Saturday, January 18, 2014

မန္တလေးတိုင်းဒေသကြီး သာသနဝံသပါလ (ခေါ်) အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန် ကြေညာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားလုံးများကို သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး သာသနဝံသပါလ (ခေါ်) အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန် ကြေညာသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မေးပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်လာပါလျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်သည်ဟု သီတဂူ ဆရာတော်ကြီးက မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပနေသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ အတုမရှိ သံဃာ့ ညီလာခံကြီးတွင် မိန့်ကြားသည်ဟု မီဒီယာအချို့၏ ဖော်ပြမှုအပေါ် ယင်းသို့ ပြန်လည် ရှင်းလင်းခြင်း ဖြစ်သည်။

သီတဂူ ဆရာတော်ကြီးသည် ၎င်း၏ သြဝါဒ မိန့်ခွန်းအပြင် အလွတ်သဘော ပြောဆိုသည့် သြဝါဒများတွင်ပါ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအနက် မည်သူ့ကို ထောက်ခံသည်၊ မည်သူ့ကို ကန့်ကွက်သည်ဟု အရိပ်အမြွက်ပင် မိန့်ကြားခဲ့ခြင်း မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်စရာ ရှိသည်ဟု ယုံကြည်နေသဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန်ကို ထောက်ခံမဲ ပေးရန် သီတဂူ ဆရာတော်က မိန်ကြားလိုက်သည်ဟု သံဃာ့ညီလာခံကြီး တက်ရောက် သည့် မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်ဟုဆိုကာ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မွန်းတည့်နေ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် ဖော်ပြသည်။
“သီတဂူ ဆရာတော်ကြီးက ဒေါ်အောင်ဆန်းကြည်နဲ့ ပတ်သက်လို့ တစ်ခွန်းတစ်ပါဒမျှ မိန့်ကြားခဲ့တာ မရှိဘူး” ဟု မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

ဆရာတော်ကြီးသည် အချင်းချင်း စိတ်ဝမ်းကွဲပြားမည့် အလုပ်မျိုးကို ရှောင်ကြဉ်ပြီး နိုင်ငံသားအားလုံး အကျိုးရှိသည့် အလုပ်မျိုးကိုသာ တက်ညီလက်ညီ ဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီး မည်သည့် ပုဂ္ဂိုလ်ကိုမျှ သာစေနာစေဟူသော စိတ်ထားမျိုး မရှိသကဲ့သို့ လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍လည်း ကျဉ်းမြောင်းသည့် အမြင်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန်သည်။

သို့သော်လည်း ယင်းသံဃာ့ ညီလာခံကြီးတွင် မန္တလေးတိုင်းဒေသကြီး ထိန်လင်းပရဟိတ စာသင်တိုက် ပဓာန နာယက၊ တိပိဋက ဓရရမ္မာဝတီ ဆရာတော်သည် အတုမရှိ သံဃာ့ညီလာခံကြီး မူဝါဒ သဘောထားစာတမ်း မဖတ်ကြားမီ သီတဂူ ဆရာတော်ကြီး၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားများကို မိန့်ခဲ့ရာ ယင်းမိန့်ကြားချက်များသည် မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာအဖွဲ့၏ လမ်းစဉ် မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သီတဂူ ဆရာတော်နှင့် ပတ်သက်၍ ဖော်ပြမိခဲ့သော သတင်းသည် အတည်မပြုနိုင်သည့် စာနယ်ဇင်း ကျင့်ဝတ်နှင့် မကိုက်ညီသည့် သတင်းဖြစ်၍ ပြန်လည် ရုပ်သိမ်းကြောင်း မွန်းတည့်နေ အပတ်စဉ်ထုတ် ဂျာနယ်၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖော်ပြထားသည်။

The Voice Weekly



 

No comments: