Saturday, March 16, 2013

သဘောသဘာဝကိုသိမှ

သဘောသဘာဝကိုသိမှ
လူတွေဟာ တစ်ခုခုကိုလိုချင်တယ်။ တစ်ခုခုကို ဖြစ်ချင်တယ်။ လိုချင်တိုင်း၊ ဖြစ်ချင်တိုင်းဖြစ်သလား။ လိုချင်တယ်ဆိုတာကဆန္ဒ။ ဆန္ဒဆိုတာက အဓိပတိ ၄ပါးမှာ တစ်ပါးအပါအဝင်။ အဓိပတိဆိုတဲ့ အကြီးမှူးဖြစ်တဲ့ တရား၎ ပါးမှာ တစ်ပါးပါးက ဦးဆောင်ဦးရွက်ပြုရင် ကျန်တဲ့တရား ၃ ပါးက လိုက်ပါဖြစ်ပေါ်တယ်တဲ့။ ဗုဒ္ဓဟောတာ။ ဆိုလိုတာက အဓိပတိတရား ၄ ပါးဟာ တစ်ပါးတည်းမရပ်တည်ဘူး။ တစ်ပါးတည်းနဲ့ကိစ္စတစ်ခုဖြစ်ပေါ်မလာနိုင်ဘူး။ အကျိုးတရားတစ်ခု ပေါ်ပေါက်မလာနိုင်ဘူး။ ကျန်တဲ့တရား ၃ ပါးလည်းညီညွတ်မျှတစွာ ပါဝင်ပေါင်းစပ်လာမှ အကျိုးသက်ရောက်မှု ဖြစ်ပေါ်မှာ။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ မြန်မာပြည်မှာ အများစုက ဘာသာရေး ကျင့်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်အဖြစ် နိဗ္ဗာန်ဆိုတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း မရှိတော့တဲ့သဘာဝဆီကို ရောက်ဖို့ ဆန္ဒပြုကြတယ်။ ဆန္ဒရှိကြတယ်။ ဒါပေမယ့် နိဗ္ဗာန်ရဲ့ သဘောသဘာဝအစစ်မှန်ကို သိကြရဲ့လား။ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ(ပါမောက္ခချုပ်) ရဲ့ တရားခွေမှာ ''လူတွေဟာ ဘဝတဏှာ အားကြီး ကြတယ်။ ဖြစ်နေရတာကို ကြိုက်ကြတယ်။ နိဗ္ဗာန်ဆိုတာ ဘာမှမဖြစ်တော့ဘူး။ အဲဒီသဘာဝအစစ်အမှန်ကို သိရင် နိဗ္ဗာန်ကို လိုချင်ကြတော့ပါ့မလား မသိ'' လို့နာဖူးတယ်။ (ဆရာတော်၏ စကားလုံးများ အတိအကျ မဟုတ်သော်လည်း သဘောတရားမှာ ဤသဘောအတိုင်း ဖြစ်ပါသည်။) နိဗ္ဗာန်ဆိုတာ ချမ်းသာမှုအစစ်လို့ ရှေးအစဉ်အဆက် မိဘဘိုးဘွားလက်ထက်ကတည်းက ကြားနာခဲ့ဖူးလေတော့ ချမ်းသာမှုဆိုရင် လိုချင်တတ်ကြတဲ့ လောဘသား လူတွေအဖို့ နိဗ္ဗာန်ဆိုတာကိုရလို၊ ရောက်လိုကြောင်း ဆန္ဒပြုကြတယ်။ နိဗ္ဗာန်ချမ်းသာကို ယခုလက်ရှိဘဝမှာ မြင်တွေ့နေရတဲ့အာရုံငါးပါးနဲ့ ထိတွေ့ခံစား၊ စံစားလို့ရတဲ့ ချမ်းသာမျိုးပဲလို့ ထင်ကြသူ များမယ်လို့ ထင်ပါတယ်။ တကယ့်ကို ဥာဏ်ပညာကြီးသူ၊ ကိုယ်ကျင့်ပြည့်စုံပြီး ဘာဝနာတရားကိုစိုက်လိုက်မတ်မတ် ကျင့်ကြံအားထုတ်သူမှသာ နိဗ္ဗာန်ရဲ့ သဘောသဘာဝ (ချမ်းသာခြင်းရဲ့ အစစ်မှန်သဘာဝ) ကို နားလည်ကြလိမ့်မယ်။ သာမန်အသိနဲ့မျှတော့ နားလည်နိုင်ဖို့ မလွယ်တဲ့ တရား။ ဒါပေမယ့် ဒါန၊ သီလ၊ ဘာဝနာ အစရှိသဖြင့် ကုသိုလ်မှုတွေ ပြုကြတဲ့
အခါ 'နိဗ္ဗာန ပစ္စယော ဟောတု'လို့ ဆန္ဒပြုကြတယ်။ နိဗ္ဗာန်ကိုရောက်စေခြင်းအလို့ငှာ အထောက်ပံ့ ဖြစ်ပါစေသတည်းပေါ့။ ကျွန်တော် နိဗ္ဗာန်ရောက်ကြောင်း တရားဟောတာ မဟုတ်ပါ။ တူညီနေတဲ့ သဘောတရားတစ်ခုကို ပြောလိုတဲ့အတွက် ဗုဒ္ဓဘာသာဝင် အများစုရှိနေတဲ့ မြန်မာပြည်သူများ နားလည်လွယ်စေဖို့ ဗုဒ္ဓတရားတော်ထဲက နိဗ္ဗာန်နဲ့ဆန္ဒကို ထုတ်ယူသုံးစွဲလိုက်ရတဲ့သဘောပါ။ ကျွန်တော် ပြောချင်တာက ဆန္ဒရှိရုံမျှနဲ့ မရဘူး။ မိမိဆန္ဒရှိသော အရာရဲ့ သဘောသဘာဝကို သိပြီးအဲဒီသဘော သဘာဝကို ဖြစ်စေသောအကြောင်းကိုပြုမှ ဆန္ဒပြုသောအရာ၊ သဘာဝဖြစ်ပေါ်လာမယ်ဆိုတာကို ပြောလိုရင်းပါ။
ကျွန်တော်တို့မြန်မာပြည်သူများလိုလားတောင့်တနေကြတဲ့ဆန္ဒရှိနေကြတဲ့  ဒီမိုကရေစီစနစ် ဆိုတာဟာလည်း နိဗ္ဗ္ဗာန်ကဲ့ဲ့သို့သောအရာပါပဲ။ နိဗ္ဗာန်နဲ့ ဒီမိုကရေစီ ညီမျှခြင်းချတာမဟုတ်ပါဘူး။ ချမ်းသာမှုကိုပေးနိုင်သောအရာလို့ ယုံမှတ်တတ်တဲ့နေရာမှာသဘာဝအားဖြင့်တူပါတယ်။ အနှစ်သာရတော့တခြားပေါ့ဗျာ။ ဒီမိုကရေစီဆိုတာ လောကီသ   ဘောအရ ချမ်းသာမှုကိုပေးစွမ်းနိုင်သောအရာ။ နိဗ္ဗာန်ဆိုတာကတော့ လောကီကို ကျော်လွန်တဲ့ဲ့လောကုတ္တရာ ချမ်းသာ ထားပါတော့။
ဒီကနေ့ ဒီမိုကရေစီ ဒီမိုကရေစီနဲ့ မြည်တမ်းနေကြသူတိုင်းဟာ ဒီမိုကရေစီရဲ့ သဘောသဘာဝကို အမှန်တကယ် သိကြပြီလား။ အမှန်တကယ်သဘောသဘာဝကိုသိပြီးမှဆန္ဒပြုကြတာလား။အများကဒီမိုကရေစီရရင်ချမ်းသာမှာဆိုလို့ လိုချင်ကြတာလား။ ကိုယ့်ကိုယ်ကိုသာမေးကြပါ။အမှန်တကယ်သဘာဝကိုမသိဘဲဆန္ဒပြုကြတယ်ဆိုရင်တော့ဆန္ဒကဆန္ဒပါပဲ။ ဆန္ဒလို့အမည်တပ်လို့ရရုံ ဆန္ဒ။ အကြီးမှူး သဘော၊ အဓိပတိသဘောသက်ရောက်တဲ့ ဆန္ဒမျိုးတော့ ဖြစ်လာမှာ မဟုတ်။ အဓိပတိသဘော မသက်ရောက်ရင် အဓိပတိတရားက အကျိုးပေးမယ့် အကျိုးရလဒ်လည်း ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။နိဗ္ဗာန်ရောက်ဖို့ဆိုတာဘဝဒုက္ခဆင်းရဲက လွတ်ဖို့။ဘဝဆိုတာရှိနေသရွေ့ သစ္စာလေးပါးထဲကဒုက္ခသစ္စာတွေ လာမှာမုချ။ဒီတော့ ဖြစ်ခြင်း၊ ပျက်ခြင်းတွေနဲ့သံသရာလည်နေတဲ့ ဘဝကို မဖြစ်အောင် ဘဝကို ဖြစ်စေတဲ့ လောဘ (တဏှာ) ကို ပယ်သတ်ရလိမ့်မယ်။ ဒါပေမယ့် နိဗ္ဗာန်ကို ရောက်ချင်ပါတယ်ဆိုတဲ့ လူတွေတဏှာကိုသတ်ကြပါရဲ့လား။သတ်ဖို့မပြောနဲ့။ချုပ်တီးမှု အဆင့်ကိုမှရောက်ကြပါရဲ့လား။ တဏှာနဲ့နိဗ္ဗာန်နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း။ဒီလိုဆိုရင် ဒီမိုကရေစီစနစ်ကို ရောက်ဖို့ဆိုတာ လူတွေကိုယ်တိုင်က ဒီမိုကရေစီအကျင့်ကိုကျင့်မှ။ ဒီမိုကရေစီအကျင့်ကိုကျင့်ဖို့ဆိုတာလည်းသိမှ။သဘောသဘာဝကိုသိပြီးကျင့်တဲ့အကျင့်မှသာလျှင် မိမိဆန္ဒပြုတဲ့ လိုလားတောင့်တ တဲ့ အရာကိုရမှာ။
ဒီမိုကရေစီ လိုချင်တယ်ပြောပြီး သားသမီးတွေကို ဆုံးမရာမှာ ဒီမိုကရေစီနည်း မကျရင် ဒီမိုကရေစီစနစ် မဖြစ်ထွန်းဘူး။ အမှန်တော့ ဒီမိုကရေစီစနစ်မှာ သားသမီးကို မိဘက ဆုံးမတာ မဟုတ်ပါဘူး။ သားသမီးရဲ့ သဘောဆန္ဒကို မိဘရဲ့ သဘောဆန္ဒနဲ့ ညှိနှိုင်းဆောင်ရွက်တာပါ။ သားသမီးအကျိုး၊ မိဘအကျိုး၊ မိသားစုအကျိုးအတွက် ကောင်းရာကောင်းကြောင်းတွေဖြစ်ဖို့ ဒီမိုကရေစီစနစ်နဲ့ညှိနှိုင်းဆောင်ရွက်ကြတာ။ဒီမိုကရေစီစနစ်ကိုကျွန်တော်တို့လူ့အဖွဲ့အစည်းတစ်ခုလုံး (မြန်မာပြည်သူပြည်သားအားလုံးပါဝင်)မှာထွန်းကားစေချင်တယ်ဆိုရင်မိမိရဲ့အိမ်၊မိမိရဲ့မိသားစုဘဝကစတင်အကောင်အထည်ဖော် ကြရမှာ။ ''ဟဲ့- နင်က အမေလား၊ငါက အမေလား'' ဆိုတဲ့ အမေးမျိုး၊အပြောအဆိုမျိုးဟာ အာဏာရှင်စနစ်က ပေါက်ဖွားလာတဲ့ အမူအကျင့်ပါ။ လူတစ်ဦးရဲ့ ဖြစ်တည်မှု၊လူတစ်ဦးရဲ့ သဘောသဘာဝကိုအသိအမှတ်မပြုတဲ့ အထက်အောက်ဆိုတဲ့ သဘော၊ မိဘနဲ့သားသမီးသဘော၊ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံသဘောနဲ့ ဆက်ဆံပြောဆိုကြတဲ့ သဘောထားဟာအာဏာရှင်ရဲ့ သဘောထားပါ။ ဒီမိုကရေစီကျင့်စဉ်နဲ့ ကျင့်သုံးမယ်ဆိုရင်တော့ သားသမီးဟာလည်းလူတစ်ယောက်ရဲ့ ဖြစ်တည်မှုပါလား၊ လူတစ်ယောက်ရဲ့ ထင်မြင်ယူဆပိုင်ခွင့်၊ ပြောဆိုခွင့် ရှိပါလားဆိုတာ အသိမှတ်ပြုရပါလိမ့်မယ်။''ကျုပ်တို့က စိုးရိမ်လို့ပြောတာတော်ရေ့'' လို့ နှုတ်လှန်မထိုးပါနဲ့။ စိုးရိမ်လို့ပြောတိုင်း အမှန်တရား ရောက်မယ်ထင်သလား။ ကိုယ့်ရဲ့ စိုးရိမ်မှုမှာရော၊ သိနားလည်မှု ဘယ်လောက်ပါဝင်သလဲ။ စိုးရိမ်နေရတဲ့အကြောင်းရာပေါ်မှာ ကိုယ်က ဘယ်လောက်ဗဟုသုတ ရှိသလဲ။ ဘယ်လောက်သဘောသဘာဝ အစစ်မှန်ကို သိနားလည်ထားသလဲဆိုတာတွေကိုပြန်စဉ်း စားပါ။ အမြဲတမ်း ကိုယ်ကချည်းပဲ လူတစ်ယောက်ရဲ့ ဘဝကို (သား သမီးတစ်ယောက်ရဲ့ဘဝကို) ချုပ်ကိုင်ထားနိုင်မလဲ။ အရွယ်ရောက်လာတဲ့အခါ ကိုယ်ပိုင်အသိဥာဏ်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ကိုယ်တိုင် တာဝန်ယူမှုတွေနဲ့ ဘဝကို လျှောက်လှမ်းကြမှာ။ကိုယ်က ကျန်နေရစ်ခဲ့မှာ။ ဒါမှမဟုတ် လောကထဲက အရင်ထွက်ခွာသွားရမှာ ဆိုတာရော သတိထားမိရဲ့လား။ အဲဒီလို အာဏာရှင်ဆန်ဆန် ပြုမူနေသရွေ့(ကိုယ်မွေးတဲ့ သားသမီးဖြစ်ပါစေ) လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ထိပါးနေသရွေ့ ဒီမိုကရေစီ မရနိုင်ပါဘူး။ ဒီမိုကရေစီရရင် ချမ်းသာမယ်ဆိုလို့လောဘနဲ့ ဆန္ဒပြုတာပဲ ရှိမယ်။ ကိုယ့်ရဲ့ကိုယ်ကျင့် အနှစ်သဘောက ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ကို ဆောင်ရွက်တာမျိုးဖြစ်နေတယ်ဆိုတာ သိနားလည်ဖို့ လိုပါတယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝကိုနားလည်မှ ကိုယ်ကျင့်ရမယ့် ဒီမိုကရေစီကိုယ်ကျင့်ကို ကျင့်နိုင်ကြမှာ။ ဒီမိုကရေစီကိုယ်ကျင့်ကို ကျင့်မှ ဒီမိုကရေစီစနစ်ဖြစ်လာမှာ။ ဒီမိုကရေစီရဲ့ သဘာဝအစစ်မှန်ကို နားမလည်ဘဲ ဆန္ဒပြုနေကြတာဟာ တဏှာတန်းလန်းနဲ့ တဏှာတွေ
ဆက်လက်ဝေဆာလျက်က နိဗ္ဗာန်ရောက်ရပါလို၏လို့ ဆန္ဒပြုနေတာတဲ့ တူကြောင်းပါ။
ဘကံ
 

No comments: