Monday, January 27, 2014

တတိယမြောက် ကိုယ်ပျောက်စစ်ရေယာဉ် ရေချနိုင်ရန်စီစဉ်



မြန်မာ့ရေတပ်မတော်၏ တတိယမြောက် ကိုယ်ပျောက်စစ်ရေယာဉ်ကို သီလဝါတွင် တည်ဆောက်နေပြီး ၂၀၁၄တွင် ရေချနိုင်ရန်နှင့် ၂၀၁၅ တွင် တပ်တော်ဝင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ကိုယ်ပျောက်စစ်ရေယာဉ်နှစ်စီးကို ပြည်တွင်း၌တည်ဆောက်ခဲ့ပြီး ရေတပ်မတော်တွင် အသုံးပြုနေပြီဖြစ်ပြီး တတိယမြောက် ကိုယ်ပျောက်စစ်ရေယာဉ်ကို အရှည် ၁၀၈မီတာဖြင့် သီလဝါတွင် ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရေယာဉ်၏ကိုယ်ထည်တည်ဆောက်မူမှာ ရာခိုင်နူန်း ၇၀ နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

“ မြန်မာ့ရေတပ်မတော်မှာ အသုံးပြုနေတဲ့ အရှည် ၁၀၈မီတာ ရှိတဲ့ ကျန်စစ်သား ကိုယ်ပျောက်စစ်ရေယာဉ်နဲ့ အရှည် 491 အမြန်သွား တိုက်ခိုက်ရေး ကိုယ်ပျောက်စစ်ရေယာဉ်တို့ကို ပြည်တွင်းမှာပဲ တည်ဆောက်ခဲ့ပြီး ၁၀၈မီတာ အရှည်ရှိတဲ့ တတိယကိုယ်ပျောက် စစ်ရေယာဉ်တစ်စင်းကို ဆောက်နေတာ ပြီးခါနီးနေပါပြီ။ နိုင်ငံတကာမှာ ရေဒါနဲ့ ရာခိုင်နူန်း ၈၀ လောက်အထိ ဖမ်းဖို့ခက်ခဲတဲ့ရေယာဉ်တွေကို ကိုယ်ပျောက်ရေယာဉ်လို့ အမည်ပေးကြပါတယ်” ဟု ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

မြန်မာ့တပ်မတော်၏ ဒုတိယမြောက်ကိုယ်ပျောက်စစ်ရေယာဉ်မှာ ကျန်စစ်သား(F12) စစ်ရေယာဉ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်အတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း တပ်တော်ဝင်နိုင်ခဲ့ကြောင်း သိရသည်။ စစ်ရေယာဉ်တည်ဆောက်မူအတွက် လိုအပ်သောစက်ပစ္စည်းများကို အိန္ဒိယနှင့်တရုတ်နိုင်ငံတို့မှ အဓိကဝယ်ယူပြီး ရေယာဉ်တည်ဆောက်မူပြီးပါက ရေချကာ စစ်လက်နက်များတပ်ဆင်ခြင်းတို့ ပြီးစီးမှ တပ်တော်ဝင်နိုင်မည်ဖြစ်ကြောင်း အဆိုပါအဆင့်မြင့်အရာရှိက ပြောသည်။

မြန်မာ့ရေတပ်မတော်ကို ခေတ်မီရေတပ်မတော်အဖြစ် တည်ဆောက်ရေးအတွက် နိုင်ငံခြားသို့ စစ်ပညာတော်သင်များ တိုးမြှင့်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ရေတပ်မတော်ဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

မြန်မာ့ရေတပ်မတော်ကို ခေတ်မီရေတပ်မတော်အဖြစ် တည်ဆောက်ရေးအတွက် နိုင်ငံခြားသို့ စစ်ပညာတော်သင်များ တိုးမြှင့်ပို့ဆောင်မူများလည်း ရှိနေကြောင်းနှင့် ဖေဖဝါရီလနောက်ဆုံးပတ်တွင် မြန်မာ့ရေတပ်မတော်မှ အိန္ဒိယနိုင်ငံသို့ ပညာတော်သင်များစေလွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ ၁၉၈၉ မှ ၂၀၁၁ ခုနှစ်အထိ မြန်မာ့ရေတပ်မတော်က အရာရှိနှင့်စစ်သည် စုစုပေါင်း ၅၃၇ ဦးကို မြန်မာ့ရေတပ်မတော်သည် တရုတ်နှင့်အိန္ဒိယနိုင်ငံများသို့ စစ်ပညာတော်သင် အများဆုံးစေလွှတ်ခဲ့ပြီး အင်္ဂလန်၊ ရုရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ အစ္စရေး၊ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့ကြောင်း သိရသည်။

ငယ်ထွေး(ကလေး)
ရန်ကုန်တိုင်းမ်နေ့စဉ်

မှတ်ချက်။ သတင်းမှန်ခြင်း/မှားခြင်းထက် ရန်ကုန်တိုင်းမ်နေ့စဉ်တွင် ဖော်ပြခဲ့သော မြန်မာတပ်မတော်(ရေ)ဆိုင်ရာသတင်းအား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

No comments: