Sunday, February 10, 2013

ဦးထွန်းအောင်ကျော်သို့ အကြောင်းပြန်ချက်

ဦးထွန်းအောင်ကျော်သို့ အကြောင်းပြန်ချက်

ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်ရဲ့ NDD ထံပေးစာကို ဘုန်းကြီး UZa Wana က ကျွန်မကို tag ထားပေးလို့ ဖတ်ရပါတယ်။ ကျွန်မက အဲဒီအောက်မှာ အောက်ကအတိုင်း မှတ်ချက်ပေးခဲ့ပါတယ်။ ကျွန်မ ပေးခဲ့တဲ့ မှတ်ချက်အောက်မှာ ဦးထွန်းအောင်ကျော်က မဆီဆိုင်တာတွေ အများကြီး ရေးထားတဲ့ မှတ်ချက်တခု လာရေးခဲ့ပါတယ်။ ဒီမှတ်ချက်ကို အကြောင်းပြန်ဖို့အတွက် ပို့စ်အောက်မှာ ဘယ်လိုမှ မလုံလောက်တဲ့အတွက် ဦးထွန်းအောင်ကျော် ပြောထားတဲ့ တချက်စီကို သီးသန့်ပို့စ်တခုအနေနဲ့ပဲ အကြောင်းပြန်လိုက်ပါတယ်။ 

ကျွန်မ ပေးခဲ့တဲ့ မှတ်ချက်

(((((ABSDF မြောက်ပိုင်းသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ စစ်ချက်တွေကို ဒီအဖွဲ့ နှစ်ဖွဲ့ (ABSDF နဲ့ NDD) ရဲ့ သဘောတူညီချက်နဲ့ မှ ကြည့်လို့ရမယ် ဆိုတော့ ဒီမှတ်တမ်းတွေကို ဒီနှစ်ဖွဲ့ သဘောတူညီချက်တွေနဲ့ မဖျောက်ဖျက်နိုင်ဘူးလားလို့ စိုးရိမ်လာမိတယ်။ အထောက်အထားတွေကို မဖျောက်ဖျက်နိုင်အောင် ဘယ်လို ကာကွယ်ကြမလဲ။ - ထွန်းအောင်ကျော်))))

အော်... ဖြစ်မှဖြစ်ရလေ ဦးထွန်းရယ်၊ ဦးထွန်းအဲလောက်ထိ ဟာသနိုင်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဖူးတာ အမှန်ပဲ။ ABSDF မှာ ဥက္ကဌ တနှစ်လာလာဖူးပေမဲ့ ABSDF ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှု ဘ၀ကို လုံးဝနားမလည်တာလည်း ဦးထွန်းပဲ ပြောရတော့မယ်။ ABSDFေ တာတွင်း ဘ၀ကို ဥက္ကဌ လုပ်ဖူးတဲ့ တနှစ်ပဲ ဖြတ်သန်းခဲ့ဖူးတဲ့ ဦးထွန်းတယောက် ဘန်ကောက်နဲ့ တတိယနိုင်ငံတွေမှာ သက်တောင့်သက်သာနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းနေချိန်မှာ တောတွင်းမှာ ကျန်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ အဖွဲ့ဝင်တွေဟာ အခက်အခဲအမျိုးမျိုးကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီအခက်အခဲအမျိုးမျိုးကြားက ဒီသမိုင်းအထောက်အထားတွေကို သိမ်းထားခဲ့တာပါ ဦးထွန်း။ ABSDF ဟာ ၁၂ ရာသီ ရန်သူထိုးစစ်ကြောင့် နေရာပေါင်း မရေတွက်နိုင်အောင် ရွှေ့ခဲ့ရတယ်။ ဗဟိုတနေရာမှာ အခြေချဖို့အတွက် အရင်နေရာနဲ့ နေရာသစ်ကြားမှာ တောလမ်းတလျှောက် ယာယီတဲလေးတွေနဲ့ တဆင့်ဆင့် ဖြတ်ရပါတယ်။ ဖြတ်ရင်းနဲ့ ထိုင်းပိုင်နက်ထဲမှာဆို ထိုင်းမောင်းထုတ်ခံရတယ်၊ မြန်မာပိုင်နက်ထဲမှာဆို စစ်တပ်လိုက်တာ ခံရတယ်။ နေရာသစ် ရောက်ပီး စခန်းဆောက်ပြီးရင်လည်း ရန်သူက ထပ်တက်လာရင် ထပ်ရွှေ့ရပြန်တယ်။ (ပြောသာပြောလို့ မကဒတ သက်တမ်း တနှစ်မှာ ဒီလိုအခက်အခဲမျိုးကို ဦးထွန်းမကြုံဖူးခဲ့ဖူး) ဆက်ရန်
Thursday at 21:47 · Like · 2
Nge Naing အဆက်.... ဗဟိုစခန်းချဖို့ နေရာ တခုနဲ့တခုကြား တခါရွှေ့တိုင်းမှာ ပစ္စည်းတွေ အကုန်လုံးမသယ်နိုင်လို့ ဘာကိုလျှော့မလဲဆိုတာ ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့် ...... အဆင့် နောက်ဆုံးအဆင့် စသည်ဖြင့် လျှော့ပြီး မီးရှို့ပစ်ခဲ့ရတယ်။ စာကြည့်တိုက်က ကျွန်မကြိုက်တဲ့ စာအုပ်တွေဆိုရင် သယ်လို့လည်းမနိုင်တာနဲ့ အော်.. ဒါတွေ မီးရှို့ပစ်ခဲ့ရတော့မှာပါလားဆိုပြီး နှမြှောတသမိလို့ မဆုံး ဖြစ်ခဲ့ရတယ်။ အဲလို လျှော့ဖို့ ပစ္စည်းတွေကို စနစ်တကျ ခွဲထားပါတယ်။ လုံးဝလျှော့လို့မဖြစ် နောက်ဆုံး စခန်း (သို့) ယာယီစခန်းကို စစ်တပ်က အလစ်ဝင်သုတ်ပြီး အပိုင်စီးလို့ လူတွေအကုန်လုံးသတ်ခံရ၊ ရှိတာအကုန်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရင်တောင်မှ တနေ့တချိန်မှာ ဖြစ်ခဲ့ဖူးတဲ့ သမိုင်းအမဲစက်နဲ့ ပတ်သက်ပြီး တနေ့တချိန်မှာ ပြန်ရှင်းရမည့် ဒီသမိုင်းအထောက်အထားတွေကို ပစ္စည်းပြာကျ လူအကုန်လုံး အသက်ဆုံးရှုံးတာနဲ့ အတူတူ မပါသွားရအောင် ပျက်စီးပျေက်ကွယ်သွားမှာစိုးလို့ ဗဟိုတာဝန်ရှိသူတွေဟာ အမျှော်အမြင် ရှိရှိနဲ့ ဒါတွေကို လုံခြုံစိတ်ချရတဲ့ နိုင်ငံခြားတိုင်းပြည် ဥရောပအထိ ဒုက္ခခံပြီး ပို့ထားတာပါ။ ဘာကိစ္စနဲ့ ဒါကိုထိန်းသိမ်းထားတဲ့သူက ပြန်ဖျက်ဆီးရမလဲ။ အဲလိုဖျက်ဆီးမယ်ဆို ဘာကိစ္စ ဒုက္ခခံပြီး ဒါတွေကို နယ်သာလန်အထိ သွားသိမ်းနေစရာလိုမလဲ။ ရန်သူစစ်ကြောင်း ပထမတကြိမ် ထိုးတုန်းကတောင် ဖျက်ဆီးလိုက်ရော့ပေါ့။ အခုတော့ အဲလိုမဟုတ်ဗဟိုအပြောင်းမှာ တောင်ကြီးတောင်ငယ်ဖြတ် ရေတတန် ကုန်းတတန်ကူးပြီးလည်း သယ်ခဲ့တယ်။ နောက်ဆုံး အဆုံးစွန်ထိတွေးပြီး နိုင်ငံခြားမှာ သိမ်းထားတယ်။ ဖျက်မယ်ဆို အစကတည်းက ဖျောက်ဖျက်ပစ်လိုက်တာ ကြာပြီပေါ့။ ဦးထွန်းဒီလောက်တောင် တွေးဖို့ ဦးနှောက်မမီ ဖြစ်သွားတာ စိတ်မကောင်းစရာပဲ။

သိမ်းထားတဲ အချက်အလက်တွေကို ကြည့်ချင် သိချင်တာ သက်သက်ဆိုရင်တော့ ဘာမှ မပြောစရာအကြောင်း မရှိပါဘူး။ (ဦးဇင်း ဦဇ၀နပို့စ်အောက်က ပြန်သွားကူးလာတာဖြစ်တယ်။)

ဦးထွန်းအောင်ကျော် ပြန်ရေးတဲ့ မှတ်ချက်အပေါ် အကြောင်းပြန်ချက် 

(ကွင်းခတ်ထားတဲ့အထဲက အချက်တွေက ဦးထွန်းအောင်ကျော် ပြောထားတဲ့အချက်တွေ ဖြစ်တယ်။)
 
(((((ခင်ဌေးကြူအမည်နဲ့မရေးဘဲငယ်နိုင်အမည်နဲ့ရေးတော့လဲစာပြန်ရတာပေါ့။)))))  
 
အိမ်က အငယ်တွေနဲ့ တပ်က ရဲဘော်ရဲမေတွေ အားလုံးနီးပါးက မငယ်ပဲ ခေါ်ကြလို့ နာမည်ဖြစ်နေပြီ ဒါကို ယောက်ျားနာမည်အဖျားလုံးကို ယူလို့ Nge Naing လုပ်လိုက်တယ်ဆိုတာ ကျွန်မဘလော့ဂ်ကို လာဖတ်နေတဲ့သူတွေ အားလုံးသိပြီးသားပါ။ အာဏာရှင်ကို ဆန့်ကျင်တဲ့စာတွေကြောင့် အိမ်မှာ ပြဿနာရှာမှာ စိုးလို့ fb မှာ ရော ဘလော့ဂ်မှာရော နာမည်အရင်း ကိုပေးမသိဘူး၊ အဲဒီနာမည်နဲ့ပဲ သုံးပါတယ်လို့ အဆက်အသွယ် ပြန်ရခါစက သေသေချာချာ ပြောထားလျှက်နဲ့ Fb ထဲမှာ မြောက်ပိုင်းကိစ္စ စဖြစ်တဲ့အချိန်ကစပြီး ကျွန်မကို အမည်ရင်းကိုပဲ လိုက်လိုက်ခေါ်နေတဲ့ ဦးထွန်းတယောက် ကျွန်မမိဘကို တော်တော်လေး ဒုက္ခရောက်စေချင်ပုံရပါတယ်။  ကျွန်မ တနင်္သာရီတိုင်းသူ ရနောင်းကို ရောက်တုန်းက ကမ်းနားသွားပြီး ကော့သောင်းကမ်းကို ဒါအမိမြေပါလားလို့ လွမ်းလွမ်းဆွေးဆွေး ငေးကြည့်ပြီး ပြန်လာခဲ့ပါတယ်။ စကားပြောလည်း တူတယ်ဆိုတော့ ကော့သောင်းလိုနေရာကို ခိုးသွားရင် အချိန်မရွေး သွားလို့ရတာပေါ့။ ဒါပေမဲ့ ကျွန်မက မြန်မာပြည်ကို ဒီမိုကရေစီရမှ ပြန်လာမယ်လို့ စထွက်လာကတည်းက ပြတ်ပြတ်သားသား ပြောထားပြီး လာခဲ့သူ။ ဦးထွန်းလို မကဒတ ဥက္ကဌဟောင်းတယောက်လုပ်ပြီး သိက္ခာကိုမှမငှဲ့ ဘိတ်ထားဝယ်လိုလည်း တခွန်းမှ ပြောတတ်တာ မဟုတ်ဘဲနဲ့ ကော့သောင်သားဆိုတဲ့ မှတ်ပုံတင် အတုလုပ်ပြီး ရနောင်းကမ်းကနေကူးပြီး မိသားစုတွေနဲ့ ကော့သောင်မှာ သွားခိုးတွေ့တဲ့အလုပ်မျိုးကို ခင်ဌေးကြူ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာ အဖေလည်း ဆုံးသွားပါပြီ ဆိုတော့ ကျွန်မ နာမည်အရင်း လူသိလည်း ဘာပြဿနာမှ မရှိတော့ဘူး။ ကျွန်မ နာမည်ရင်းကို ဦးထွန်းမှမဟုတ်ဘူး ဘယ်သူမဆို လွတ်လွတ်လပ်လပ် အများရှေ့မှာ ခေါ်နိုင်ပါပြီ။
 ((((စခန်းမှာနေပြီးခေါင်းဆောင်တွေကိုယုံကြည်တော်လှန်ရေးထဲကိုဝင်လာတဲ့မင်းတို့ညီအမ ကိုရိုးသားတယ်ဖြူစင်တယ်ဆိုပြီးသားသမီးလိုချစ်ခင်ခဲ့တယ။ ဒါပေမဲ့နိုင်ငံခြားရောက်ပြီးမှငယ်နိုင်ဆိုပြီးငါသိငါ တတ်လုပ်ပြီးစော်ကားလာတာတော့အော်လူတွေဟာပြောင်းလဲတတ် ပါလားလို့သိလာရတယ်။)))

အခုလည်းရိုးသားပါတယ်။ ဟိုတုန်းကလည်း ငါးပါးသီလကိုလုံတယ် အခုလည်း ငါးပါးသီလအပြင် အာဇိဝဌမကသီလကိုပါ လုံတယ်။ ဒါကြောင့် ရိုးသားရင် ဟိုတုန်းကထက်တောင် အခု ပိုရိုးသားပါသေးတယ်။ အသက်ကြီးလာလို့ ဗဟုသုတ တိုးလာအသိတရား ပိုရှိလာပြီး သူများပြောတိုင်း လိုက်ဖွတိုင်း မယုံတတ် အမှားနဲ့အမှန်ကို ကွဲကွဲပြားပြား ခွဲခြားတတ်သွားတာ တခုပဲ ပိုပါတယ်ဦးထွန်း။ ကျွန်မ တခြားဘာမှမပြောင်းပါဘူး။ ကျွန်မပြောတဲ့အထဲမှာလည်း စော်ကားတာ ဘာတခုမှမပါဘူး။ ဦးထွန်းသိပ်ပြီး ယုတ္တိယုတ္တာမရှိ အဓိပ္ပာယ်မရှိ လျှောက်ပြောနေတဲ့အထဲက တခုလေးကိုပဲ ဆွဲထုတ်ပြီး ထောက်ပြတာ တခုပါပဲ။ 

(((((ABSDF နှစ်ခြမ်းကွဲတော့မင်းတို့ညီအမ ၊မိုးသီးတို့အခြမ်း ကိုပေါင်းပြီးနောက် မိုးသီးတို့အခြမ်းကသူလျှိုလို့ထင်ပြီးထိတ်တုံးခတ် ထားတာ ခံရတယ် ဆိုတာမင်းပြောပြလို့ငါသိရတာ၊ မင်းတို့အတော်တုန်လှုပ်ခဲ့တယ်ဆိုတာလဲမင်းဘဲပြောပြခဲ့ တာဘဲမဟုတ်လား၊ မိုးသီးတို့ကိုမင်းမမုန်းဘဲကျေးဇူးတင်သင့်တယ်၊ မြောက်ပိုင်း မှာဆိုရင်ဒီလိုစွာပုံနဲ့ပါ သွားနိုင်တယ်။ ခဏအဖမ်းခံရတာတောင်မင်းတို့ဘယ်လောက် ခံစားခဲ့ရလဲစဉ်းစားကြည့်စမ်း မြောက်ပိုင်းကအဖမ်းခံရတဲ့သူတွေက မင်းတို့ညီအမ လောက်ကံမကောင်းခဲ့ကြဘူး၊ ရက်ရက်စက်စက်ညှင်းပြီးအသတ်ခံရသူခံရ၊အသတ်မခံရဘဲ ကျန်နေသူတွေကလဲလပေါင်းများစွာနှိပ်စက်ညှင်းပန်းခံရပြီးထွက်ပြေးလို့သာလွတ်လာကြတာ။ မင်းတို့လဲသူလျှိုလို့တဒင်္ဂစွပ်စွဲခံရတာတောင်အူတုံသဲတုံဖြစ်ခဲ့သေးတာ၊ ကိုယ်ချင်းစာဘို့ကောင်းတယ်။ ဒီလိုမဟုတ်ဘဲဗဟိုကိုကာကွယ်ကြဆိုပြီးဖင်ကုန်းအော်နေလို့က လူရယ်စရာဘဲဖြစ်လိမ့်မယ်။ မင်းနဲ့ခင်ရွှေလှိုင်နဲ့မေးတာသွားတူနေလို့ပြုံးမိတယ်)))))

ဦးထွန်းဟာ လူကြီးလုပ်ပြီး ဘုရားဆုပန်ထားတယ်လည်း ပြောသေးတယ် စကားကို ယဉ်ယဉ်ကျေးကျေး သိပ်ပြောတတ်ပုံမရဘူး။ အစက ဦးထွန်းကို အဲလောက်အထိ အခြေအနေ ဆိုးမယ်လို့ မထင်ခဲ့တာအမှန်ပါ။  ဦးမိုးသီးဇွန်ဗဟို သေ့လောထမှာ ဖြစ်တဲ့အကြောင်းကို ဦးထွန်း ဖွချင်နေတာနဲ့ ပတ်သက်ပြီး ကျွန်မ နောက်ဆုံးအပိုဒ်မှာ ရှင်းထားပါတယ်။
 ကိုယ်ချင်းမစာဘူးဆိုတဲ့ ကိစ္စ ပြောဦးမယ်။ ကျွန်မ ကိုယ်ချင်းစာမစာ ဦးထွန်းကို ရှင်းပြနေလို့ အပိုပဲ အကျိုးရှိမှာ မဟုတ်လို့ မပြောတော့ဘူး။ ထင်ချင်သလိုထင်ပါ။ ဒါပေမဲ့  ဦးထွန်းနဲ့ အပြန်အလှန် မြှောက်ပင့်နေကြသူတွေလို မိမိဒုက္ခရောက်တဲ့အချိန်မှာ ဥက္ကဌတယောက်လုံးကိုတောင် ချမ်းသာမပေးဘဲ မဟုတ်တဲ့သူတွေကို မဟုတ်မမှန် လုပ်ကြံကာ ရန်သူလျှိုပါလို့ ဆွဲထည့်ပြီး လူတကာကို  ဒုက္ခရောက်အောင် လုပ်တဲ့နည်းကို ကျွန်မတို့ မလုပ်ခဲ့ဘူး။ ကံကံ၏အကျိုးကို ယုံကြည်တဲ့အကျိုး၊ အဲဒီတုန်းက ၀ါတွင်းကြီးလည်းဖြစ်တယ် ငါးပါးသီလကို လုံးဝမချိုးဖေါက်ဘူး၊ သီလကို လုံခြုံအောင်ထိန်း၊ ဘုရားမှာတိုင်တည်ပြီး  ဤမှန်သောသစ္စာစကားကြောင့် ဒါတွေဖြစ်ပါစေ ဆိုပြီး ဆိုခဲ့ဖူးတဲ့သစ္စာစကားတွေကြောင့် သစ္စာ တန်ခိုးနဲ့ သေ့လောထက ကျွန်မတို့ ထွက်ခွါလာနိုင်တယ်လို့ ယုံတယ်။ အပြင်ရောက်လာတော့ ဘယ်သူ့အတွက်မှ ဘာမှ အကျိုးမရှိတဲ့ အဖွဲ့အစည်းမကောင်းကြောင်းကို  ကျွန်မတို့ လျှောက်မပြောဘူး။ 

((((ငါစစ်တိုက်ဖူးလားတဲ့ ဟုတ်လား၊ အေးသိအောင်ပြောပြလိုက်မယ် တိုက်ဖုူးတယ် အတူတိုက်တဲ့သူတွေလဲရှိတယ်။ စုံစမ်းလိုက်အုံး။)))) 

ကျွန်မပြောတဲ့အထဲမှာ ဦးထွန်း စစ်တိုက်ဖူးခြင်း မတိုက်ဖူးခြင်း လုံးဝမပါဘူး ABSDF မှာ တနှစ်ပဲလုပ်လာဖူးတဲ့ ဦးထွန်းဟာ နှစ်ရှည်လများ လုပ်လာဖူးတဲ့ ကျွန်မတို့လောက် ABSDF ရဲ့ အခက်အခဲကို မကြုံဖူးဘူးဆိုတာပဲ ဆိုလိုတာ ဖြစ်တယ်။ 

(((((နောက်ပြန်မေးချင်တာက မင်းတို့ကိုးကွယ်နေတဲ့ကိုနိုင်အောင်၊ လက်ရှိကိုသံခဲတို့ကိုကောမင်းတို့မေးပြီးပြီလား? အဖြေသိရင်တင်ပေးပါလား?။ ဥက္ကဌဖြစ်သူတွေစစ်တိုက်မှလေးစားမယ်လို့ဆိုလိုချင်တာလား။)))) 
 
ကျွန်မ ပြောခဲ့တဲ့အထဲမှာ  ကိုသံခဲအကြောင်း ဘယ်နားမှာများ ပါသွားပါလိမ့်။ ဘာကိစ္စနဲ့ ဦးထွန်းက သူတို့နှစ်ယောက်ကို မဆီမဆိုင် မျက်မှုန်းကျိုးနေရပြန်ပြီလဲ။ ကျွန်မ ပေးတဲ့မှတ်ချက်ထဲမှာ သူတို့အကြောင်း ပါလို့လား။ ကျွန်မမှာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ကိုးကွယ်စရာ ရှိပြီးသားပါ။ တခြားဘာကိုမှ ကိုးကွယ်စရာ မလိုပါဘူး။ သူများကို ကိုးကွယ်ဖို့ နေနေသာသာ မိဘကိုတောင် ကိုးကွယ်ခဲ့သူ မဟုတ်ဘူး။ သူတို့နှစ်ယောက်ကို ကျွန်မ ဘာမှ အထွေအထူး မေးနေစရာလည်း မလိုအပ်ပါဘူး။ သူတို့နှစ်ယောက်ဟာ ဦးထွန်းလို ရန်သူအကြိုက် တယောက်မှ လုပ်မနေကြပါဘူး။ ပြီးတော့ သူတို့နှစ်ယောက်က တော်လှန်ရေးမှာ ဦးထွန်းနဲ့ထက် အချိန်အကြာကြီး ကျွန်မတို့ အတူတူ ရှိနေဖူးလို့ သူတို့နှစ်ယောက်ကို ဘာလုပ်နေတယ် ဆိုတာ သိပြီးသား၊ ဦးထွန်းမသိရင် လေ့လာသင့်တယ်။  ဦးထွန်းပဲ မကဒတမှာ ဥက္ကဌဘ၀နဲ့ တနှစ်လုပ်ပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလိုက်တာ ပြန်ပေါ်လာတော့ ဟိုလူ့အတင်းပြော ဒီလူ့အတင်းပြောနဲ့ အတင်းပြောသမားကြီးဘ၀နဲ့ ပြန်တွေ့ရတာ တကယ်ကို စိတ်မကောင်း ဖြစ်မိတာ အမှန်ပါ (ရွဲ့ပြောခြင်း လုံးဝမဟုတ်ပါ)။ 

((((ငါအေဘီရဲ့ဖြစ်စဉ်ကိုရေးနေတယ်မထုတ်သေးဘူးအဖွဲ့အစည်းထိခိုက်မှာစိုးလို့။ မင်းသိဖို့က ABSDF ကိုစတင်ဖွဲ့စည်းစဉ်ကတွေ့ရတဲ့အခက်အခဲတွေခရောင်းလမ်းကြမ်းကြီးကိုဖြတ်ပြီး စခမ်းတွေမပြိုကွဲအောင်ဗဟိုကော်မီတီကိုမပျက်အောင်ထိမ်းခဲ့ရတာကငါပါ။ ဒါဟာကြွားစရာမဟုတ်ပေမဲ့ရင်နာစရာအပြည့်ရှိတယ်၊ မဟာမိတ်တွေနဲ့ဆက်ဆံရေး။ စခန်းတွေမတည်မငြိမ်ဖြစ်နေတာတွေ၊ အားလုံးသိသင်တဲ့အချိန်ကျရင်ထွက်လာလိမ့်မယ်။ မကြာတော့ဘူး၊ အခုစော်ကားနေတာတွေကိုရပ်တန်းကရပ်ပြီးစောင့်နေလိုက်။ ငါလက်နက်ကိုင်တော်လှန်ရေးကိုဘယ်တုံးကမှသစ္စာမဖေါက်ခဲ့ဘူး။ငါ့ယုံကြည်ချက်ကိုဘယ် တုံးကမှရောင်းမစားခဲ့ဘူး။)))) 

ဦးထွန်းမှာ မကဒတနဲ့ ပတ်သက်ပြီး ကြွားစရာ ရှိသေးတယ်ဆိုလို့ စိတ်ဝင်စားမိပါတယ်။ သမိုင်းမှန်ကို ရေးရင် အားပေးပါတယ်။ ဦးထွန်းတို့ ရမ်းတုတ်ပြီး ပြောတာတွေကို တွေ့ရမြင်ရတာ များလွန်းလို့ တကယ်ဟုတ်တာကို ရေးထားရင်တောင် ရမ်းများတုတ်ထားလားမသိဘူးလို့ သံသယ ၀င်နေဦးမလားမသိဘူး။ အဖွဲ့အစည်းအကြောင်း ရေးရင်အမှန်အတိုင်းသာရေးပါ ဘာမှမဖြစ်ဘူး။ ဒီထဲမှာ ကိုယ်အတိအကျသိတဲ့ အကြောင်းအရာတွေကို မဟုတ်တာရေးထားထာ တွေ့ရင်တော့ တိတ်တိတ်နေမှာ မဟုတ်ဘူးလို့တော့ ကြိုပြောထားချင်ပါတယ်။ မြောက်ပိုင်းကိစ္စတွေမှာလို သူများပြောတာကို ယုတ္တိရှိမရှိ မစီစစ်ဘဲ ရမ်းတုတ်ပြီး အဟုတ်လျှောက်လုပ်နေတဲ့ အရေးအသား အပြောအဆိုတွေမျိုး မရေးမိပါစေနဲ့လို့ ကျွန်မ စေတနာနဲ့ အကြံပြုချင်ပါတယ်။ 

((((ဖိုင်တွေသိမ်းဆည်းစဉ်ကမြောက်ပိုင်းပြဿနာမပေါ်သေးဘူးလေ၊ ဘယ်လိုမှလူမသိနိုင်တော့ဘူးလို့ဖြစ်နေချိန်၊ စိုးရိမ်ကြောင့်ကျမရှိနိုင်တဲ့အချိန်လေ၊စဉ်းစားပြီးပြော၊ အခုလိုအောက်ခြေကိုတူးပြီးမေးလာလိမ့်မယ်လို့ဘယ်သူကထင်ထားမလဲ။ အမှန်တော့ဒီဖိုင်တွေဟာတချိန်ကျရင်ငါတို့လည်ပင်းကိုကြိုးကွင်းစွပ်လာလိမ့်မယ်လို့ထိုတာဝန်ခံကြီးများကလုံးဝတွက်မထားခဲ့တာကြောင့်တချိန်ချိန်မှာကံကောင်းလို့တော်လှန်ရေးသူရဲကောင်းကြီးများအဖြစ်ပြည်တွင်းပြန်ခဲ့ရင်တော့ဒီမှတ်တမ်းတွေဟာငါတို့အတွက်ဂုဏ်ယူစရာတွေအဖြစ်သုံးရမှာဘဲလို့တွေးထင်ထားခဲ့တာပေါ့၊ အခုမင်းတို့စခန်းကပြန်ကြားရေးတာဝန်ခံ လုပ်ခဲ့ပြီးဒီဗီဘီခင်မောင်ဝင်းက ဒုတိယအကြိမ်ညီလာခံမှာပြောခဲ့တာဘဲ " ဒါတွေဟာရွှေတွေဗျ"လို့ ))))

ဦးထွန်းလည်း ဒီပစ္စည်းတွေကို လည်ပင်းကြိုးကွင်းစွပ်မဲ့ဟာ ပြောလိုက် ရွှေလိုတန်ဖိုးရှိတယ်လို့ ပြောလိုက်နဲ့ ဦးထွန်းတယောက်တည်းနဲ့တောင် အမျိုးမျိုးပြောနေတာကို ကျွန်မ စိတ်မ၀င်စားဘူး။ ဒါပေမဲ့  သိမ်းထားတဲ့အချိန်တုန်းက မြောက်ပိုင်းပြဿနာ မပေါ်သေးဘူး ဆိုတာ ဦးထွန်းတကယ်ပဲ မသိလို့လား၊ အဲဒီမြောက်ပိုင်းပြဿနာက တတိယအကြိမ် ညီလာခံတည်းကတောင် စတာ နောက်ပိုင်းလည်း ဦးထွန်းနိုင်ငံခြားမထွက်ခင် ဒီလောက် ဗဟိုနှစ်ခု အဘက်နဲ့တဘက် တိုက်ခိုက်ပြီး ပြောနေကြလို့ ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာ ဦးထွန်းမသိတာတော့ မဟုတ်လောက်ပါဘူး။ အဲဒီတုန်းကတော့ အခုဦးထွန်းပြောတဲ့ လူသတ်သမား ဒေါက်တာနိုင်အောင်ကို ဘာမှမပြောဘဲနဲ့ မပြောဖို့နေနေသာသာ ထောက်တောင်ထောက်ခံခဲ့ပြီးတော့ အခုမှ ရစရာမရှိအောင် သူများပြောတာနဲ့ ရမ်းတုတ်ပြီး လိုက်ပြောနေတာကိုလည်း ဦးထွန်းကို ကျွန်မ နားမလည် ဖြစ်မိတယ်။ “ဒီကိစ္စ ဟာ (မကဒတကွဲတာကိုဆိုလို) မိုးသီးအာဏာရူးလို့ ဖြစ်တာ ညီလာခံဖြစ်စဉ်မှာ မိုးသီးက အာဏာရူးပြီး နိုင်အောင်ကို အာဏာမလွှဲပေးဘူး။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ကို မလိုက်နာတာပဲ။ ဦးထွန်းတုန်းကဆိုရင် သူ့ကိုအာဏာ အသာတကြည်လွှဲပေးခဲ့တယ်။ အခုသူ့ခလှည့်ကျတော့ အကြောင်းအမျိုးမျိုး ပြပြီး နိုင်အောင်ကို အာဏာမလွဲပေးဘဲ တစင်ထောင်တာ ဒီမိုကရေစီကို ဆန့်ကျင်တာ ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ ကျင့်စဉ်အတိုင်း ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်အောင်ဗဟိုကိုပဲ တရားဝင်အဖြစ် ဦးထွန်း အသိအမှတ်ပြုပါတယ်။ အောင်သန်းဝင်းကိုတော့ စကားမပြောဖြစ်သေးဘူး ပြောဖြစ်လည်း သူ့မှာလုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ဘာမှရှိပုံမရဘူး” လို့  နိုင်ငံခြား ထွက်ခါနီး ကျွန်မတို့ကို ဦးထွန်းရေးထားခဲ့တဲ့စာထဲမှာ ဒေါက်တာနိုင်အောင်ကို ထောက်ခံထားတယ်။  အဲဒီလူသတ်တဲ့ ကိစ္စတွေ ဖြစ်ပြီးမှ ဒေါက်တာနိုင်အောင်ကို ဦးထွန်းကိုယ်တိုင် ထောက်ခံခဲ့တာပဲ မဟုတ်ဘူးလား။ ကျွန်မတို့က ဒေါက်တာနိုင်အောင်ဘက်ကို နောက်မှရောက်လာတဲ့သူတွေ ဖြစ်ပြီး ဦးထွန်းက ကျွန်မတို့ထက် ဒေါက်တာနိုင်အောင်ဘက်ကို အရင်ထောက်ခံခဲ့သူ ဦးထွန်းပြောစကားနဲ့ ပြောရင် ကိုးကွယ်ခဲ့သူ မဟုတ်ဘူးလား။

သိမ်းထားတာတွေကို အခုဘာကြောင့် မပြလဲလို့ မေးစရာမလိုလောက်အောင် အဖြေက ရှင်းနေတာကို ကျွန်မက ဘာမေးနေစရာလိုမလဲ။  သွားတောင်းကြည့်တဲ့ နည်းလမ်းလေးကို တချက်လောက် ပြန်ဆန်းစစ်ကြည့်ရအောင်။ ဦးထွန်းက လူတယောက်မှာ အပ်ထားတဲ့ပစ္စည်း (သို့) ပိုက်ဆံ တခုခုကို ဦးထွန်းကို မူးမူးရူးရူးနဲ့ တချိန်လုံး ဟောင်ဖွာဟောင်ဖွာ ထိုင်ဆဲနေတဲ့ တခြားသူတယောက်က အပ်ထားခံရတဲ့သူဆီ သွားပြီး " ဟေ့.. ထွန်းအောင်ကျော်ဆိုတဲ့အကောင် အပ်ထားတဲ့ ပစ္စည်း (သို့) ပိုက်ဆံ ငါ့ကိုပြစမ်း၊ ပေးစမ်း" ဆိုပြီး သွားလုပ်လို့ ဦးထွန်းအပ်ထားတဲ့လူက "ထွန်းအောင်ကျော်ရေ ဒီကောင့်ကို မင်းအပ်ထားတဲ့ ပစ္စည်း ပြလိုက်ရမလား ပိုက်ဆံထုတ်ပေးလိုက်ရမလား မေးရင် ဦးထွန်းဘာပြန်ပြောမလဲ။ အခုလည်း အဲဒီသဘောပဲ။ သူများ အရေးကြီးလို့ အပ်ထားတဲ့ ပစ္စည်းကိုလည်း ကြည့်ချင်သေးတယ် နည်းမှန်လမ်းမှန်တော့ မလုပ်ဘဲနဲ့ အဲလောက် တုန့်ပြန်မှုမျိုးရတာ ကံကောင်းသေးတယ်လို့ ယူဆသင့်ပါတယ်။  စာကြည့်တိုက်က တာဝန်ယူသိမ်းဆည်းပေးထားတဲ့သူနေရာမှာ ကျွန်မသာဆိုရင် အချိန်ကုန်ခံပြီး ABSDF တို့ NDD တို့ကို အခုလို တကူးတက လှမ်းမေးပေးမှာတောင် မဟုတ်ဘူး။ "Go and get the permission from NDD and ABSDF then come back" ဒါပဲ ပြောမယ်။ ဘာကြောင့်မပြလဲဆိုတာ မေးနေစရာကို မလိုအောင် အဖြေက ရှင်းနေတဲ့ကိစ္စကို သိသိကြီးနဲ့ ဦးထွန်းမေးခိုင်းတိုင်း ကျွန်မက မေးရလောက်အောင် ကျွန်မ ဒီလောက်လည်း ဦးနှောက်မနည်းသေးပါဘူး။ 

အမှန်က ကျွန်မသိရသလောက်တော့ ဒီဖိုင်တွေကို သိမ်းထားတာ တချက်တချက် စိတ်ရူးထပြီး ထထအော်နေသူတွေအတွက် မဟုတ်ဘူး။ တနေ့တိုင်းပြည်မှာ ဒီမိုကရေစီ ရတဲ့နေ့မှာ ပြည်သူလူထုကို ဥပဒေကြောင်းအတိုင်း ပြန်ရှင်းလင်းဖို့အဖြစ်ပဲ သိထားပါတယ်။ အဲဒီအချိန်တုန်းက ဒီလိုဒီလိုတွေ ဖြစ်ပျက်ခဲ့တာကို ဒီလိုနည်းနဲ့ ဖြေရှင်းခဲ့ပါတယ်၊  မှားရင်လည်း မှားတဲ့အတိုင်း မှန်ရင်လည်း မှန်တဲ့အတိုင်း တရားစီရင်တာကို လက်ခံပြီး အနာဂတ်မှာ ဒီလိုမျိုး ထပ်မဖြစ်ရအောင် သင်္ခန်းစာ ယူနိုင်အောင် မကဒတ သမိုင်းမှာ အမှန်တကယ် ဖြစ်ပျက်သွားတာတခုကို တချိန်မှာ ပြန်လည်ဖြေရှင်းပြဖို့ သိမ်းထားတယ်လို့ ကြားသိထားပါတယ်။ အဲဒီမတိုင်ခင် လိုအပ်ရင်လည်း သေချာတာက ဘာအကျိုးအတွက်မှန်းမသိ ဘယ်သူတာဝန်ပေးလို့ လာတောင်းကြည့်မှန်းမသိ ပြဿနာတခုကို စနစ်တကျမလေ့လာဘဲ စိတ်ကူးပေါက်ရင်ပေါက်သလို ရမ်းတုတ်ပြီး ပြောချင်ရာပြော အော်ချင်ရာအော်နေသူတွေ လာတောင်းကြည့တိုင်း ပြဖို့ သိမ်းထားတာ မဟုတ်တာတော့ သေချာနေပါတယ်။ 

ဦးထွန်း ကျွန်မကို ဦးမိုးသီးဇွန်နဲ့ ရန်တိုက်ပေးထားတဲ့ကိစ္စ၊ အဲဒီမှာလည်း ဦးထွန်းလွဲပြန်ပြီ၊ ဦးမိုးသီးဇွန်တို့ရဲ့ သေ့လောထ ဗဟိုမှာ ကျွန်မတို့ ဒါတွေဒါတွေ ကြုံခဲ့ရတယ်ဆိုတာ ပြောပြလိုက်တာနဲ့ မကဒတ ဥက္ကဌဟောင်းဆိုတဲ့ ဂုဏ်သိက္ခာလေးကိုမှ မထောက် ထင်ရာ ရမ်းတုတ်ပြီး ပွားတော့တာပဲ။  ဦးထွန်းက ကျွန်မတို့နဲ့ ထိပ်တိုက်တွေ့တာ ဦးမိုးသီးဇွန်နဲ့ ထင်နေလို့လား။  ၂၁၂ တပ်ရင်းက တပ်မှူးတချို့ ဆိုတာ မပြောပြမိလိုက်တော့ ရမ်းတုတ်တတ်တဲ့ ဦးထွန်းအတွက် ပြောချင်ရာ ပြောစရာ ရသွားတာပဲထင်တယ်။ နောက်ထပ်လည်း ထင်ရာရမ်းတုတ်ပြီး လျှောက်ပြောနေမှာစိုးလို့  သေသေချာချာသိအောင် ကျွန်မ  ပြောပြထားမယ်။ ကျွန်မတို့ ပြဿနာ ဖြစ်တဲ့အချိန် ဦးမိုးသီးဇွန်က ဗဟိုမှာ ရှိမနေဘူး။ ဒါကြောင့် ဦးမိုးသီးဇွန်နဲ့ ကျွန်မတို့နဲ့ ဘာပြဿနာမှ မရှိခဲ့ဘူး။ အဲဒီတုန်းက ဒုဥက္ကဌ ဆရာအောင်သူငြိမ်းပဲ ဗဟိုမှာ ရှိပါတယ်။  သူနဲ့ပဲ ထိပ်တိုက်တွေ့တာ ဖြစ်တယ်။  အခုတော့ ကျွန်မတို့ကို ထိပ်တုံးခပ်တဲ့ ၂၁၂ က တပ်မှူးလည်း မရှိရှာတော့ပါဘူး။ ကင်ဆာရောဂါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဆုံးရှာပြီ။  သူဆုံးကြောင်း ကြားတုန်းက ဘာသာတရားလည်း ယုံကြည်သက်ဝင်မှုမရှိဘဲနဲ့ သေခါနီး ဘ၀ကို ဘယ်လိုဖြေသိမ့်သွားလဲမသိ၊ ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားမလဲမသိဘူးလို့ တွေးပြီးစိတ်မကောင်းဘူး။ သေတဲ့သူကိုလည်း ကောင်းရာသုဂတိလားပါစေ၊  နောင်ဘ၀များမှာ သာသရဏာဂုံသုံးပါးကို ယုံကြည်ဆည်းကမ်သူတဦး ဖြစ်ပြီး နီကြောင်ကြောင် ပေါတောတော အတွေးအခေါ်သမားအဖြစ်က ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပြီးပြီ။ စိတ်ထဲမှာ ဘာမှမရှိတော့ဘူး။  ထိပ်တိုက်တွေ့ခဲ့တဲ့ ဆရာအောင်သူငြိမ်းနဲ့ ကျွန်မနဲ့လည်း ABSDF ပေါင်းစည်းရေး ညီလာခံအပြီးမှာ သူကအထွေထွေအတွင်းရေးမှူးဖြစ်လာပြီး ကျွန်မတို့ ဗဟိုဌာနချုပ်မှာ ရောက်လာပြီး ရုံးထိုင်လို့ အတူပြန်တွေ့ပြီးပြီ။ အဲဒီတုန်းက ဒီအကြောင်းတွေ ဘာမှ မပြောဖြစ်ပေမဲ့ အပြင်ရောက်လာပြီး နောက်ပိုင်း ၂၀၀၉ ခုနှစ်က ကျွန်မဘလော့ဂ် စဖွင့်ဖြစ်တော့ အဆက်အသွယ် ပြန်ရပြီး အဲဒီတုန်းက အကြောင်းတွေ အားနည်းချက်၊ အားသာချက်တွေကို ရှေးဟောင်းနှောင်းဖြစ်တွေလို သဘောထားကာ ပြန်ပြောပြီးလို့ ၊ ချစ်စကို ရှည်စေ၊ မုန်းစကိုတိုစေ ဆိုတဲ့သဘောအတိုင်း တော်လှန်ရေးအပေါ် ထားခဲ့တဲ့ တူညီသောစေတနာ မှန်ကန်တာ တခုတည်းနဲ့ အပြန်အလှန် နားလည်သွားကြတာ ကြာပြီ။ မယုံရင် သူ့ဘလော့ဂ်မှာ ကျွန်မ tag လို့ သူရေးထားတဲ့ အောက်ကပို့စ် နှစ်ခုကို ဖတ်ကြည့်ပါ။ ယောဟန်အောင်ဆိုတာ ဦးမိုးသီးဇွန်ဘက်က ဗဟိုမှာ ဒုဥက္ကဌ လုပ်လာခဲ့သူ ဆရာအောင်သူငြိမ်းပါ။ 

http://yaw-han-aung.blogspot.com.au/2009/10/blog-post_8258.html

http://yaw-han-aung.blogspot.com.au/2010/08/blog-post_04.html

ဦးထွန်း ဦးမိုးသီးဇွန်နဲ့ ကျွန်မကို ရန်တိုက်ပေးလိုတဲ့အကြံအစည် အထမမြောက်သလို မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ြပြီးလည်း ကြားရင်ကြားသလို မဆန်းစစ်ဘဲ ထထအော်နေတာတွေလည်း ရန်သူကို စိတ်ချမ်းသာအောင် လုပ်ပေးတာကလွဲပြီး တခြား ဘာမှအကျိုးရှိမှာ မဟုတ်ဘူးလို့ ပြောပါရစေ။  
ဦးထွန်းမှာ ကိုယ့်ကို လူတယောက်က နှစ်ယောက်တည်းသိအောင် ပြောပြထားတဲ့ အချက်ကို တခြားသူတွေ သိအောင် လိုက်မပြောရဘူးဆိုတဲ့ ကျင့်ဝတ်ကို ထိန်းသိမ်းရမယ် ဆိုတဲ့အသိတရား လုံးဝရှိပုံ မရဘူး။ ပြီးတော့  ဦးထွန်းဟာ လူကြီးတယောက်လုပ်ပြီး ဘာတခုမှ တိကျရေရာတဲ့အချက်ကို မသိဘဲ နားစွန်နားဖျား ကြားလိုက်တာနဲ့ ထင်တာကို ခန့်မှန်းပြီး စကားကို ကားဖြစ်အောင် လူဗြိန်းလို စွတ်ပြောတတ်တဲ့ အကျင့်ရှိနေတတာကိုသာ တွေ့ရပြီး ပညာရှင်တယောက် (သို့) ခေါင်းဆောင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတခုထဲမှာပါတဲ့ Critical thinking and analysis practice လုံးဝမရှိတာကို သုံးသပ်မိတယ်။ 

ဦးထွန်းကို ကျွန်မ ဟိုအရင်ကလို တလေးတစား ရှိချင်ပါတယ်။ အကြာကြီးခွဲခွာနေခဲ့ရပြီး မိမိအင်မတန် လေးစားသူတယောက်ကို အခုလိုပုံစံမျိုးနဲ့ ပြန်တွေ့ရတာ တကယ်ကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ ကျွန်မ အကြံပြုလိုတာက မကဒတ ဥက္ကဌဟောင်းတယောက်ရဲ့ ဂုဏ်သိက္ခာကို ငှဲ့ကွက်သောအားဖြင့် ကြားရတာကို အရမ်းစွတ်စွတ်မပြောဘဲ အကြောင်းအရာတခုကို ထုတ်ဖေါ်ပြောဆိုတဲ့နေရာမှာ အချက်အလက် တိကျခိုင်မာတဲ့ Evidence Based Prictice ရှိဖို့၊ အဲလို တိကျခိုင်မာတဲ့ အကြောင်းအရာတခုကို တင်ပြတဲ့နေရာမှာ Emotion ကို ဦးစားမပေးဘဲ Fact ကိုသာ ဦးတည်ပြီး အိနြေ္ဒသိက္ခာရှိရှိ တင်ပြနိုင်အောင် Emotional Intelligence ရှိဖို့၊ အကြောင်းအရာတခုကို ကြားသိလို့ ပြန်တင်ပြတဲ့အချိန်မှာ ဖြစ်စေ၊ Action တခုကို ပြုလုပ်တဲ့အခါမှာ ဖြစ်စေ၊ feedback တခုကို အကြောင်းပြန်တဲ့အခါမှာ ဖြစ်စေ စေ့စပ်သေချာစွာ ဆန်းစစ်လေ့လာပြီး ပညာရှင် ဆန်ဆန်(သို့) ခေါင်းဆောင်ကောင်းဆန်ဆန် ပြုမူပြောဆိုနိုင်ဖို့ Professional practice, Critical thinking and analysis practice, Provision and coordination and negotiation practice တွေကို ဦးထွန်းလေ့လာသင့်ကြောင်း အကြံပြုချင်ပါတယ်။

No comments: