Wednesday, January 15, 2014

ကျွန်တော်သိသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - အပိုင်း (၂)

ကျွန်တော်သိသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - အပိုင်း (၂) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ နောက်ဆုံးတော့ သူမေးသော မေးခွန်းကို သူကိုယ်တိုင် ပြန်ဖြေရတော့သည်..။ “ ဒီဇင်ဘာ (၁၉) ရက်နေ့ ကျောင်းဆင်းမှာကွ.. သိလား..’’ တဲ့..။ အင်းလေ… (၁၉) ရက်နေ့ ဆင်းလဲ ဆင်းပေါ့..။ ဘာဖြစ်သတုန်း..။ ကိုယ့်ကောင်တွေက ဒီအချိန်မှာသာ ခန်းမ မဝင်ရရင်.. ပြင်ဦးလွင်မြို့ထဲက ခေါင်ရည်ဆိုင် တစ်ဆိုင်ဆိုင် ရောက်နေပြီကွ ဆိုတဲ့ အတွေးသာ ဝင်နေတာကိုး…။ သူ ဘာကို ရည်ရွယ် ပြောနေသည်လည်း စိတ်မဝင်စားအား..။ ဒီလိုမျိုးအောက်က တုံဏိဘာဝေ တုန့်ပြန်နေတော့.. သူလည်း ရှက်လည်း မရှက်နိုင်..။ ဟန်လည်း မဆောင်နိုင်.. ဘာထပ်ပြောသည် ထင်သနည်း..။ “ငါ့ စစ်တက္ကသိုလ် အမှတ်စဉ် ဘယ်လောက်လည်း သိသလားတဲ့…။ ဒါတော့ သိတာပေါ့…။ အမှတ်စဉ် (၁၉) ဘဲဟာ..။ သူ ဘာကို ပြောချင်နေပါလိမ့်…။ အင်း…ဘုရားရေ… သူ့အမှတ်စဉ်က (၁၉)၊ ယခု ဗိုလ်လောင်းတွေ ကျောင်းဆင်းမယ့်ရက် (၁၉) ရက်နေ့..။ အင်းလေ.. ဒါလေး တိုက်ဆိုင်တော့ရော ဘာဖြစ်သတုန်း..။ အဲ့ဒီမှာဘဲ..သူ့ရဲ့ ခန်းမတွင်း ကြွားခန်းကြီးကို ခရားရေလွှတ် တရှိန်ထိုး ပြောချတော့သည်..။ “ငါ ကျောင်းအုပ်ဖြစ်ပြီး ပထမဆုံး ကျောင်းဆင်းမယ့် အင်တိတ်က (၁၉) ရက်နေ့ ကျောင်းဆင်း မယ်ဆိုတာ ငါ့အင်တိတ်နဲ့ သွားမတူဘူးလား.. ဒါ တော်ရုံတန်ရုံ တိုက်ဆိုင်မှုမျိုး မဟုတ်ဘူးကွ…’’ ဆိုပြီး လက်မကြီးထောင်..တဟဲဟဲနဲ့ ကြွားနေလိုက်တာများ.. မြင်ပြင်းတောင် ကပ်ဖို့ ကောင်းရဲ့ဗျာ…။ သူကသာ ဝမ်းသာ ဂုဏ်ယူပြီး ပြောနေတာ.. အောက်က နားထောင်တဲ့သူ များအတွက် ကတော့ ဘာစိတ်ဝင်စားစရာမှ မပါ..။ နောက်မှ သူ့ရဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်း သိရှိရသည်မှာ.. ဗိုလ်ချုပ်မင်းအောင်လှိုင် ထိုမျှ ဂုဏ်ယူ ဝင့်ကြွားစွာ မာန်တက်ခဲ့သည်မှာ သူ့အတွက်တော့ဖြင့်.. အကြောင်းရင်း ခိုင်လုံစွာ ရှိခဲ့သည်ကိုး..။ သူ့ရဲ့ အထက်လမ်း ဆရာမှန်းမသိ.. အောက်လမ်း ဆရာမှန်း မသိသော ဘိုးတော်တဦးက သူ ကျောင်းအုပ်ကြီး မဖြစ်ခင်ကတည်းက ဟောကိန်း ထုတ်ခဲ့သည်တဲ့..။ “မင်း စစ်တက္ကသိုလ် ကျောင်းအုပ်ဖြစ်လျှင် ဂဏန်းနှင့် ပတ်သတ်၍ ထူးခြားတဲ့ တိုက်ဆိုင်မှု တခု ကြုံမည်..။ ထိုကဲ့သို့သာ ကြုံခဲ့လျှင် မြန်မာပြည်မှာ ဘုန်းတန်ခိုး လျှမ်းလျှမ်းတောက် သေချာပေါက် ဖြစ်မည်” ဟု ကြိုတင် ဟောကိန်း ထုတ်ထားခဲ့ သတဲ့..။ ထို့အတွက် ဒီဇင်ဘာ (၁၉) ရက်နေ့တွင် မေမြို့စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၄၆) ကျောင်းဆင်းခဲ့သော ဖြစ်ရပ်ဟာ သူ့အတွက် တကယ်ကို ထူးခြားတဲ့ တိုက်ဆိုင်မှု တခု ဖြစ်ခဲ့ချေသည်ကိုး..။ ထို့အတွက် ၄င်းဘိုးတော် တကယ်ဘဲ…အစွမ်းထက်ခဲ့သည်လား မပြောတတ်..။ နောက် (၆) နှစ် အတွင်းကို ဗိုလ်မှူးချုပ် အဆင့်ကနေ တပ်မ(၄၄) တပ်မမှူး၊ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူးမှသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်ချုပ်ကြီးရာထူး နေရာများသို့ ရာထူးတစ်ခုလျှင် (၂) နှစ်နှုန်းဖြင့် ခုန်ပြန်ကျော်လွှား ရောက်ရှိခဲ့ချေတော့သည်။ သူဟာ တိုင်းမှူးဘ၀မှ ညှိနှိုင်းကွပ်ကဲရေးမှူး စတင်လက်ခံကတည်းက ကကကြည်းရဲ့ ၀င်စာထွက်စာများကို ဦးသန်းရွှေကိုယ်စား ကိုင်တွယ် ဆုံးဖြတ် ဖတ်ရှုခွင့်ရပြီး ဗိုလ်သူရမြင့်အောင်နှင့် ဗိုလ် ကိုကို တို့ကမူ ရုံးမှာ ငုတ်တုတ်ထိုင်ရတဲ့ဘ၀ ရောက်ရှိခဲ့ပါတယ်။ “တော်” မတော်ဆိုတာကိုတော့ တပ်မတော်ထိပ်ပိုင်းဗိုလ်ချုပ်များ အသိဆုံးပင် ဖြစ်သည်။ သူနှင့် တစ်ပတ်စဉ်တည်း သူငယ်ချင်းများက Cadet nick name အဖြစ် “ကြောင်ချီး” လို့ ပေးကြတယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဆီနှင့်ရေ ကွာခြားသည်ကတော့ ဗေဒင်မေးစရာ မလိုပေ။ သေချာသည်က ၄င်း ဘိုးတော်သည် ယခု တပ်ချုပ်မင်းအောင်လှိုင်၏ နောက်တွင် တဖဝါးမျှမခွာ အစီအရင်များ ပြုလုပ်ပေးနေပေသည်။ ဘွဲ့အမည်ကိုဖြင့် စုံစမ်းနေဆဲပင်..။ ရေမြင့်လျှင် ကြာတင့် ဆိုသကဲ့သို့ မကြာမီပင် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ လက်စွဲဆရာသည်လည်း ထင်ရှားကျော်ကြား လာချေဦးမည်..။ ထို့ကြောင့် မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ကလေးကလား အကြံတခု ပေးချင်သည်မှာ….. မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် စစ်ရေးအရလည်း အဖြေမရှာ၊ နိုင်ငံရေး နည်းအရလည်း အဖြေမရှာဘဲ…ဘိုးတော်ကောင်းကောင်း တယောက် လိုက်ရှာပြီး… ပညာပြိုင်ခိုင်းရင် ကောင်းမလားလို့..။ သေချာသည်ကတော့ မြန်မာပြည် စစ်အာဏာရှင်တိုင်း၏ နောက်တွင် ပညာရှင် ဘိုးတော် တဦးစီက အစီအရင်များ လုပ်ပေးခဲ့သည်မှာ သေချာလှသည်..။ ဆိုတော့ကာ.. ဒီမိုကရေစီ လိုလားသော အစွမ်းထက် ဘိုးတော်များ အမြန် ဆက်သွယ်ကြပါကုန်…။ ယခုတလော ပြည်တွင်းက အမာခံလူများက တပ်ချုပ် အသစ်တစ်ယောက် သူ့အကြောင်းတွေ ပါလာလို့ ပွစိပွစိ ဖြစ်နေကြောင်း စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ် တာဝန်ရှိသူ တစ်ဦးက ပြောပြလို့ သိရပါတယ်။ ဒီတခေါက် ပြောမယ့် ဗိုလ်ချုပ် မင်းအောင်လှိုင် အကြောင်းသည် မြန်မာ စစ်အာဏာရှင်များတွင် ရှိသော အရည်အချင်း တရပ်ဖြစ်သည့် ပိုင်ရာဆိုင်ရာအပေါ် မျက်နှာသာ ပေးတတ်သည့် အကျင့်..။ ၄င်း အကျင့်ကိုလည်း ယနေ့ အာဏာရှင်လက်သစ် ဖြစ်လာသူ ဗိုလ်ချုပ်မင်းအောင်လှိုင်က အလုံးစုံကို လက်ခံ ကျင့်သုံးသူ တဦး ဖြစ်ပေသည်..။ စာရေးသူ ကျွန်တော်ကိုယ်တိုင်ပင် သူ့အကြောင်း အစက အဲ့ဒီလောက်မထင်..။ ရေးရင်း ရေးရင်းနဲ့မှ အာဏာရှင် အားလုံး၏ မကောင်းတဲ့ အကျင့်စရိုက်မှန်သမျှ ဗိုလ်ချုပ်မင်းအောင်လှိုင်ထံတွင် သွားစုပုံ နေသည်ကို အံ့သြစွာ သွားတွေ့ရချေသည်..။ မြန်မာပြည် အရေး တုန်လှုပ်ဖွယ်ရာပင်..။ ယခုလည်း ကြည့်.. ဗိုလ်ချုပ်မင်းအောင်လှိုင် တယောက် မျက်နှာကြီးရာ ဟင်းဖတ်ပါသည့် ကိစ္စ။ တကယ်ကို ထင်ထင်ရှားရှားပင်..။ကျွန်တော်တို့ ရုရှားဘာသာစကား သင်တန်း (၇) လ အပြီး သင်တန်းသားများ အားလုံး ခွင့် (၁၀) ရက်စီ ရကြသည်။ ထူးခြားချက်က သင်္ကြန်တွင်း ခွင့်ရခြင်း ဖြစ်သည်..။ ဗိုလ်လောင်း ဘဝကတည်းက သင်္ကြန်ဆိုတာ ဘာမှန်းမသိခဲ့သော ကျွန်တော်တို့အဖို့ ယခု ရရှိသော ခွင့် (၁၀) ရက်သည် အလွန်တရာ တန်ဖိုးကြီးလှသည်။ ဒါက အကြောင်း တရားတခု..။ ဒီလိုနဲ့ ခွင့်ရက်စေ့လို့ ပြင်ဦးလွင်မြို့ကို အပြန်တွင် သင်တန်းသားများ လူစုံ ပြန်ရောက် မရောက် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းအောင်လှိုင် ကိုယ်တိုင် လာရောက် စစ်ဆေးတော့သည်.။ သင်တန်းသားများအားလုံး ခန်းမထဲထည့်။ နာမည် တဦးချင်း ရွတ်၍ လူစစ်တော့သည်။ ကျွန်တော်တို့ကတော့ သိသည်။ လူ လုံးဝ မစုံ။ အပျော်လွန်၍ ခွင့်လွန်နေသော သင်တန်းသားများ အယောက် ၂၀ ကျော်ခန့် ရှိမည် ဟု ခန့်မှန်းရသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုအချိန်တွင် ကျောင်းအုပ်ကြီးက စင်မြင့်အလယ်က သဘာပတိများနေရာကဲ့သို့ လုပ်ထားသော နေရာတွင် တဦးတည်း မိန့်မိန့်ကြီး ထိုင်နေချေသည်။ သူ့ရှေ့မှာ မိုက်ခွက်တခု။ လူစစ်သည့် ဗိုလ်မှူးက စင်မြင့်ထောင့်က စကားပြော stand မှ နေ၍ နာမည် အစဉ်လိုက် တဦးချင်း ခေါ်၍ လူစစ်နေတော့သည်။ တဦးချင်း ခေါ်၍ လူ စစ်တော့ အပျော်လွန်နေသော သကောင့်သားများ တယောက်ပြီး တယောက် ပေါ်လာတော့သည်။ တစ်ယောက်.. နှစ်ယောက်.. သုံးယောက်…။ ကျောင်းအုပ်ကြီး သူ့ရှေ့က စားပွဲရှည်ကို လက်သီးဖြင့် ထထုတော့သည်။ ပြီးတော့“ အခု ခွင့်ကျော်တဲ့ ကောင်တွေကို ငါ့ဆီ နာမည် ပေးစမ်း.. ဘာကောင်တွေလဲကွ.. အကုန်လုံး တပ်ရင်းပြန်ပို့ပစ်မယ်..” ဘာညာ ဆိုပြီး ထအော်တော့သည်။ ရှေ့က ဗိုလ်မှူးလဲ ဘိုးတော် စိတ်တိုနေတာ သိ၍ သူပါရောယောင်ပြီး ပျက်ကွက်သည့် သင်တန်းသားများကို စိတ်တိုပြတော့သည်။ ထပ် ထပ် ထွက်လာသည့် ခွင့်ကျော်သမားများကိုလည်း ဘိုးတော် မအော်ခင် သူက အရင် လှိမ့်အော် ပြတော့သည်။ အော်ရင်းနှင့် အရှိန်လွန်ကာ ခန်းမထဲ ရောက်နေသော သင်တန်းသားများပါ ပတ်ရမ်းလေသည်။ ဘိုးတော်ကလည်း သူ လုပ်ချင်နေသည့် ကိစ္စများကို ရှေ့က ဗိုလ်မှူးက အားတက်သရော ဝင်လုပ် ပေးနေသဖြင့် အသာငြိမ် ကြည့်နေသည်။ အမူအယာကတော့ ဒေါသဖြစ်သည့် အရိပ်အယောင် တပြားမှ မလျော့..။ ကျွန်တော်တို့ကလည်း တွက်သည်။ အခု ခွင့်ကျော်နေသည့် ကောင်တွေကတော့ တကယ်နာပြီဟပေါ့..။ ရှေ့က ဗိုလ်မှူးကလည်း လူတယောက်စစ်လို့ မရှိလျှင် တခါ မောင်းတင် အော်..။ လူ ရှိလျှင် ကျော်..။ ပျက်ကွက်သည့် လူတယောက်ပေါ်လျှင် တခါ ထပ်အော်..။ ဒီလိုနဲ့ အရှိန်ရလာတဲ့ အချိန်… “ဘုန်းမြတ်သူ” ဆိုသည့် သင်တန်းသား အလှည့် ရောက်လာပါလေရော..။ တခါ ခေါ်သည်..။ မရှိ… နောက်တခါ ထပ်ခေါ်သည်.. မထူး.. သေချာပြီ၊ ဒီကောင် ပျက်ကွက်နေပြီ။ လူ စစ်သည့် ဗိုလ်မှူး အားရပါးရကို အော်ဟစ် ကြိမ်းမောင်းဖို့ မောင်းတင်လိုက်တဲ့ အချိန်မှာဘဲ… နောက်က ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မင်းအောင်လှိုင်ထံမှ တီးတိုး လေသံနှင့် အသံကျယ်ကြီး ထွက်လာတော့သည်..။ ကျောင်းအုပ်ကြီး ဘာပြောလိုက်သနည်း ဆိုတော့…“ရှေ့က ဗိုလ်မှူး.. သူ့ကို ကျော်လိုက်. သူ့အမေ ငါ့ဆီကို အကြောင်းကြားထားတယ်..” တဲ့.. လေသံက တကယ့်ကို တီးတိုးလေသံ…။ ဒါပေမဲ့.. အဲ့ဒီ တီးတိုး လေသံလေးက ရှေ့က မိုက်ခွက် အစွမ်းကြောင့် ခန်းမ တခုလုံးကို ဟိန်းထွက်သွားတော့သည်..။ အောက်က သင်တန်းသားများလည်း “ဟာ” ဆိုပြီး အသံထွက်ကာ အားလုံးငြိမ်ကျသွားတော့သည်..။ ခန်းမတခုလုံး တကယ့်ကို တိတ်ဆိတ်ငြိမ်သက်လျက်..။ ရှေ့က လူစစ်နေသည့် ဗိုလ်မှူးလည်း ကြိမ်းဝါး လိုက်ဦး မဟဲ့ ဟု အရှိန်ယူထားရာမှ ကျောင်းအုပ်ကြီး စကားကြောင့် ဘာဆက်လုပ်ရမှန်း မသိ .. ကြောင်တောင်တောင်နဲ့  သတိလေး ဆွဲလို့ …။ တကယ်တော့ ကျောင်းအုပ်ကြီး ဟိုး … စင်မြင့်ထက်ကနေ ဘယ်သူမှ မကြားအောင် တီးတိုးလေး ဗိုလ်မှူးကို ကပ်ညှိလိုက်ခြင်း ဖြစ်သည်။ အမှတ်တမဲ့.. ရှေ့မှာ မိုက်ခွက် ရှိနေသည်ကို သတိမထား မိလိုက်..။ ကျောင်းအုပ်ကြီးလဲ..သူ့အဖြစ် သူ သတိထားမိသွားပြီး မျက်နှာကြီးကို ရဲလို့။ အတော်ကြာကြာကို ငြိမ်သက် သွားတော့သည်။ အဲ့ဒီမှာ ကျောင်းအုပ်ကြီးရဲ့ စကားက ငြိမ်သက်မှုကို ထိုးဖောက် တော့သည်..။ “မင်းတို့ကောင်တွေ တနေကုန် လူစစ်နေတာနဲ့ဘဲ အချိန်ကုန်နေ..။ ဒီကောင်တွေကို အရေးယူလည်း အကုန်လုံး ဘဝ ပျက်ကုန်တော့မယ်..ကဲ အားလုံးနားထောင်..” ဆိုပြီး လူစစ်ခြင်းကို တဝက်တပျက် ရပ်ကာ ကျောင်းအုပ်ကြီးက ပြောချင်ရာကို ပြောနေတော့သည်..။ ခုနကတော့..ပျက်ကွက်တဲ့သူ အားလုံး အရေးယူမယ်..တပ်ရင်း ပြန်ပို့မယ် တကဲကဲနဲ့ ကြုံးဝါးခဲ့တဲ့သူက အခုတော့ အားလုံးကို မသိချင်ယောင်ကို ဆောင်လို့။ ဒီလို မှန်းသိရင် သုံးရက်လောက် အိမ်မှာ ထပ်ခွေ နေပါသေးတယ်ဗျာ..။ အဖြစ်ပျက်များကလည်း မြန်ဆန်လွန်းပါ့…။ ဤသို့ ဤပုံကို ကျွန်တော်တို့ တပ်ချုပ်လက်သစ်ကြီးက မျက်နှာကြီးရာ ဟင်းဖတ် ပါတတ် ပါသေးတယ်..။ အထက်ပါကိစ္စများကို အပိုပြောတယ် ထင်လျှင်လည်း မတတ်နိုင်..။ သင်တန်းသား ၄၀၀ နီးပါး ရှေ့ တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာပင်တည်း..။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နောက် တပ်ချုပ် လက်သစ်ရဲ့ ရွှေဥာဏ်တော် စူးရောက်ပုံကလည်း.. တကယ့်ကို အံ့မခန်းပါဘဲ..။ အိုင်းစတိုင်းတို့ စတီဗင်ဟော့ကင်းတို့ လက်မှိုင်ချ ထိုင်ငိုရလောက်အောင်ကို ရွှေဥာဏ်တော် စူးရောက် လှပါပေတယ်..။အကြောင်းက… ကျွန်တော်တို့ ရုရှား သင်တန်း ရှေ့ အပတ်စဉ် မှာ.. အရာရှိတယောက် ရုရှား ပညာတော်သင် မသွားမီ ဝန်ကြီး တစ်ဦး၏ သမီးနှင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုခွင့် ရရှိခဲ့လေသည်..။ ကိုယ်ချင်းလည်း စာပါသည်။ သူ့ခမျာ မိန်းမယူလို့မှ သုံးလ မပြည့်သေး.. ရုရှားသို့ ထွက်ခွာရလေသည်..။ ပညာတော်သင် ကာလက သုံးနှစ်။ မိန်းမ ရတာကလည်း ပူပူနွေးနွေး.. ဝန်ကြီးရဲ့ သားမက် လုပ်ပြီးမှ ဘာပါဝါမှလည်း မပြရသေး ဆိုတော့.. ရုရှား ရောက်ပြီးတာနဲ့ မိန်းမကို လွမ်းလေတော့သည်..။ မိန်းမဆီ တကျီကျီ ဖုန်းဆက်..။ ဖေဖေ ယောက္ခမ ထီးကြီးဆီလည်း “သားသားကို မြန်မာပြည် ပြန်ခေါ်ပါတော့ “ ဆိုပြီး တကျီကျီ ပူဆာ..။ ရုရှား မှာလည်း ဘာစာမှ လိုက်မလုပ်ခဲ့။ ဒီလိုနဲ့ ယောက္ခထီးကြီးရဲ့ အရှိန်နှင့် ၄င်းအရာရှိက ရုရှားတွင် ဆေးဘုတ် အကြောင်းပြကာ မြန်မာပြည် ပြန်ချလာတော့သည်..။ ရုရှား ပညာတော်သင် ကိစ္စရပ်များကို ဦးမောင်အေးက တိုက်ရိုက် ကိုင်တွယ်သဖြင့်.. ၄င်း ဖြစ်စဉ်များအားလုံးကို သိရှိသွားတော့သည်..။ ဝန်ကြီး သားမက် ဖြစ်နေ၍ မသိချင်ယောင် ဆောင်ပေးလိုက်ရသော်လည်း. ဒုတပ်ချုပ်. ဦးမောင်အေး လုံးဝ မကြိုက်…။ ထို့ကြောင့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်ချုပ်မင်းအောင်လှိုင်ထံ ဒီလို ကိစ္စမျိုးတွေ ထပ်မဖြစ်အောင် မည်သို့ လုပ်မည်နည်း.. ဟု အကြံဥာဏ် လှမ်းတောင်းတော့သည်..။ ဤတွင် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ ရွှေဥာဏ်တော် စူးရောက်စွာ အကြံတော် ပေးလိုက်ပုံက “အိမ်ထောင် ရှိလို့ ဒီလို ကိစ္စတွေ ဖြစ်နေရတာပါ..ဒါ့ကြောင့် အိမ်ထောင် မရှိသူများကိုသာ ရုရှား လွှတ်ပါ” ဆိုပြီး အကြံကောင်း ဥာဏ်ကောင်း ပေးလိုက်လေရဲ့ လေ..။ ဒီတော့ ဘာဖြစ်လဲ..။ ရုရှား မသွားခင်လေး.. မိန်းမ ယူလိုက်ဦးမဟဲ့.. ဆိုပြီး လက်ထပ်ခွင့် တင်ထားတဲ့ သူတွေ ပြုတ်..။ မိန်းမနဲ့ အိမ်ထောင်သည်လိုင်းမှာ နေ နေတဲ့ သူတွေလည်း ပြုတ်..။ နေရင်းထိုင်ရင်းနှင့် ဦးမင်းအောင်လှိုင် အလျှောက် ကောင်းပုံကြောင့် အယောက် ၂၀ လောက် တပ်ရင်းပြန်ရောက်ကုန်ကြသည်..။ ရုရှား ပညာတော်သင်သွားမယ့် ကိုကိုကွ ဆိုပြီး ယူဖို့ အားခဲထားတဲ့ သတို့သမီးလောင်းများလည်း ခဲလေသမျှ သဲရေကျ.. တပ်ရင်းပြန် ဝတ်ရွတ်ရမယ့် ဘဝကို ရောက်လို့ ရောက်နဲ့ အတော်ကို ကသောင်းကနင်း ပါဘဲဗျာ။ ထိုစဉ်က အဘယ်မျှ ရီရသနည်းဆို ကျောင်းရုံးသို့ မရောက်သေးဘဲ.. စာပေရုံးတွင်ပင် သောင်တင် နေသော တင်ထားသည့် လက်ထပ်ခွင့်များကို သင်တန်းသားများ အပြေးအလွှားကို ပြန်ယူရတော့သည်..။ အရပ် လက်ထပ် စာချုပ်ဖြင့် ယူပြီး အခန့်သား မိန်းမနှင့် နှပ်နေသော သင်တန်းသားများလည်း မိန်းမကို ညီမလုပ်ကာ အကုန် အိမ်ပြန်ပို့ကြရတော့သည်..။ အမိန့် ဆိုတော့လည်း လေ…။ နောက်ပိုင်း ဦးမောင်အေးလည်း မယောင်ရာ ဆီလူးသည့် အကြံပေးချက်မှန်း ရိပ်မိသွားသောအခါ ထုတ်ထားသော အမိန့်ကို ပြန်ရုတ်သိမ်း သွားတော့သည်..။ ဤသို့ ရှုံ့ချည် နှပ်ချည် အမိန့်ကြောင့် ကြားကနေ သင်တန်းသား ၂၀ ကျော်လောက် ရည်မှန်းချက်များ ပျောက်ခဲ့ရလေသည်..။ သို့ပေမယ့် သင်တန်းသားများ မယုံရဲတော့..။ အိမ်ထောင်သည် လိုင်းမှာလည်း သွားမနေရဲတော့..။ မိန်းမများခမျာ တရားဝင် မယား ဘဝကနေ ခိုးကြောင် ခိုးဝှက် ပေါင်းသင်းရတဲ့အဖြစ်ကို ရောက်ကုန်ကြတော့သည်..။ ဤကဲ့သို့သော ဥာဏ်ရည် ဥာဏ်သွေးမျိုးနှင့် ဗိုလ်ချုပ်မင်းအောင်လှိုင်..အခုတော့ တပ်မတော်ကြီး တခုလုံးကို ကြိုးကိုင်.. မြန်မာပြည်တခုလုံးကို ချုပ်ကိုင်ဦးမယ် ဆိုတော့.. မြန်မာပြည်ကြီး ဘာတွေ ထပ်ဖြစ်မည်နည်း။ တွေးတောင် မတွေးရဲစရာပင်..။ သို့ပေမယ့်… ဦးသန်းရွှေ တို့အတွက် ထိုကဲ့သို့သော ဦးနှောက် မပြည့်သည့် အာဏာရှင် လက်သစ်မျိုးကို ခက်ခက်ခဲခဲကို ရှာဖွေ ထားခဲ့ရခြင်း ဖြစ်သည်..။ စစ်အာဏာရှင်တိုင်း ကျပ်မပြည့်ရ ဟူသော မူကို ကိုင်ထားသည်ကိုး…။ ထူးထူးခြားခြား.. ဗိုလ်ချုပ်မင်းအောင်လှိုင်သည်ကား အလုံးစုံ ကျပ်မပြည့်သော ပုဂ္ဂိုလ် ဖြစ်နေလေတော့… ဦးသန်းရွှေတို့အတွက် တကယ့် ရေကန်အသင့် ကြာအသင့် ပေကိုး..။ ဒါကြောင့်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင် တယောက် ခုန်ပြန်ကျော်လွှားကာ တပ်ချုပ်ကြီး ဖြစ်လာခဲ့သည်လေ..။ သိပ်တော့လည်း ထူးဆန်းလှသည့် ကိစ္စတော့ မဟုတ်ချေ..။ တပ်ချုပ်ကြီး မင်းအောင်လှိုင် ကျန်းမာပါစေ.. ချမ်းသာပါစေဗျာ..။ http://photayokeking.org/blood-words/118-i-know-about-general-min-aung-naing-1

No comments: