လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏
အပြီးသတ်အစီရင်ခံစာထွက်ရှိလာပြီးနောက် ထိုအစီရင်ခံစာကို ကန့်ကွက်သူ၊
ထောက်ခံသူများရှိသလို ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သူ၊
ဆန္ဒပြသူများရှိသလို သနားကရုဏာသက်သူများလည်းရှိခဲ့သည်။
မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းစောစောတွင် ထိုင်းနိုင်ငံဘန်ကောက်သို့ ရောက်ရှိနေသော ကျွန်တော့်ညီ ဒေါက်တာနေသူရိန်က ဖုန်းဆက်လာပါတယ်။ ဦးဇင်းကြီး ဦးတိက္ခဥာဏက အစီရင်ခံစာနဲ့ ပတ်သက်တာကို မိန့်ချင်တယ်ဟုပြောသဖြင့် ဦးဇင်းကြီး နှင့် ဖုန်းပြောရပါတယ်။ (ထိုအချိန်က ကျွန်တော်သည်အစီရင်ခံစာ အစအဆုံးကိုမဖတ်ရသေးသလို ဦးဇင်းကြီး ဦးတိက္ခဥာဏနှင့် ကျွန်တော့်ညီသည်လည်း အင်တာနက်တွင် 7Days News က အစီရင်ခံစာမှထုတ်နှုတ်တင်ပြထားသောအချက်ကိုသာ ဖတ်ထားခြင်းဖြစ်သည်။)
ဦးဇင်းကြီးက လယ်တီဆရာတော်ကြီးရဲ့ စေတီ၊ သိမ်၊ ကျောင်းရွှေ့တာကိုတော့ လုံးဝလက်မခံနိုင်ဘူးဆိုတာကို အင်တာနက်ပေါ်တင်လိုက်စမ်းကွာလို့ပြောပါတယ်။ ကျန်တဲ့အချက်တွေကိုတော့ ဘာမှမှတ်ချက်မပေးချင်ဘူးလို့ လိုတိုရှင်းစွာနဲ့ ကျွန်တော့်ကိုမိန့်ခဲ့ပါတယ်။ ဦးဇင်းကြီးမိန့်ကြားသည့်အတိုင်း မတ်လ(၁၂)မှာပဲ ဦးဇင်းကြီးရဲ့သဘောထားကို ဦးဇင်းကြီးကန့်ကွက်သောအချက်နှင့်ယှဉ်တွဲ၍ ကျွန်တော့် Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
ဦးဇင်းကြီးနှင့်ဖုန်းဆက်ပြီးကတည်းက သတင်းစာရောက်မလာခင်အထိ လက်ပံတောင်းတောင်အစီရင်ခံစာအပြည့်အစုံကို အင်တာနက်မှာ လိုက်ရှာပါတော့တယ်။ မြန်မြန်တွေ့ချင်သဖြင့် သူငယ်ချင်းများကိုလည်း သူတို့ထိုအစီရင်ခံစာကို တွေ့ရှိပြီးဖြစ်ပါက Link ပေးရန် အကူအညီတောင်းပါတယ်။ အင်တာနက်မှ ရရှိသောအစီရင်ခံစာကို မျက်စိအားကိုအထူးစိုက်ကာဖတ်နေရတဲ့ဒုက္ခသည် သတင်းစာရောက်လာမှ သက်သာရပါတော့သည်။
(ပထမ) အစအဆုံး အကြမ်းမျဉ်းတစ်ခေါက် အရင်ဖတ်လိုက်သည်။ (ဒုတိယ) ဆက်စပ်မှုရှိနိုင်သည့် စကားလုံး၊ ဝါကျ၊ အပိုဒ်တွေကို လိုက်လံမှတ်သားသည်။(တတိယ) အပိုဒ်တစ်ပိုဒ်စီ၊ အပိုဒ်ခွဲ တစ်ပိုဒ်စီရဲ့ စကားလုံး၊ ဝါကျအဓိပ္ပါယ်များကို သေချာနားလည်အောင်ဖတ်သည်။ (စတုတ)္ထ မှတ်သားထားသည့် စကားလုံး၊ ဝါကျ၊ အပိုဒ်တို့ကို ချိန်ထိုးသုံးသပ်ကြည့်ခဲ့ပါသည်။
ကျွန်တော်ကြားဖြတ်၍ပြောလိုသည်မှာ ကျွန်တော့်ကို သိသူများရှိသလို မသိသူများစွာရှိသည်ဟု နားလည်လက်ခံထားသဖြင့် ကိုယ်တိုင်မိတ်ဆက်လိုပါသည်။ လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲခံရတုန်းက မီးလောင်ဒဏ်ရာရရှိမှု အပြင်းထန်ဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှုခံနေရသော ဦးတိက္ခဥာဏသည် ကျွန်တော်၏ ခမည်းတော်ဖြစ်ပါသည်။ (မှတ်ချက်။ ။ခမည်းတော် ဦးဇင်းကြီး ဒဏ်ရာရသည့်အချိန်မှစ၍ မတ်လ (၁၁)ရက်နေ့အထိ ဦးဇင်းကြီး၏ဒဏ်ရာကို မီးလောင်ဗုံးဒဏ်ရာဟုသာ သုံးစွဲခဲ့သည်။)
စတင်ဖြိုခွဲခံရသည့် တန်ဆောင်တိုင်မနက်(၃း၀၀)နာရီကျော်ခါစတွင် ခမည်းတော်ဦးဇင်းကြီးက ကျွန်တော့်ဆီဖုန်းဆက်ပါသည်။ မီးလောင်ဗုံးနဲ့ပစ်တယ်၊ အခြေအနေမကောင်းဘူး၊ လာခေါ်ရန်ပြောသဖြင့် သူငယ်ချင်းနှစ်ယောက်ကိုခေါ်ကာ မုံရွာအနောက်ဖက်ကမ်းသို့ ကားဖြင့်သွားခဲ့ကြပါသည်။ ထိုနေ့ညက ကျွန်တော်တို့သည် အမေစုဟောပြောမည့် ချင်းတွင်းမြစ်သောင်ပြင်ပေါ်ဆောက်ထားသည့် ဟောပြောစင်ကို လုံခြုံရေးတာဝန်ကျနေခဲ့ကြပါသည်။ ဦးဇင်းကြီးဖုန်းဆက်စဉ်ကလည်း အသံဖမ်းထားပါသည်။
မုံရွာအနောက်ဖက်ကမ်း တောင်ကြားကျောင်းသစ်သို့ရောက်သောအခါ ဦးဇင်းကြီး၏အခြေအနေကို မမြင်ဝံ့စရာ၊ မကြည့်ရက်စရာ တွေ့ရပါတော့သည်။ ကျွန်တော်တို့ရောက်ချိန်၌ မတ်တပ် မရပ်နိုင်တော့ပါ။ ထိုင်နိုင်နေပါသေးသည်။ ထိုအချိန်တွင် ကျန်းမာရေးမှူးတစ်ဦးရောက်လာကာ (အမည်မသိပါ) မေးခိုင်ကာကွယ်ဆေးနှင့် Antibiotic ထိုးပေးပြီးနောက် ဦးဇင်းကြီးကို ကားပေါ်ပွေ့တင်၍ မုံရွာသို့ချက်ခြင်းပြန်မောင်းခဲ့ကြပါသည်။ ပထမတွင် ထိုင်လျက်လိုက်ပါနိုင်သော်လည်း မိနစ်(၂၀)ခန့်ကြာသောအခါ မထိုင်နိုင်တော့ပါ။ သူငယ်ချင်း မြတ်နိုးဝင်းအပေါ်လှဲမှီကာ မုံရွာရောက်သည်အထိ လိုက်ပါခဲ့ပါသည်။ နံနက် (၄း၃၀)ခန့်တွင် မုံရွာသို့ပြန်ရောက်ခဲ့ပြီး ကားပေါ်၌ မီးခိုးညှော်နံ့များ၊ သွေးညှီနံ့များ ဖုံးလွှမ်းနေခဲ့သည်။ မုံရွာမှာ ခဏရပ်ကာ လိုအပ်သောဆေးဝါးပစ္စည်းများကိုယူပြီး ကျွန်တော့်ညီမက ကားမောင်းပြီး ဦးဇင်းကြီး ဦးတိက္ခဥာဏကို မန္တလေးဆေးရုံးကြီးသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ကြရပါတယ်။
ဦးဇင်းကြီး ဦးတိက္ခဥာဏနှင့်ပတ်သက်၍ ခံစားရမှုများ၊ လုပ်ကိုင်ရမှုများကို အချုပ်ဆိုရလျှင် မိမိခမည်းတော်ဖြစ်ခြင်းကြောင့် ဦးဇင်းကြီး၏ အသက်အန္တရာယ်ကိုစိုးရိမ်ပူပန်ရခြင်း၊ ခံစားနေရသော ဝေဒနာဆိုးများကို ကြိတ်မှိန်သည်းခံ၍နေသည်ကို အနီးကပ်သိရှိ၍ စိတ်မကောင်းရခြင်း၊ လုပ်ရက်ကြလေခြင်းဟု ဒေါသထွက်ရခြင်း၊ မိခင်ကြီးလွန်စွာအလုပ်ရှုပ်၊ စိတ်ပင်ပန်းရသည်ကိုမြင်ရ၍ စိတ်မကောင်းရခြင်း၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေများ၏ သောကအပူ၊ ဒေါသအပူတို့ ထပ်မံကူးစက်ခံရခြင်း၊ လိုအပ်သောကုသမှုများအတွက် ညီအစ်ကိုမောင်နှမများ စိတ်ပင်ပန်း၊ လူပင်ပန်း၊ ငွေပင်ပန်းဖြစ်ရခြင်းစသော အဖြစ်အပျက်များကို ယခင်က စိတ်ကူးနဲ့တောင် မတွေးဖူးပါ။
ယခုအခါ ဦးတိက္ခဥာဏ၏ မီးလောင်ဒဏ်ရာများ သက်သာပျောက်ကင်းလာပြီဖြစ်သော်လည်း ခွဲစိတ်ခန်းခဏခဏဝင်ရ၍ မေ့ဆေးဒဏ်၊ မော်ဖင်းဒဏ်တို့ကြောင့် ဒဏ်ရာများ၏နာကျင်မှုကို ခံနိုင်ရည်လျော့ပါးနေပါသည်။ ခြေထောက် အကွေးအဆန့်လေ့ကျင့်ခန်းကို (၁၅)စက္ကန့်မျှပြုလုပ်လျှင်တောင် မျက်ရည်များဝေ့လာသည်အထိ နာကျင်မှုကိုခံစားနေရရှာသည်။ ယခင်က ခန္ဓာနှင့် စိတ်ရဲ့ နာကျင်မှုဒဏ်၊ ပင်ပန်းမှုဒဏ်များကို ခံနိုင်ရည်အလွန်ရှိခဲ့သော ဦးတိက္ခဥာဏသည် ခွဲခန်းဝင်ရသောဒုက္ခ၊ Dressing Change သောဒုက္ခများကို တညည်းညည်း၊ တငြူငြူနှင့် ခံစားချက်များကို ပြောပြတတ်နေရှာပြီ။
ကျွန်တော့်အနေဖြင့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မတီ၏အပြီးသတ်အစီခံစာကို အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သေချာစေ့ငုအောင် လေ့လာခဲ့ပြီး မျှတသောအစီခံစာတစ်စောင်ဟုတ် မဟုတ် ဥာဏ်စွမ်းရှိသမျှသုံးသပ်မိသောအခါ ထိုအစီရင်ခံစာ၌ပါသော အကြံပြုချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ၏၊ သည်မလွဲ လုပ်ဆောင်ပါက အလွန်ကောင်းမွန်ကာ နိုင်ငံအတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေမည်ဖြစ်သလို ထိုသို့လုပ်ဆောင်ချက်များကို အပြည့်အဝလုပ်ဆောင်စေရန် ပြည်သူများအနေနှင့် စောင့်ကြည့်ထိန်းမတ်ပေးသင့်သည်ဟု ညွှန်းထားကြောင်း ယုံကြည်မိပါသည်။ ထို့ကြောင့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို သဘောကျပါသည်။
တဖက်တွင်မူ မိမိခမည်းတော်ကြီး ဦးတိက္ခဥာဏ ခံစားနေရသောဒုက္ခဝေဒနာများကလည်း မျက်ဝါးထင်ထင်ရှိနေဆဲပင်ဖြစ်သည်။ ထိုခံစားချက်များ၊ ဒေါသများ၊ မကျေနပ်မှုများကိုမွေးမြူ၍ ပေါက်ကွဲနေပါကလည်း အကျိုးရှိမည်မဟုတ်နိုင်သဖြင့် ခမည်းတော်ကြီး ဦးတိက္ခဥာဏ၏ ကျန်းမာရေးလုံးဝပျောက်ကင်းသွားသည်အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိမိတို့မိသားစု ညှိနှိုင်းဆွေးနွေးအဖြေရှာရန်လိုအပ်ကြောင်း သဘောပေါက်မိပါသည်။
ထို့ကြောင့်ကျွန်တော့်သဘောဆန္ဒသည် ခမည်းတော် ဦးတိက္ခဥာဏအပါအဝင် မီးလောင်ဒဏ်ရာရသူများ၏ကျန်းမာရေးကို သက်ဆိုင်ရာကော်မတီက လုံးဝပျောက်ကင်း၊ သက်သာသည်အထိ အပြည့်အဝတာဝန်ယူစေရန် ညှိနှိုင်း၊ စောင့်ကြည့်နေမည်ဖြစ်သလို စီမံကိန်းနှင့်ပတ်သက်သော ကော်မတီ၏လုပ်ကိုင်ဆောင်ရွက်မှုအချက်အလက်များကိုလည်း တတ်အားသရွေ့၊ လက်လှမ်းမီသရွေ့ လေ့လာနေမည်ဖြစ်ပါသည်။
နိဂုံးချုပ်ဆိုရသော် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို လုံးဝထောက်ခံပါသည်။
နေသီဟ
မတ်လ၊ (၁၆)ရက်၊ ၂၀၁၃
စနေနေ့။

No comments:
Post a Comment