
ကျွန်မ ဘန်ကောက်
ရောက်တဲ့အခါတိုင်း ဆွမ်းတော်တင်ဖို့ အချိုတစ်မျိုးမျိုး ဝယ်တတ်ပါတယ်။ မေမေက
ဆွမ်းတော်ကပ်တိုင်း အချိုယိုအစုံ လှူတတ်တာကြောင့် ဝယ်ဖြစ်နေတာပါ။
ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရန်ကုန်၊ လေဟာပြင်လိုဈေးမျိုးမှာ
ခင်းကျင်းရောင်းတဲ့ဆိုင်ကို ကျွန်မ ရောက်သွားပါတယ်။ ယိုတွေက စုံတဲ့အပြင်
အမြည်းလည်း ပေးပါတယ်။
ပထမတော့ တစ်မျိုး နှစ်မျိုးလောက်သာ ကျွန်မ
မြည်းကြည့် ဖြစ်တယ်။ အားလုံး မြည်းကြည့်ရမှာက အားနာစရာကြီး ဖြစ်နေတာ ကိုး။
ခင်းကျင်းထားတဲ့အထဲက ကြိုက်မယ်ထင်တာလောက်သာ ကျွန်မ မြည်းပြီး
ဝယ်လေ့ရှိပါတယ်။
ရောင်းတဲ့ ယိုးဒယားသူလေးက
အသက်နှစ်ဆယ်ကျော်ကျော်လောက်ပဲ ရှိမှာပါ။ နောက်တော့ ဒီကလေးမလေးနဲ့
ခင်သွားပြီး သူ့ ဆိုင်မှာပဲ အမျိုးအမည်တော်တော်စုံစုံလေးမြည်းပြီး
ဝယ်ဖြစ်သွားတယ်။ ကလေးမလေးက ဖော်ရွေပြီး သွက်လက်တာကြောင့် သူ့ ဆိုင်မှာက
အမြဲလူစည်နေတာကို တွေ့ရစမြဲပါ။ ဝယ်သူတိုင်းကိုလည်း အင်မတန်
အလိုက်သိတတ်သူလေးပါ။
ဒီတစ်ခေါက် ကျွန်မ ဘန်ကောက်ရောက်တော့ သူ့ဆိုင်ကို သွားလိုက်ပါတယ်။ တွေ့တွေ့ချင်း ကျွန်မ လက်နှစ်ဖက်ကို အားရပါးရ ကိုင်ပြီး -
''အခု ကျွန်မ မြန်မာပြည်က ပြန်လာခဲ့ပြီ။
ဟိုရောက်မှ မြန်မာတွေ ခင်မင်ရင်းနှီးကူညီတတ်ပုံတွေကို သိခဲ့ရပြီး ကျွန်မ
မြန်မာတွေကို သိပ်ပြီး ချစ်သွားခဲ့တယ်'' လို့ အားရပါးရနှုတ်ဆက်ရင်း
ပြောပါတော့တယ်။ သြော် - သူကလေးတောင် မြန်မာပြည်ကို အ လည်
ရောက်ခဲ့ဖူးပြီကိုး။ ဒါနဲ့ ဘယ်လိုအဆက်အစပ်တွေနဲ့ မြန်မာပြည်ကို
ရောက်ခဲ့တာလဲဆိုတော့ သူက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။
''ဒီမှာ အစ်မက ယိုးဒယားစကား သင်ယူထားတာ
မဟုတ်တော့ ကျွန်မနဲ့ တော်ရုံတန်ရုံသာ စကားပြောခဲ့ကြတာကိုး။ အစ်မ မြန်မာ
မှန်းသိပေမယ့် မြန်မာလူမျိုးတွေအကြောင်း၊ မြန်မာပြည်အကြောင်းတွေ ကျွန်မ
သိခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ အရင်ကတည်း က အိမ်နီးချင်း နိုင်ငံမို့
စိတ်ဝင်စားနေမိခဲ့တာပါ'' လို့ အစချီပြီး ...
''ပြောရရင် အစ်မရယ်၊ ဒီမှာ ကျွန်မလိုပဲ
ဈေးရောင်းနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ကြတယ်။ အရွယ်ကလည်း
မတိမ်းမယိမ်း၊ လူလွတ်တွေလည်း ဖြစ်ပြန်တော့ ပိုပြီးခင်သွားကြတာပေါ့။ သူက
ကျွန်မလိုပဲ ဈေးရောင်းသူတစ်ယောက်ပါ။ တစ်နေ့ သူက သူဘန်ကောက်မှာ
ဈေးမရောင်းတော့ဘူး။ မြန်မာပြည်မှာရှိတဲ့ မိဘတွေဆီပြန်ပြီး အဲဒီမှာ
အလုပ်လုပ်မယ်ပြောတော့မှ သူ့ ကို မြန်မာမှန်း သိလိုက်ရတယ်။
သူက ဘန်ကောက်မှာ ယိုးဒယားစကားနဲ့ စာသင်ထားတာကြောင့် ယိုးဒယားစကားကို ပြောနိုင်တော့ အစက မြန်မာမှန်း မသိခဲ့ ဘူးပေါ့။
သူက မြန်မာပြည်ပြန်ခါနီး
မြန်မာပြည်လာလည်ဖို့ ဖိတ်ခေါ်သွားခဲ့ပြီး ဆက်သွယ်ရမယ့် လိပ်စာ၊
ဖုန်းနံပါတ်တွေပါ ပေးသွားခဲ့တယ်။ ဆက်ဆက်လာလည်ဖို့ တဖွဖွ မှာသွားတာနဲ့
ကျွန်မလည်း မနှစ်က နှစ်ကုန်ခါနီး ဆက်သွယ်ပြီး သွားလည်ဖြစ်သွားတယ်။
လေယာဉ်ကွင်းကို ကိုယ်တိုင်လာကြိုပြီး
အိမ်ကိုခေါ်သွား၊ အိမ်ကအိမ်သားတွေနဲ့ မိတ်ဆက်ပေး၊ မြန်မာထမင်းဟင်းစား
ဖွယ်သောက်ဖွယ်တွေအစုံကို မိခင်နဲ့အိမ်သားတွေကချက်ပြုတ်ကျွေးကြတယ်။ ကျွန်မက
အစားအသောက်မရွေးတာကြောင့် မြန်မာ စားစရာတွေ အားလုံးကလည်း ကျွန်မအတွက်
စားကောင်းနေတယ်။
ရန်ကုန်နေရာအနှံ့ လိုက်ပို့ပေးတဲ့အပြင်
မန္တလေး၊ ပုဂံ၊ ညောင်ဦးအထိ လိုက်ပို့ပေးပြန်တယ်။ နဂိုက တစ်ယောက်တည်း
သွားရတဲ့ အပြင် Tour ကုမ္ပဏီနဲ့လည်း မချိတ်ထားတော့ အခက်အခဲများ
ရှိလေမလားလို့ စိတ်ထဲတထင့်ထင့် ဖြစ်နေမိသေးတယ်။ သူငယ်ချင်း က လိုလေသေးမရှိ
အောင် တာဝန်ယူ လိုက်ပို့ပေးတာကြောင့် ကြည်နူးမဆုံးဖြစ်ခဲ့ရတယ်။
ကျွန်မအထူးဂရုပြုမိတာက မြန်မာတွေက
ဘာသာရေးကို လေးလေးနက်နက် ယုံကြည်ကိုးကွယ်နေသေးတာကို မြင်ရတာကြောင့် အထူးပဲ
ဝမ်းသာပီတိ ဖြစ်မိတယ်။ မြန်မာတွေက ရင်ထဲကပါပြီး လုပ်ကြတာကို တွေ့ရတယ်။
ဘုရားတရားကို ယုံကြည်တာကြောင့် သည်းခံစိတ်၊ စေတနာ၊ မေတ္တာ သူတစ်ပါးအပေါ်မှာ
ထားနိုင်ကြတယ်။ နယ်ရောက်တော့ ပိုပြီးသိသိသာသာ မြင်တွေ့ရတာကြောင့်
ကြည်နူးခဲ့ရတယ်။ စိတ်လည်း ချမ်းသာပြီး အေးချမ်းမှု ရတယ်'' လို့ သူက
ကျွန်မကို စီကာပတ်ကုံး ပြောပြပါတယ်။
''ဒါကိုတွေ့တော့ မြန်မာလူမျိုးတွေအတွက်
ကျွန်မ စိတ်ပူတာတစ်ခုတော့ရှိတယ် အစ်မရယ်'' လို့ဆက်ပြောနေပါတော့တယ်။ မြန်မာ
ကို ဒီလောက်အမွှန်း တင်ပြီးမှ ဘာကြောင့် စိတ်ပူသွားရတာပါလဲလို့
ကျွန်မကမေးတော့..
သူက ရှင်းပြပါတယ်။
''ကျွန်မတို့တိုင်းပြည်ကို နမူနာ ယူသင့်တယ်။ တိုင်းပြည်တိုးတက်လာတာနဲ့အမျှ
လောဘ၊ ဒေါသ၊ မောဟ စိတ်တွေက တက်လာကုန်ကြတယ်။ ကိုယ့်အတွက်၊
ကိုယ့်ကိုယ်ကျိုးသာ ကြည့်လာကြတယ်။ တစ်ကိုယ်ကောင်းဆန်လာကုန်ကြ တယ် အစ်မရယ်။
ဒီလို မဖြစ်စေချင်ဘူး။ တိုင်းပြည်က အချိန်ယူပြီး ဖြည်းဖြည်းတိုးတက်ရင်
ရတာပဲ။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်၊ တခြားအိမ်နီးချင်းနိုင်ငံတွေကို
လေ့လာသင့်တယ်။ အခုလို ချစ်စရာမြန်မာ ယဉ်ကျေးမှုဓလေ့တွေကိုတော့ ဆက်ထိန်းသိမ်း
ထားစေချင် တယ် အစ်မရယ်။ ကျွန်မတို့လို မဖြစ်စေချင်လို့ပါ'' လို့
ပြောနေရှာပါတယ်။
အဲဒီယိုးဒယားဈေးသည်လေးပြောတာကြားတော့
ကျွန်မနိုင်ငံခြားမှာ အလုပ်သွားလုပ်ရင်း သိကျွမ်းခဲ့တဲ့ ကျွန်မ သူငယ်ချင်း
နိုင်ငံခြား သား၊ နိုင်ငံခြားသူတွေ မကြာခဏ ပြောကြတာကို
ပြန်ကြားယောင်နေမိပါသေးတယ်။ ဟိုး လွန်ခဲ့တဲ့နှစ် နှစ်ဆယ့်ငါးနှစ်၊ နှစ်
အစိတ်လောက်ကတည်းကစပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ မြန်မာပြည်
သွားလည်ကြပြီး ပြန်လာတိုင်း ''သိပ်ပျော်တာပဲ၊ သိပ်ကြိုက်တာပဲ၊ သွားရလာရတာ
ခက်ခဲတဲ့ဒုက္ခက လွဲရင် အားလုံးကြိုက်တယ်'' လို့ ပြောကြစမြဲပါ။
တချို့ဆို ထပ်ထပ်ပြီး သွားဦးမယ်လို့
ပြောတော့ ဘာတွေကို သဘောကျတာများပါလိမ့်ဆိုပြီး ကျွန်မက မေးကြည့်မိပါတယ်။
သူတို့ က ''သဘာဝအလှ၊ လူတွေရဲ့ စိတ်နေစိတ်ထား၊ ယဉ်ကျေးမှု၊ ဘုရား
တရားကိုင်းရှိုင်းပုံ၊ ကူညီတဲ့စိတ်၊ စေတနာကောင်း ရှိကြ တာ တွေက ရှားတယ်''
တဲ့။
ကမ္ဘာမှာ ပြောင်းလဲခြင်း နိယာမတွေကြောင့်
အဆောက်အအုံ၊ လမ်းပန်းကအစ တိုးတက်မှု တွေ ရှိလာပေမယ့် ပြောင်းလဲပုံ ကတော့
သိပ်မကွာကြပါဘူး။ ကျွန်မတို့ တိုင်းပြည်က တံခါးသိပ်မဖွင့်ထားလို့ ဒီလို
ချစ်စရာဓလေ့လေးတွေ ကျန်နေတာ ဖြစ်ပါတယ်။
တံခါးပိတ်ထားခဲ့လို့ မ ကောင်းတာရှိသလို
ကောင်းတာ တွေလည်း ရှိပါတယ်။ သူများတွေက ခေတ်နောက်ကျပြီး ကျောက်ခေတ်
လို့ပြောပြော ဘယ်နိုင်ငံမှာမှ မြင်ရဖို့ မလွယ်တဲ့ အလှတရားတွေ ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခုလို ကိုယ့်နိုင်ငံကို ချီးမွမ်းပြောတာ ကြားရတော့
ကျွန်မ ပီတိဖြစ်ခဲ့မိတာ အမှန်ပါပဲ။
ဒါပေမယ့် မြန်မာပြည်ကို တစ်ခေါက်ထက်မက
လာလည်ဖူးသူအချို့ကတော့ ''ခင်ရယ်၊ မြန်မာပြည်က အံ့သြစရာ ကောင်းလောက်အောင်
ပြောင်းလဲသွားတာပါလား။ မှတ်တောင်မမှတ်မိလောက်အောင်ပါပဲ။ ခုလို
တိုးတက်ပြောင်းလဲ တာ မြင်တော့ ဝမ်းသာတယ်။ တိုးတက်တာ မြန်လွန်းရင်လည်း
စိုးရိမ်စရာ၊ စိတ်ပူစရာ တွေတော့ရှိတယ်။ အထူးသဖြင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊
စိတ်နေ သဘောထားတွေပေါ့'' လို့ ပြောသွားခဲ့တာကိုလည်း ကျွန်မ
ပြန်သတိရလိုက်မိပါတယ်။
မြန်မာလူမျိုးမဟုတ်တဲ့သူတွေတောင်
ဒီလိုမြင်ပြီး စိတ်ပူကြမယ်ဆိုရင် ကိုယ့်မြန်မာလူမျိုးတွေ ကိုယ်တိုင်က ဒါကို
အလေး အနက် ထားပြီး ဂရုစိုက် ထိန်းသိမ်းဖို့လိုနေပါပြီ။ ဒါဆိုရင်တော့ ထာဝရ
ချစ်စရာ မြန်မာအဖြစ်နဲ့ အဓွန့်ရှည်စွာ ရပ်တည်သွားနိုင်မှာ မလွဲ
ဧကန်ပါပဲလို့ ကျွန်မ ယုံကြည်မိပါ တယ်။
ဒေါက်တာ ခင်လက်ျာ
No comments:
Post a Comment