Thursday, January 2, 2014

ကရင်နှစ်သစ်ကူးနေ့ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ


******************************************
ကရင့်သက္ကရာဇ် ၂၇၅၃ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်
၂၀၁၄ ခုနှစ်၊ ဇန္နဝါရီလ (၁) ရက်နေ့၊ ခရစ်သက္ကရာဇ် နှစ်ကူးတဲ့နေ့မှာပဲ ကရင်နှစ်သစ်ကူးနေ့ (ကရင့် သက္ကရာဇ် ၂၇၅၃ ခုနှစ်၊ သလေလဆန်း (၁) ရက်နေ့) ကျရောက်တဲ့အတွက် နှစ်သစ်ကူး ထပ်တူကျ နေတာကို ထူးခြားစွာတွေ့ရပါတယ်။ အဲဒီလိုထူးခြားသလိုပဲ ဒီနှစ်ဟာ ကရင်အမျိုးသားအားလုံး အတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး၊ စစ်မှန်တဲ့အပြောင်းအလဲတွေ ဆောင်ကျဉ်းနိုင်ပါစေလို့ ဆုတောင်းပေးပါရစေ။

ဆုတောင်းတယ်ဆိုတာ ကျွန်မပြောနေကျအတိုင်းပဲ လက်တွေ့ကြိုးပမ်းအားထုတ်မှုမရှိပဲနဲ့ မဖြစ်နိုင် ပါဘူး။ ဒါပေမဲ့ အခုလိုဆုတောင်းတဲ့အခါမှာ ပထမဦးဆုံး ကျွန်မကိုယ်တိုင်ကလည်း ဒီလိုအပြောင်း အလဲတွေအတွက် နှစ်သစ်မှာ အတတ်နိုင်ဆုံးကြိုးစားအားထုတ်ပါ့မယ်လို့ ကတိပေး ပါရစေ။ ပြီးမှ ဒီလိုအပြောင်းအလဲအတွက် ကရင်အမျိုးသားများကလဲ တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းပါရစေ။

ကျွန်မတို့တိုင်းပြည်ဟာ ပြည်ထောင်စုဖြစ်တာနဲ့အညီ တိုင်းရင်းသားလူမျိုးစုများစွာ အတူတကွ နေထိုင်ကြတာပါ။ အဲဒါကြောင့် ကရင်အမျိုးသားများရဲ့ တိုးတက်စည်ပင်ကြီးပွားမှုအတွက် စစ်မှန်တဲ့ အပြောင်းအလဲသာမက ကျန်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မတွေအတွက်လည်း အတူတူပဲ ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲ အတွက် အားလုံးဝိုင်းဝန်းပြီးကြိုးပမ်းအားထုတ်မှ လက်တွေ့ အကောင်အထည်ပေါ်မှာဖြစ်ပါတယ်။

နှစ်သစ်တွေကူးပြောင်းသွားပေမဲ့ ကျွန်မတို့ရဲ့ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မျှော်လင့်ချက်၊ လိုလား တောင့်တချက်အချို့ကတော့ မပြောင်းလဲပါဘူး။ ဒီလိုရည်မှန်းချက်တွေကို ပေါက်မြောက်အောင် ကြိုးစားအားထုတ်မှုကို ပိုပြီးတိုးတက်မြှင့်တင်ရမှာပါ။ ကရင်အမျိုးသားတွေရဲ့ နှစ်သစ်ကူးမှာ ကရင်အမျိုးသားများနဲ့အတူ ကျန်တဲ့ တိုင်းရင်းသားတွေအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု တစ်ရပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းအားထုတ်မှုတွေကို တိုးမြှင့်ကြပါစို့လို့ ဆုတောင်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

Credit : NLD Chairperson

No comments: