ကြလို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ ယနေ့ မြန်မာ့အမျိုးသမီးထု တစ်ရပ်လုံးရဲ့ အားကိုး အားထားရာ အဖွဲ့အစည်း မဟုတ်ကြောင်း မီးမောင်း ထိုးပြလိုပါတယ်။ ယခုလို အနှိမ်ခံ အိမ်ဖော်မိန်းကလေးရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်ကို ဖော်ထုတ်ရပ်တည်မှု ပျက်ကွက်တဲ့ အတွက် နအဖ စစ်တပ် အရာရှိကြီးတွေရဲ့ အသိုင်းအ၀ိုင်းဟာ တရားဥပဒေနဲ့အညီ ကျင့်ကြံ အုပ်ချုပ်နေတာ မဟုတ်ကြောင်းနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း သက်သေသာဓကနဲ့ တင်ပြလိုက် ရပါတယ်။ ပိုပြီး ရင်နာစရာ ကောင်းတာက အဲဒီအိမ်ဖော် ကလေးမဟာ (၁၀) တန်းအောင်ပြီး ကျောင်းဆက် မတက်နိုင်တာကြောင့် အလုပ်နေရာကောင်း တစ်ခုခု ရလိုရငြား အသိမိတ်ဆွေတစ်ဦးရဲ့ ဆက်သွယ်ပေးမှုကြောင့် ဗိုလ်မှူးကြီး စိုးရီအိမ်ကို ရောက်ရှိသွားခြင်း ဖြစ်ကြောင်းပါ ခင်ဗျား။ ယခုဆိုရင် လူငယ်တွေအတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ဖြန့်ချီရောင်းဝယ်ရေး ပြုလုပ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ သား အောင်ဇော်ရဲမြင့်ကိုတောင် ထိထိရောက်ရောက် အပြစ်မပေးဘဲ ပြောင်ပြောင်တင်းတင်း ကာကွယ်ပေးနေလို့ မင်းကျင့်တရား ဆယ်ပါးနဲ့ ညီညွှတ်အောင် မအုပ်ချုပ်တဲ့ ထိပ်ပိုင်း လက်တဆုပ်စာ ၀ိသမ လောဘသမား စစ်အာဏာရှင် အုပ်စုကို ပြည်သူလူထု တရပ်လုံး စည်းလုံးညီညွတ်စွာ ဖယ်ရှားပြီး အမိမြန်မာနိုင်ငံတော်အား ကယ်တင်ကြပါလို့ ဓါတ်ပုံ (၁) စက်မှုညွှန်ကြားရေး ဦးစီးဌာန (၂) မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း (၃) ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် (ရဲမြင့်ကြီး (ခ) မျက်နှာမည်းရဲကြီး)

No comments: