Tuesday, January 14, 2014

ဝိုင်းဝန်းကူညီ အားပေးမှုနဲ့ ဒီမိသားစုလေးရဲ့ ဘ၀ကို ကယ်တင်ကြပါ

 
 
ဒီနှစ် ၂၀၁၄ နှစ်သစ်ကို မြန်မာပြည်မှာ ကြိုဆိုခွင့် ရလိုက်တယ်။ ၃-၄ နှစ်ကြာမှ ပြန်လည်ဆုံတွေ့ ခဲ့ရတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝမ်းသာကြည်နူးမဆုံးဖြစ်ခဲ့ရပါတယ်။ ရွာမှာနေထိုင်စဉ် မရောက်ခဲ့တာ ကြာပြီဖြစ်တဲ့ အဖိုးရဲ့ ရွာ(သထုံမြို့ နယ်၊ ဒုံဝန်းကျေးရွာ)ကို ဇန်န၀ါရီ ၄ရက်နေ့ မှာ မိသားစုဝင်တွေနဲ့ အတူ အလည်အပတ် သွားရောက်ခဲ့ပါတယ်။ အဲဒီရွာက ဆွေမျိုး အသိမိတ်ဆွေတွေအိမ်ကို လည်ပတ်ရင်း အိပ်ယာထက်မှာ လဲလျောင်းနေတဲ့ လူနာတယောက်ကို သတိထားမိလိုက်တယ်။ သာမာန်လူနာတစ်ယောက်လို့ ထင်မြင်မိပြီး လူနာကို အနည်းငယ်အားပေးစကားပြောခဲ့မိတယ်။ ရွာအပြန် ကားပေါ်ရောက်မှ ညီမလေးကနေပြီး လူနာအကြောင်းအသေးစိတ်ပြောပြတယ်။ လူနာအကြောင်း တစေ့တစောင်းကြားရပြီး စိတ်မကောင်းအတော်ဖြစ်မိခဲ့တယ်။ အဲဒါနဲ့  မိမိတတ်နိုင်သလောက်ကူညီချင်တာနဲ့ ရွာအပြန် ကားကို ပြန်လှည့်ခိုင်းပြီး လူနာရှိရာဆီကို ပြန်သွားခဲ့ ပြီး လူနာအပါအ၀င် လူနာ မိသားစုဝင်တွေကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။ လူနာရဲ့ ရောဂါဖြစ်စ အခြေအနေ အသေးစိတ်ကို မေးမြန်းဖြစ်ခဲ့တယ်။ ဗဟုသုတ ခေါင်းပါးပြီး ကြောက်ရွံ့ စိုးရိမ်စိတ် ကြီးနေကြတဲ့ လူနာနဲ့  လူနာမိသားစုဝင်တွေကို ဆေးဝါးကုသနိုင်ဘို့  မိမိတတ်စွမ်းသလောက် ကူညီပါ့မယ်၊ ဆေးဝါးကုသနိုင်ရေး အလှူရှင်များကိုလည်း ကြိုးစားရှာဖွေပေးပါ့မယ်လို့ အားပေး နှစ်သိပ်စကား ပြောဖြစ်ခဲ့ပါတယ်။ လူနာရှင်အမည်က မောင်သန်းဝင်း။ အသက်က ၂၅ နှစ်။ မနှင်းဆီ လို့ ခေါ်တဲ့ ဇနီးနဲ့ ကြယ်စင်ဖူး လို့ ခေါ်တဲ့ သမီးငယ်လေး တစ်ယောက်ရှိတယ်။ စီးပွားရေးကတော့ လယ်လုပ်သားပေါ့။ ရောဂါဖြစ်စကဒီလိုပါတဲ့။ ပုံမှန်လယ်ယာထွန်ယက်စိုက်ပျိုးရင်း တရက်မှာ ခြေထောက်က တင်းပြီးထုံနေတော့ တောဆရာ တစ်ယောက်ဆီကို သွားပြတယ်။ ဆရာက အကြောအားနည်းလို့ ဆိုပြီး အကြောအားဆေးသွင်းတယ်တဲ့။ ဒီလိုနဲ့ မသက်သာဘဲ တောဆရာ ၂ ယောက်၊ မြို့ နယ် ဆရာဝန် ၂ယောက်အထိ ပြောင်းပြီးကုသရာက နောက်ဆုံး လမ်းမလျောက်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိလာတာလို့ ပြောပြတယ်။ လမ်းမလျောက်နိုင်တော့ တင်ပါး တရွတ်ဆွဲ သွားလာရာက အနာတွေထပ်ဖြစ်ပြီး နောက်ဆုံး အိပ်ယာပေါ် ဘုံးဘုံးလဲတဲ့အဆင့် ရောက်လာပါတော့တယ်တဲ့။ ယခု လက်ရှိအချိန်မှာတော့ လူနာရော၊ မိသားစုဝင်တွေပါ စိတ်ဓါတ်ကျပြီး ဆက်လက်ကုသဘို့  အင်အားမရှိတော့လောက်အောင် ဖြစ်နေပါတယ်။ နာတာရှည်ရောဂါ ဖြစ်နေပြီမို့  ငွေကုန်ကြေးကျလည်း မတတ်နိုင်တော့ပါဘူးလို့ ဆိုနေပါတယ်။ ကျနော့် အနေနဲ့ လူနာနဲ့ လူနာ မိသားစုဝင်တွေကို တတ်နိုင်သလောက် အားပေးစကားပြော နှစ်သိပ်ခဲ့ပါတယ်။ အသက်အရွယ်အားဖြင့် ၂၅ နှစ်သာရှိသေးတဲ့ လူနာကို အတတ်နိုင်ဆုံးကြိုးစားပြီး ဆေးဝါးကုသခွင့် ရစေချင်သလို၊ နာတာရှည်ရောဂါသည်ကို နှစ်ရှည်လများ ပြုစုကုသပေးနေရတဲ့ မိသားစုဝင်တွေကိုလည်း ကိုယ်ချင်းစာ သနားမိပါတယ်။ ရောဂါသည်ဖခင်ရဲ့ အဖြစ်သနစ်တွေကို နေ့ စဉ်နဲ့ အမျှ မြင်တွေ့ နေရတဲ့ အရွယ်မရောက်သေးတဲ့ သမီးငယ်လေးရဲ့ အနာဂတ်အတွက်ကိုလည်း အထူးစိုးရိမ် ပူပန်နေမိပါတယ်။ ယခု ဒီ Post ကို ဖတ်မိကြမဲ့ မိတ်ဆွေများအားလုံးလည်း ကျနော့်လိုဘဲ ဒီမိသားစုအပေါ် ကိုယ်ချင်းစာ နားလည်ပေးနိုင်ကြလိမ့်မယ်လို့  မျော်လင့်မိပါတယ်။ မိတ်ဆွေများအားလုံးရဲ့  ၀ိုင်းဝန်းကူညီ အားပေးမှုနဲ့ ဒီမိသားစုလေးရဲ့ ဘ၀ကို ကယ်တင်ချင်ပါတယ်။ ဒီတပတ်အတွင်း ဆေးဝါးကုသပေးဘို့  ရန်ကုန်ကို ပို့ ဆောင်နိုင်အောင် စီစဉ်ထားပါတယ်။ မိတ်ဆွေများရဲ့ စုပေါင်းအင်အားနဲ့ ရရှိလာမဲ့ အလှူငွေကို ဒီလကုန် (ဇန်န၀ါရီ) ပေးပို့ နိုင်အောင် စီစဉ်ပါ့မယ်။ မိမိတတ်နိုင်သလောက် အကူအညီ ပေးလိုသူများ အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ် ခင်ဗျာ။ ဆက်သွယ်ရန်။ ။ ခွန်သူရကျော်၊ ဂျပန်နိုင်ငံ (090-17566250) မခင်ဌေးရီ၊ နဂိုယာ ပရဟိတ မိတ်ဆွေများအဖွဲ့ (080-31832979) ဦးဇော်မင်း၊ နန်းတောင်းရွာလေး၊ သထုံမြို့ နယ် (09-425260688) နန်းမြသန္တာအေး၊ နန်းတောင်းရွာလေး၊ သထုံမြို့ နယ် (057-69849) အထူးကျေးဇူးတင်လျက် ခွန်သူရ နဂိုယာမြို့ ၊ ဂျပန်

No comments: