Thursday, January 2, 2014

ကျုပ် အရင်လို မဖြစ်ချင်တော့ဘူးဗျာ(အောင်ကြီး)

ကျုပ် အရင်လို မဖြစ်ချင်တော့ဘူးဗျာ(အောင်ကြီး) ********************************* စစ်ရေးအမြင်များလွန်းတဲ့သူတွေ တိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါ ထော်လော်ကန့်လန့်လုပ်သမျှ သူပုန်လို့မြင်ကုန်ရော ... တစ်ချက်ထော်တာနဲ့ ဆွဲစိ ... တစ်ချက်ကန့်လန့်တာနဲ့ဆွဲစိ ... နဲ့ ... ဘယ်ကောင်မှ ထော်မယ့် ကန့်လန့် မယ့်ကောင်မရှိရင် ရန်သူမရှိ အေးချမ်းသည်လို့ မှတ်ထင်ထားကြတာကလား။ အရာရာကို တစ်သွေး တစ်သံ တစ်မိန့်နဲ့ ... ခပ်တုံးတုံး ခိုင်းတာလုပ်မယ့်ကောင်တွေပဲ အလိုရှိတဲ့ စိတ်ဓါတ်အခံနဲ့ အုပ်ချုပ်တော့ ... ပညာရေး မှေးမှိန်တာလည်း မဆန်းဘူး ... နေ့စဉ်အားလုံး လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့အတွေးနဲ့ စီမံတော့ ကျန်းမာရေး စုတ်ပြတ်တာလည်း မဆန်းဘူး ....။ ပညာရေးနဲ့ ကျန်းမာရေး စုတ်ပြတ်သတ်ကုန်မှတော့ အားနည်းတဲ့ လူ့စွမ်းအားအရင်းအမြစ် နဲ့ နိုင်ငံချိနဲ့သွားတာလည်း မဆန်းဘူး။ ဒီကြားထဲ တစ်သွေးတစ်သံတစ်မိန့်နဲ့ ဗူးပေါက်တာ မလိုချင်ဘူး တွေဘာတွေ လျှောက်လုပ်တော့ ပြန်မပြောနားမထောင် စနစ်ကြီးမှာ အလုပ်ဖြစ်တာမဖြစ်တာနောက်ထား လုပ်ပြရုံ လုပ်ပြချင်သူတွေများ ...... သိပ်ကိုပျော်စရာကောင်းခဲ့ကြတာပေါ့ဗျာ။ ဒီလိုနဲ့ပဲ တပြည်လုံးကိုလိမ်တဲ့ ကြက်ဆီဆူနဲ့မောင်းတဲ့ကားတွေ တီဗွီရုပ်သံတွေမှာ ဖလန်းဖလန်း ထခဲ့ကြတာပဲလေ .... ဒီလိုနဲ့ပဲ အရာရာ ဆိုးရွားတဲ့ စက်မှုဇုန်ထုတ်ကားတွေ ဖလန်းဖလန်းထခဲ့ကြတာပဲလေ ... ဒီလိုနဲ့ပဲ သယံဇာတတွေ စုတ်ပြတ်သတ်ကုန်ကြတာပဲလေ .... ဒီလိုနဲ့ပဲ မြစ်ဆုံ ဒီလိုနဲ့ပဲ လက်ပန်းတောင်းတောင် ဒီလိုနဲ့ပဲ တကောင်းတောင် နီကယ် လုပ်ကွက် ဒီလိုနဲ့ပဲ ဂက်စ်တွေလည်းထွက် ဒီလိုနဲ့ပဲ ဦးပိုင်ဟာ ကြယ်ငါးပွင့်ကို ၀ယ် ဒီလိုနဲ့ပဲ မြန်မာပြည်မှာ အကြီးဆုံးလုပ်ငန်းတွေ ဦးပိုင်လုပ် ..... ပြည်သူက ငုတ်တုတ် .... စစ်မှုထမ်းဟောင်းအားလုံး ပြေလည်သလားဆိုတော့လည်း မဟုတ် ... ဒီလိုနဲ့ပဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရင် ပစ်သတ် ... အမုန်းတရားပွားများရင်လွှတ်ထား ... ဒီလိုနဲ့ပဲ ... ဒီလို နဲ့ပဲ ........ ဒီလိုနဲ့ပဲ ပေါ့ဗျာ ကျုပ်တို့မှာ အဲဒီ ... ဒီလိုနဲ့ပဲ တွေကို ပြန်ဖြစ်မှာကြောက်နေတာ .... အဲဒီ ဒီလိုနဲ့ပဲ လိုဟာမျိုးတွေ ပြန်ဖြစ်မှာစိုးလို့ မျက်စိကိုပြူးပြဲရှာတော့လည်း ဒေါ်အောင်ဆန်းစုကြည်ထက် ကျုပ်တို့အပေါ်ကောင်းမယ့်သူမမြင်လို့ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံနေရတာ။ ကျုပ်တို့က ဒေါ်စုကို မျက်စိမှိတ်ထောက်ခံနေတာမဟုတ်ဘူး ....။ ကျုပ်တို့ အရင်လိုပြန်မဖြစ်ချင်တော့ဘူး ... ဒါကြောင့် အရင်လူတွေပဲ လူကြီးလုပ်နေတဲ့ လက်ရှိအစိုးရ နဲ့ လွှတ်တော် ကို သံသယရှိနေတာ။ အရင်လိုပြန်ဖြစ်ရင် ကျုပ်တို့တတွေ မျက်ရည်ကျရမှာ ... အရင်လိုဖြစ်ရင် ကျုပ်တို့ နောက်မျိုးဆက် အခုလို သူများနိုင်ငံကို အိမ်ဖော်တွေ အများကြီး လွှတ်နေရမှာ .... အရင်လိုဖြစ်ရင် ကျုပ်တို့တွေ ဈေးကြီးတဲ့ ဖုန်းတွေ ၀ယ်သုံးရမှာ အရင်လိုဖြစ်ရင် အင်တာနက်ဆိုင်ကို ကျုပ်တို့ မှတ်ပုံတင်ပေးပြီးမှ ထိုင်ရမှာ အရင်လိုဖြစ်ရင် ကျုပ်တို့တွေ ဒေါ်လာကိုင်တာနဲ့ ဖမ်းခံရမှာ အရင်လိုဖြစ်ရင် ကျုပ်တို့ ကိုယ့်အမေအိမ်ကိုယ်ပြန်လည်ရင်တောင်မှ ဧည့်စာရင်းတိုင်ကြရမှာ အရင်လိုဖြစ်ရင် ကျုပ်တို့ မုန့်ဖက်ထုပ်သည်တောင် ထောက်လှမ်းရေးမှတ်ပြီး ဒူးတုန်နေကြမှာ အရင်လိုဖြစ်ရင် ငါးလောင်းသတ်လည်းမပေါ်တဲ့ဥပဒေစိုးမိုးမှုနဲ့ ထိတ်လန့်နေကြရမှာ အရင်လိုဖြစ်ရင် ပွင့်လင်းတဲ့ စာကောင်းပေမွန်တွေ လူငယ်တွေအလွယ်ဖတ်ဖို့ခက်ကုန်မှာ ... အရင်လိုဖြစ်ရင် အခုလို ကျုပ်တို့ ဖဘ မှာတောင် ပြောချင်ရာပြောခွင့်ရတော့မှာမဟုတ်ဘူး ကျုပ်အရင်လို မဖြစ်ချင်ဘူးဗျာ ..... အောင်ကြီး

No comments: