Wednesday, January 15, 2014

ကျနော့်အမေ.. မဟာမိခင်..

ကျနော့်အမေ.. မဟာမိခင်..



မှတ်မိသေးတယ်။ နယူးဒေလီမှာ မိခင်များနေ့ကျင်းပတော့ ( ဘယ်နှစ်လဲဆိုတာတော့မေ့နေတယ်)အခမ်းအနားမှုးက အဖွဲ့အစည်းခေါင်းဆောင်တွေကို စကားပြောခိုင်းတယ်၊ ခေါင်းဆောင်တွေကလည်း အဝေးက အမေတွေ၊ မရှိတော့တဲ့အမေတွေရဲ့ ကျေးဇူးတရားတွေကို မှန်းမျော်ဟောကြတာပေါ့၊ တချို့ကလည်း မျက်ရည်တစမ်းစမ်းနဲ့၊ တဆို့ကလည်းဆို့နစ်ပြီးအသံတုန်တုန်ရီရီတွေနဲ့ပေါ့။ နောက်ကျတော့ အခမ်းအနားတက်လာတဲ့ လူတွေအားလုံး တယောက်ပြီးတယောက် သူတို့ အမေတွေအကြောင်း အားရပါးရပြောကြတော့တာပဲ။ နှပ်တချုံ့ချုံ့၊ မျက်ရေတသုတ်သုတ်နဲ့..တကယ်ပဲ မိခင်တွေကို လွမ်းဆွတ်တသသ သတိရပွဲကြီး။ အမေအကြောင်းဆိုတော့လည်း လူတိုင်းကခံစားချက်ရှိတာကိုး..။ သိပ်ပြောချင်ကြတာပေါ့..။ အပြောမကောင်းတဲ့ လူတွေ၊ တခါမှ လူရှေ့စကားမပြောခဲ့ဘူးသူတွေလည်း ဘယ်နေလိမ့်မလဲ၊ ကိုယ့်အမေက တကယ့်လူစွမ်းကောင်း၊ တကယ့်မေတ္တာရှင်ကြီး၊ တကယ့်အာဇာနည်မိခင်ကြီးလို အားရပါးရပြောတော့တာပဲ။ ကျနော်ကလည်း ပြောချင်လို့ မတ်တပ်ထ ဟန်ပြင်တုန်းရှိသေးတယ်၊ နောက်တယောက်ကထပြောနေပြီ။ တချို့ကလေကြောရှည်တယ်၊ သူ့အမေ့ ကျေးဇူးကြီးမားပုံတွေကို ပြောလို့လဲမပြီးနိုင်ဘူး၊ နောက်လူလည်း အားမနာဘူး၊ အမေအကြောင်းဆိုတော့ လူတိုင်း လောဘတကြီး အလုအယက်ကိုပြောတော့တာ..။

အဲဒီတုန်းက ကိုယ်က သတင်းထောက်ဆိုတော့ သူများပြောတာချည်း ဦးစားပေးနားထောင်ခဲ့ပါတယ်။ ကိုယ်ပြောချင်တာတောင် မပြောခဲ့လိုက်ရဘူး။ ကိုယ့်အမေအကြောင်းသူများတကာလည်း သိပ်မသိလိုက်ဖူး..။ သူတို့ပြောပြတဲ့ မိခင်တွေဆိုတာ ဘာဟုတ်သေးလို့လဲ၊ ကျနော့အမေမှ တကယ့်မဟာမိခင်ကြီးဗျ..။ တကယ့် သံအဏိလိုမာတဲ့မိခင်ကြီး၊ မာနကလည်းအင်မတန်ကြီး။ သားသမီးတောင် ဘယ်နှစ်ယောက်မွေးခဲ့တယ်ထင်သလဲ..။ ၁၂ယောက်ဗျ..၁၂ယောက်။ တဒါဇင်မွေးခဲ့တာ။ ကျနော်က နံပါတ် ၁၁ သားယောင်္ကျားထဲမှာအငယ်ဆုံး၊ ကျနော့အောက်ညီမလေးတယောက်ထဲရှိတယ်၊ သူကအခု အုံးဖျံ ဒုက္ခသည်စခန်းမှာ ကျောင်းဆရာမလုပ်နေတယ်။ အမေနဲ့အဖေက သားသမီး အားလုံးကို ဆင်းရဲပေမဲ့ ပညာတတ်အောင်သင်ပေးတယ်။

အဖေက အထက်တန်းစာရေးကြီး။ အဲံဒီခေတ် လစာက ၃၆၂ကျပ်။ ဘာအောက်ဆိုဒ်မှ မရှိဘူး။ အဖေကလည်း လူရိုး လူအ၊ သူများလို အောက်ဆိုက်ငွေရှာတတ်တဲ့ ကြံရည်ဖန်ရည်လည်းမရှိဘူး။ ရာထူးတိုးအောင်လည်း မပေါင်းသင်းတတ်ဘူး။ ဒီတော့ အိမ်ကထမင်းအိုးနဲ့ ဘတ်ဂျက်ပြဿကို အမေကပဲ ဖြေရှင်းရတယ်။ ကျနော်တို့ အိမ်ခြံဝန်းကြီးက အကျယ်ကြီးဆိုတော့ အဖေနဲ့ အမေက စိုက်လို့ရတာ အကုန်စိုက်၊ မွေးလို့ရတာအကုန်မွေးတယ်။ ရခိုင်ငှက်ပျော်ပင်၊ သရက်ပင်၊ ဒန့်သလွန်ပင်၊ မာလကာပင်၊သဘောင်္ပင်၊ သြဇာပင်၊ ဇီးပင်၊ ပန်းမျိုးစုံ တွေကနေ ဈေးဘိုးရတယ်။ ဆောင်းတွင်းဆို ရာသီပေါ် အသီးအနှံတွေစိုက်တယ်၊ ဗူးသီး၊ ပဲသီး၊ ခရမ်း၊ မုန်လာ၊ ဂေါ်ဖီ၊ ဆလတ်၊နံနံနဲ့ အသီးအရွက်တွေကို အိမ်နီးနားချင်းတွေကို ဝေငှနိုင်ယုံမက ဈေးမှာရောင်းနိုင်တယ်။

ပြီးတော့ အိမ်မှာ နွားမွေးတယ်၊ ၀က်မွေးတယ်၊ ကြက်မွေးတယ်၊ဘဲမွေးတယ်၊(တော်မီဆိုတဲ့ ခွေးရယ်၊ မီမီဆိုတဲ့ ကြောင်ရယ်၊ ဘယ်လောက်စကားသင်သင် မတတ်လို့ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးလို့နာမည်ပေးထားတဲ့ ကြက်တူရွေး ၂ကောင်လည်းမွေးထားတယ်)။

ပြောချင်တာက အဲဒီစိုက်ပျိုး မွေးမြူရေး အလုပ်တွေအားလုံးကို အမေတယောက်ထဲက ဦးဆောင်လုပ်တာပါ။ အမေက မနက် ၄နာရီဆိုအိပ်ရာထတယ်၊ ကြက်ဥ၊ ဘဲဥကောက်တယ်၊ ခြံထဲကပန်းတွေခူးတယ်၊ ၀က်စာကြိုတယ်၊ အဖေ့အကူအညီနဲ့ နွားနို့ညှစ်တယ်၊ ပြီးတော့ ကျနော်တို့ညီအကိုမောင်နှမတွေအတွက် ထမင်းကြမ်းကြော်တယ်၊ လဘက်ရေဖျော်တယ်။

ကျနော်တို့မောင်နှမတွေ ကျောင်းသွားတဲ့အချိန်မှာ ဈေးခြင်းကြီး၂လုံးကို ယူပြီး ဈေးသွားတယ်။ အမေ့တောင်းထဲမှာ ပန်းစည်းတွေ၊ ကြက်ဥ၊ ဘဲဥတွေနဲ့ ခြံထွက် ရခိုင်ငှက်ပျော်သီးတွေ၊ ဘူးသီးနဲ့၊ ဘူးညွန့်၊ ပဲသီးတွေ (သူ့ရာသီနဲ့သူ ဟင်းသီးဟင်းရွက်တွေလည်းပါတတ်တယ်)ပုံမှန်လိုလိုပါတယ်။ ဈေးထဲက သူ့ဖောက်သည်ဆိုင်တွေကိုခြံထွက်တွေသွင်းတယ်၊ အဲဒီက ရတဲ့ ပိုက်ဆံနဲ့ ဈေးဝယ်တယ်၊ အိမ်အသုံးအဆောင်တွေဝယ်တယ်၊(အုံးဆီတို့၊ အပ်ချီတို့ မီးဖိုချောင်သုံးတွေပေါ့)။

အဲလိုခြံထွက်ပစ္စည်းတွေနဲ့ ကျနော်တို့ကို ထမင်းကျွေးလာတာ။ တပတ်ကို ၂ခါ အသားကျွေးတယ်။ အိမ်မှာကြက်ဥ ဘဲဥ ရှိပေမဲ့ ကျနော်ငယ်ငယ်က ဘဲဥချဉ်ရေ တခြမ်းနဲ့ပဲ ဟင်းလုပ်စားခဲ့ရတယ်။ အမေ့မှာ လက်လှည့် အပ်ချုပ်စက်ကလေးတလုံးရှိတယ်။ ကျနော်တို့ အကျီ အပေါက်အပြဲတွေကို ဖာထေးပေးတယ်။ ကိုယ်တိုင်လည်း အကျီင်္၊လုံချည်လေးတွေချုပ်တတ်တယ်။ အိမ်သားအားလုံးရဲ့ အ၀တ်အစားတော်တော်များများက အမေ့လက်ရာတွေချည်းပဲ။ နည်းနည်းကြီးလာလို့ ရှက်တတ်လာတော့ (အမေက မျက်စိမှုံပြီး မအားတော့တာ၊ ပင်ပမ်းတာလည်းပါမယ်) အပြင်ကချုပ်တာပဲဝတ်တယ်။

အိမ်မှာ ဟင်းကောင်းချက်တိုင်း အမေက ဘေးအိမ်တွေကို ဟင်းခွက်ဝေပေးတယ်။ ကျနော်တို့ရပ်ကွက်ကလူတွေက အမေ့ကို အမကြီး..အမကြီးလိုခေါ်တယ်။ အမကြီးက တချိန်လုံး အလုပ်နဲ့ လက်မပြတ်ဘူးနော်..ခနခနပြောကြတယ်။

အသားဖြူဖြူ ပိန်ပိန်ပါးပါး မျက်နှာလေးဒေါင့်စပ်စပ်၊ သွားနည်းနည်းခေါ တဲ့အမေဟာ ငယ်ငယ်တုန်းက သိတ်လှတယ်လို့ အမေ့ရှေ့မှာ အဖေက ခဏခဏပြောရင် အမေဟာ ပြုံးပြီး ကျေနပ်နေတတ်တာမှတ်မိနေတယ်။ သားသမီးများများမွေးထားတဲ့ အမေဟာ ပင်ပမ်းပြီး အလုပ်များတဲ့ဒါဏ်၊ ဆင်းရဲတဲ့ဒါဏ်၊ ကြမ်းတမ်းတဲ့ လောကဓံကို အတော်လေးသီးခံပြီး အသက်ရှင်အောင်ကျိုးစားခဲ့တယ်။ ဒါပေမဲ့ ဆီးချို နဲ့နှလုံးဝေဒနာက အမေ့ကို သိပ်ပြီးညှာတာနေတာတော့ မဟုတ်ဘူး။ အသက် ၅၄ နှစ် အရွယ်လေးမှာပဲ ခြံထွက် သရက်သီးလေးကိုစားနေရင်း မူးတယ်မူးတယ်နဲ့ လဲကျသွားရာက သတိပြန်မရပဲ ကျနော်တို့အားလုံးကို ထာဝရခွဲခွါသွားတယ်။

အဲဒါကြောင့်ပြောတာ၊ ကျနော့အမေက မဟာမိခင်ကြီးလို့၊ ဆင်းရဲတဲ့မုန်တိုင်းကို ကြံ့ကြံ့ခံ..တက်မရှိလည်း လက်နဲ့လှြော်ပီး သားသမီးတွေရဲ့ ဘ၀ကို ထူထောင်ပေးခဲ့တယ်။ ကိုယ်ကျင့်တရားကောင်းအောင်၊ စိတ်စေတနာကောင်းဖြစ်ပေါ်အောင်၊ ပညာတတ်အောင်၊ ရိုးသားအောင် သူသိတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေနဲ့ လောက လမ်းကို ညွှန်ပြပေးခဲ့တယ်။အမေ့အကြောင်းပြောရရင် တထောင့်တညပုံပြင်လို ပြီးမှာမဟုတ်ဘူး..။

ယုံချင်ယုံ မယုံချင်နေ..
ကျနော့အမေဟာ မဟာ့ မဟာမိခင်တယောက်ပါ..။

အမေ့ကို ချစ်တဲ့ ကိုညို..။

No comments: